ဒေါ်လာ ၁ သန်းထိ ပေးရတဲ့ Tibetan Mastiff ခွေး
mmload.com
|
2024-04-24

တိဗက်ခွေးမျိုးစိတ်ဖြစ်တဲ့ Tibetan Mastiff ခွေးကတော့ အရွယ်အစား အတော်ကြီးတဲ့ ခွေးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး မျိုးစိတ်ဟု သတ်မှတ်ခံထားရပြီး ဟိမဝန္တာတောင်တန်းများတစ်လျှောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Mastiff အထီးတွေဟာ ပုခုံးအထိ အမြင့် ၂၆ မှ ၂၉ လက်မကြားရှိပြီး ကိုယ်အလေးချိန်မှာ ပေါင် ၉၀ မှ ၁၅၀ ဝန်းကျင် ရှိပါတယ်။ Mastiff ခွေးအမတွေကတော့ အထီးတွေထက် အရွယ်အစား ပိုသေးကြပြီး ပျမ်းမျှအမြင့် ၂၅ လက်မ နဲ့ အလေးချိန် ပေါင် ၁၀၀ ဝန်းကျင် ရှိကြပါတယ်။ Tibetan Mastiff ခွေးတွေဟာ အခြားခွေးမျိုးစိတ်တွေထက် တော်တော်ကြီးတဲ့ အရွယ်အစားကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။


ဒီခွေးတွေဟာ စနစ်တကျ လေ့ကျင့်ပေးပါက လူတွေနဲ့ လိုက်လျောညီထွေ နေတတ်ပြီး သစ္စာရှိတဲ့ ခွေးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဉာဏ်ရည်ထက်မြက်ပြီး ခင်တွယ်တတ်တဲ့ Tibetan Mastiff ခွေးလေးတွေဟာ သူတို့ကို အန္တာရာယ်ပြုတဲ့အခါမှသာ ရန်လိုတဲ့ အရိပ်အယောင် ပြတတ်ကြပါတယ်။ နီညိုရောင် ၊ အညိုရောင် ၊ အညိုဖျော့ရောင် ၊ အနက်ရောင် ၊ မီးခိုးရောင် အထိ အမွေးအရောင် အမျိုးမျိုးရှိနိုင်ပြီး ခြင်္သေ့ခေါင်းလို ထူပိန်းတဲ့ အမွေးတွေ‌နဲ့ မျက်နှာ ရှိပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါရှိတဲ့ အမဲသား ၊ ကြက်သား ၊ ကြက်ဆင် ၊ သိုး ၊ ဘဲ ၊ ဥ နဲ့ ငါးအမျိုးမျိုး တို့ကို အဓိက စားသုံးကြပြီး Tibetan Mastiff တို့မတ်တပ်ရပ်ပါက လူတစ်ရပ်ထိ မြင့်ကြပါတယ်။


ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ နူးအိနေတဲ့ အမွေးရှည်တို့ရှိတဲ့ Tibetan Mastiff ခွေးဟာ ကမ္ဘာပေါ်က အရှားပါးဆုံး နဲ့ တန်ဖိုးအကြီးဆုံး ခွေးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Mastiff ခွေးတစ်ကောင်ဟာ အနည်းဆုံး ဒေါ်လာ ၂၀၀၀ တန်ဖိုး ရှိကြပြီး လူချမ်းသာတို့ရဲ့ အချစ်ခံ သတ္တဝါလေးပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ၁၀ နှစ် မှ ၁၂ နှစ်ကြား ရှင်သန်လေ့ရှိပြီး သူတို့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် ကျန်းမာရေး ပြဿနာများ မကြာခဏ ဖြစ်တတ်ပါတယ်။ ‌စနစ်တကျ လေ့ကျင်ပေးပါက အမိန့်နာခံတတ်တဲ့ Tibetan Mastiff ခွေးတွေဟာ အများဆုံး ဒေါ်လာ ၁ သန်းဝန်းကျင်ထိ တန်ဖိုးရှိပါတယ်။



#ခန္ဓာကိုယ်
#ဒေါ်လာ
#မီးခိုး
#အလေးချိန်
#ခွေးမျိုးစိတ်

Some text some message..