
အနက်ရောင် နှင့် အညိုရောင်အကွက်တွေရှိနေတဲ့ ဒီပန်သာတွေဟာ ကျားသစ်ဒါမှမဟုတ် ကျားတွေနှင့်တူညီတဲ့ပုံရိပ်တွေရှိပါတယ်။ သူတို့ဟာတစ်ခြားမျိုးစိတ်တွေနှင့်မတူဘဲ အနက်ရောင်အသွင်အပြင်ရှိနေတာကြောင့်နာမည်ကြီးကြပါတယ်။ ဒီလိုအနက်ရောင်ဖြစ်ရခြင်းဟာ ထူထဲတဲတောအုပ်တွေမှာနေထိုင်ရတာအဆင်ပြေအောင်လို့ မျိုးရိုးဗီဇအရတစ်ဖြေးဖြေးပြောင်းလဲလာတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ အာရှ အာဖရိကနှင့် အမေရိကတွေမှာပဲတွေ့ရတဲ့ ဒီအကောင်တွေဟာမြင်ရခဲတဲ့တောတွင်းသတ္တဝါတွေဖြစ်ပါတယ်။

သူတို့ဟာအမဲလိုက်ရာမှာကိုယ်ပျောက်အမဲလိုက်ခြင်းနည်းကိုအသုံးပြုကြလေ့ရှိပါတယ်။ သူတို့ရဲ့အနက်ရောင်အသားအရေနှင့် အနံ့ခံကောင်းမွန်မှု အမြင်အာရုံကောင်းမွန်မှုတွေကိုအသုံးချပြီးတော့ အမဲလိုက်ကြလေ့ရှိပါတယ်။ ဒါ့အပြင်တစ်ခြားကျားသစ်တွေလိုပဲ ပန်သာတွေဟာအတော်လေးကိုလျင်မြန်ပြီးတော့သန်မာကြပါတယ်။ မြေပြင်ပေါ်ကတိရစ္ဆာန်တွေကိုပဲအမဲလိုက်ကြလေ့ရှိပေမဲ့ တစ်ခါတစ်လေမှာ သစ်ပင်ပေါ်ကအကောင်တွေကိုပါအမဲလိုက်တတ်ကြပါတယ်။

သူတို့ဟာပုံမှန်အားဖြင့်တစ်ကောင်တည်းနေရတာကိုပိုသဘောကျကြပြီးတော့ မိတ်လိုက်ရာသီမှသာတစ်ခြားကောင်တွေနှင့်အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ မိတ်လိုက်ပြီးသွားတာနှင့် အထီးနှင့်အမဟာသီးသန့်စီခွဲနေကြပြီးတော့ အမတွေကပဲကလေးတွေကိုပြုစုကြတာပါ။ ပုံမှန်အားဖြင့် ပန်သာတွေဟာ သုံးလလောက်ကိုယ်ဝန်ဆောင်ကြပြီးတော့ တစ်ခါမွေးရင်နှစ်ကောင်ကနေ သုံးကောင်လောက်အထိမွေးနိုင်ကြပါတယ်။ ပန်သာတွေဟာထိပ်တန်းရှားပါးစာရင်းမှာပါဝင်နေပြီးတော့ အပူတပြင်းထိန်းသိမ်းကာကွယ်ပေးဖို့လိုအပ်တဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။