ပင့်ကူခြေလက်တွေနဲ့ ခေါင်းနက်ပင့်ကူမျောက်တွေရဲ့ ထူးခြားချက်‌တွေ
mmload.com
|
2024-06-02

Black-headed spider monkey ဟာ မြန်မာလိုအခေါ် ခေါင်းနက်ပင့်ကူမျောက်လို့ ခေါ်ပြီး အမေရိကတိုက် တောင်ပိုင်း နဲ့ အလယ်ပိုင်းတို့မှာ တွေ့ရတဲ့ မျောက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီမျောက်မျိုးစိတ်ကို ‌၁၈၆၆ ခုနှစ်မှာ ဗြိတိသျှ သတ္တဗေဒပညာရှင် John Edward Grey က စတင် တရားဝင်ဖော်ပြခဲ့ပါတယ်။ သိပ္ပံနာမည်မှာ Ateles fusciceps လို့ခေါ်ပြီး သစ်ပင် ၊ သစ်ကိုင်းတွေမှာ အဖွဲ့လိုက် နေထိုင်တတ်တဲ့ မျောက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Ateles fusciceps တွေကို ကိုလံဘီယာ ၊ အီကွေဒေါ နဲ့ ပနားမားတို့က ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၀၀ မှ ၁၇၀၀ မီတာ မြင့်တဲ့ အပူပိုင်းသစ်တော နဲ့ စိုစွတ်သစ်တောတွေမှာ ကျယ်ပြန့်စွာ တွေ့ရလေ့ ရှိပါတယ်။ 


ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပြီး ရှည်လျားတဲ့ အမြီးရှည် နဲ့ ခြေတံလက်တံရှည်တို့ ပါရှိပါတယ်။ ဒါကြောင့် ရုတ်တရက် ကြည့်လိုက်ရင် ပင့်ကူတစ်ကောင်လို အရောင်နက်နက် ပျော့ပျော့ပျောင်းပျောင်း ဖြစ်နေပါတယ်။ အရွယ်ရောက်ပြီးတဲ့ ခေါင်းနက်ပင့်ကူမျောက်တစ်ကောင်ရဲ့ အမြီးမပါဘဲ ပျမ်းမျှခန္ဓာကိုယ်အရှည်မှာ ၃၉.၃ မှ ၅၃.၈ စင်တီမီတာ ( ၁၅.၅ မှ ၂၁.၂ လက်မ ) ကြား ရှိပါတယ်။ ဒီမျောက်တွေရဲ့ အမြီးဟာ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအရှည်ထက်တောင် ပိုရှည်ပြီး ပျမ်းမျှ အမြီးအရှည်မှာ ၇၁ မှ ၈၅.၅ စင်တီမီတာ ( ၂၈ မှ ၃၃.၇ လက်မ ) တောင် ရှည်ပါတယ်။ အမတွေထက် အ‌ထီးတွေက အကောင်အရွယ်အစား ပိုကြီးကြပြီး ပျမ်းမျှ ၁၈ ပေါင်ဝန်းကျင် ရှိပါတယ်။ 


Black-headed spider monkey တွေဟာ အသီးအနှံတွေကို အဓိကစားသုံးကြပြီး အရွက် ၊ အခွံမာသီး ၊ အစေ့အဆန် ၊ အခေါက် နဲ့ အင်းဆက် ပိုးမွှားတွေအပြင် ငါးအချို့ကိုပါ စားသုံးနိုင်ပါသေးတယ်။ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ကြပြီး သစ်ပင် ၊ သစ်ကိုင်းတွေပေါ်မှာ အကောင် ၁၅ ကောင် ၊ ၂၀ ကောင် အစုလိုက် အဖွဲ့လိုက် နေထိုင်တဲ့ ချစ်စရာ မျောက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ခေါင်းနက်ပင့်ကူမျောက်ရဲ့ အမြင့်ဆုံး စံချိန်တင် ဘဝသက်တမ်းမှာ ၂၄ နှစ်ကျော်ရှိပြီး သွက်လက်ကျန်းမာတဲ့ မျောက်တွေပဲ ဖြစ်ပါတယ်။ ခေါင်းနက်ပင့်ကူမျောက်တွေရဲ့ ဦးနှောက်ဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ လူတွေရဲ့ လွဲမှားတဲ့ အယူအဆကြောင့် ‌ခေါင်းနက်‌ပင့်ကူမျောက်များစွာ သေဆုံးခဲ့ပြီး လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်ဖို့ အပြင်းအထန်အန္တာရာယ်ရှိနေတဲ့ ရှားပါး မျောက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 



#သစ်ပင်
#ပင့်ကူ
#မျောက်မျိုးစိတ်
#ခန္ဓာကိုယ်
#အင်းဆက်

Some text some message..