
Lowland anoa လို့ခေါ်တဲ့ ကျွဲမျိုးစိတ်ကတော့ သိပ္ပံနာမည် Bubalus depressicornis လို့ခေါ်ပြီး Sulawesi ကျွန်းမှာ ပေါက်ဖွားတဲ့ ကျွဲမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ Bubalus စုက ဆင်းသက်လာတဲ့ မျိုးကွဲ anoa မျိုးစိတ် နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး အကောင်အရွယ်အစားကတော့ မျိုးစိတ်တူ mountain anoa ထက် အရွယ်အစား အနည်းငယ် ပိုကြီးပါတယ်။ Lowland anoa အပါအဝင် anoa မျိုးစိတ်တွေကို အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းနဲ့ အနီးအနားက Buton ကျွန်း စတဲ့ လူသူကင်းရှင်းတဲ့ မိုးသစ်တော တဝိုက်မှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။

အရွယ်ရောက်ပြီးတဲ့ မြေနိမ့်ပိုင်း anoa ကျွဲတစ်ကောင်ရဲ့ ပျမ်းမျှ ပုခုံးအထိအမြင့်မှာ ၉၀ စင်တီမီတာ ( ၃၅ လက်မ ) ကျော် ရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၅၀ မှ ၃၅၀ ကီလိုဂရမ် ( ပေါင် ၃၃၀ မှ ၆၆၀ ပေါင် ) ဝန်းကျင် ရှိကြပါတယ်။ အခြားကျွဲမျိုးစိတ်တွေနဲ့ယှဉ်ရင်တော့ Lowland anoa ဟာ သေးငယ်တဲ့ ကျွဲမျိုးစိတ် ဖြစ်ပြီး ပုံမှန်ကတော့ အလယ်အလတ်ကြီးတဲ့ ကျွဲမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ရှိတဲ့ Lowland anoa ကျွဲတွေဟာ ထူးခြားပြီး ချွန်ထက်နေတဲ့ ဦးချိုတို့ ပါရှိကြပါသေးတယ်။ ဒီမီးခိုးရောင် တြိဂံအချွန် ဦးချိုပုံသဏ္ဍာန်ဟာ မြေနိမ့်ပိုင်း anoa ကျွဲတို့ရဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။ လူသူကင်းပြီး တိတ်ဆိတ်တဲ့ တောတောင်တွေမှာ တစ်ကောင်းတည်း သို့မဟုတ် အုပ်စုငယ်တို့နဲ့ နေထိုင်ကြတာကြောင့် Lowland anoa တို့ရဲ့ အချက်အလက်တော်တော်များများကိုတော့ အတိအကျ မသိရှိကြပါဘူး။

ပျမ်းမျှဘဝသက်တမ်းမှာ နှစ် ၂၀ မှ ၃၀ အထိ ရှင်သန်နိုင်ကြပြီး လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်တော့မယ့် ရှားပါးကျွဲမျိုးစိတ်ပဲ ဖြစ်ပါတယ်။ Lowland anoa တွေဟာ ဒေသခံတွေရဲ့ စည်းကမ်းမဲ့အမဲလိုက်ခြင်း ၊ ဦးချိုတို့ကို စီးပွားဖြစ် ရောင်းချခြင်းတို့ကြောင့် အကောင်အရေအတွက် များစွာ လျော့နည်းခဲ့ပါတယ်။ ဒီလို ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၁၉၆၀ ခုနှစ်များကတည်းက မျိုးသုန်းလုနီးပါး ဖြစ်ခဲ့ပြီး Lowland anoa အရေအတွက်မှာ အကောင်ရေ ၅၀၀၀ အောက် လျော့နည်းခဲ့ပါတယ်။ ဒါကြောင့် အာဟာရ ကြွယ်ဝစွာ ပါတဲ့ အသားနဲ့ ထူးခြားတဲ့ ဦးချိုတို့ကြောင့် မျိုးသုန်းပျောက်ကွယ်တော့မယ့် Lowland anoa တွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။