တစ်ခါမှ စစ်မဖြစ်ဖူးတဲ့ San Marino နိုင်ငံရဲ့ ထူးခြားချက်များ
mmload.com
|
2024-04-30

ဥရောပနိုင်ငံ တောင်ပိုင်းရှိ အီတလီနိုင်ငံ ၊ Emilia Romagna နဲ့ Marches ဒေသတွေကြား နယ်နိမိတ် နဲ့ Rimini က Adriatic ကမ်းရိုးတန်းမှ ဆယ်ကီလိုမီတာ ( ခြောက်မိုင် ) ခန့်အကွာမှာ တည်ရှိတဲ့ San Marino ဟာ Apennine တောင်တန်းရဲ့ အစိတ်အပိုင်း တောင်ကုန်းမြင့်ပေါ်မှာ တည်ဆောက်ထားတဲ့ နိုင်ငံငယ် တစ်ခုပဲ ဖြစ်ပါတယ်။ San Marino နိုင်ငံရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ Monte Titano တောင်ထိပ်ဟာပင်လယ်ရေမျက်နှာပြင်အထက် ၇၄၉ မီတာ ( ၂၄၅၇ ပေ ) မြင့်ပါတယ်။ နိုင်ငံများ ပတ်ပတ်လည် ဝန်းရံထားပြီး ‌သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ နိုင်ငံထူထောင်ခဲ့တဲ့ San Marino ဟာ နိုင်ငံကြီးဝန်းရံထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ် ၃ နိုင်ငံထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။


ဒါအပြင် ဗာတီကန်စီးတီး နဲ့ မိုနာကို ပြီးနောက် ဥရောပက တတိယ အသေးဆုံး နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပဉ္စမအသေးဆုံး နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တရားဝင် ဆန်မာရီနိုသမ္မတနိုင်ငံ လို့ ခေါ်ပြီး ကမ္ဘာပေါ်က အသာယာဆုံး နိုင်ငံဟုလည်း လူသိများ ထင်ရှားပါတယ်။ ဒါတင်မကသေးဘဲ ဆန်မာရီနိုဟာ ကမ္ဘာပေါ်က ရှေးအကျဆုံး အချုပ်ခြာအာဏာပိုင်နိုင်ငံ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သက်တမ်းအရှည်ဆုံးနိုင်ငံ လို့လည်း အခိုင်အမာ ဆိုလို့ ရပါတယ်။ အီတလီဘာသာစကားကို အဓိက အသုံးပြုကြပြီး နိုင်ငံရဲ့ ဧရိယာအကျယ်အဝန်းဟာ ၂၃.၆၃ စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။ San Marino နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေမှာ စက်မှုလုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်း ၊ လက်လီရောင်းချမှု လုပ်ငန်း ၊ ခရီးသွားလာရေးလုပ်ငန်းတို့ ဖြစ်ပါတယ်။


အများအားဖြင့် စိုစွတ်တဲ့ အပူပိုင်းဒေသရာသီဥတုမျိုး ရှိပြီး အီတလီကျွန်းဆွယ်အလယ်ပိုင်းရဲ့ ထုံးစံအတိုင်း ပူပြင်းတဲ့ရာသီဥတု နဲ့ အေးမြတဲ့ ဆောင်းရာသီတို့ ရိုက်ခတ်လျက် ရှိပါတယ်။ အမြင့်ပေ ၄၀၀ မှ ၅၀၀ မီတာ ( ၁၃၀၀ မှ ၁၆၀၀ ပေ ) အထက် ကုန်းမြင့်ဒေ‌သတွေမှာ ဆောင်းရာသီတွင် ဆီးနှင်းများ ထူထပ်ပြီး လေပြင်းများ တိုက်ခိုက်လေ့ ရှိပါတယ်။ လူသိနည်းတဲ့ San Marino နိုင်ငံရဲ့ ထူးခြားချက်နောက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲ့တာကတော့ San Marino နိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်ခါမှ စစ်မဖြစ်ဖူးတဲ့ နိုင်ငံ ဖြစ်တဲ့အပြင် ဆင်းရဲသားမရှိတဲ့ အေးချမ်းတဲ့ နိုင်ငံထဲက တစ်နိုင်ငံ အပါအဝင်ပဲ ဖြစ်ပါတယ်။ တောတောင်ရေမြေ ကြွယ်ဝစွာ ပါရှိတဲ့ ကမ္ဘာ့အသာယာဆုံးနိုင်ငံလေး San Marino ကို အခါအခွင့်ကြုံရင်တော့ တစ်ခါလောက် သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။



#ဘာသာစကား
#ဥရောပ
#ရာသီဥတု
#ကမ်းရိုးတန်း
#SanMarino

Some text some message..