
လူအများစုဟာ ခရီးထွက်ဖြစ်ရင် ခရီးထွက်တဲ့နေရာမှာပဲ ဒေသခံနေရာနှင့်သက်ဆိုင်တဲ့အရာတွေမှာ ငွေကြေးတွေအမြောက်အများသုံးစွဲကြပါတယ်။ ဒေသအလိုက်အစားအစာ အထင်ကရနေရာတွေ ဝတ်စားဆင်ယင်မှုတွေမတူညီတာကြောင့် ခရီးသွားတွေအသွားများကြတဲ့ တစ်ချို့မြို့တွေဟာဆိုရင် မြို့ရဲ့ဝင်ငွေတစ်ဝက်နီးပါးကို ခရီးသွားလာမှုကနေပဲရလေ့ရှိပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်ပြီးတော့ ကြွယ်ဝချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဒူဘိုင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားအများဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံဟာ ရေနံကိုအမှီပြုပြီးချမ်းသာလာတာဖြစ်ပေမဲ့ အခုချိန်မှာတော့ ခရီးသွားလုပ်ငန်းကနေပါ ကြီးမားတဲ့အကျိုးအမြတ်တွေရနေပါတယ်။ ဒူဘိုင်းဟာ အရင်ကသဲကန္တာရသာသာပဲဖြစ်ခဲ့ပေမဲ့ အစိုးရရဲ့အမြော်အမြင်ကောင်းမှုနှင့် စီမံတတ်မှုတွေကြောင့် ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ အဆောက်အအုံတွေ အထင်ကရနေရာတွေဖန်တီးပေးခဲ့ပါတယ်။
ခရီးသွားတွေ မျက်စိကျစရာဖြစ်ပြီး ဒူဘိုင်းနိုင်ငံမှာပဲတွေ့နိုင်တဲ့ ရွှေထုတ်စက်တွေ ဒူဘိုင်းမှာပဲ တွေ့မြင်နိုင်တဲ့အမြင့်ဆုံးမိုးမျှော်တိုက်တွေ အပါအဝင် အနုစိတ်ဖန်တီးထားတဲ့ ထူးခြားအဆောက်အအုံတွေကိုတည်ဆောက်ခဲ့ပါတယ်။ ဒါ့အပြင်ကမ္ဘာ့ထိပ်တန်းနာမည်ကြီးဘရန်းတွေအားလုံးပါဝင်နေတဲ့ ရှော့ပင်းမောလ်ကြီးတွေ ကမ္ဘာ့အနှံ့ကအစားအသောက်မျိုးစုံတွေကို မြို့အတွင်းမှာ တည်ဆောက်ထားတာကြောင့် ဒူဘိုင်းမြို့ဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ လေးဆယ်ဘီလီယံကျော် ကိုခရီးသွားတွေဆီကနေရယူနိုင်တယ်လို့ စာရင်းတွေမှာဖော်ပြထားပါတယ်။ ဒီစာရင်းဟာခန့်မှန်းခြေသာဖြစ်ပြီးတော့ တစ်ကယ့်သုံးစွဲမှုဟာ ဒီထက်ပိုပြီးများနိုင်မယ်လို့ ယူဆနိုင်ပါတယ်။