၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၈% နီးပါးရှိပြီး ယခင်နှစ်ထက် ကျဆင်း
edge.com.mm
|
2024-06-11

စနစ်သစ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ယနေ့ ဇွန်လ (၁၁) ရက်နေ့၊ နံနက် (၆) နာရီ၌ တပြေးညီ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ 

၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး ရှိပါသည်။ ထို့ကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၇.၉၀% ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါသည်။ 

၂၀၂၃ ခုနှစ်၊ စနစ်ဟောင်း၏ နောက်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ ၁၆၁၈၅၀ ဦးရှိပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇.၈၇% ရှိခဲ့ပါသည်။ ယမန်နှစ်နှင့်ယှဉ်လျှင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လာရောက်ဖြေဆိုသူဦးရေ လျော့နည်းသွားသလို အောင်ချက်ရာခိုင်နှုန်းမှာလည်း ၉.၉၇% အထိ ကျဆင်းသွားပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်စာရင်းကို Grade A၊ B ခွဲပြီး ထုတ်ပြန်ကြေညာမည်ဟု သတင်းမှားများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့မှာမူ ယခင်စနစ်ဟောင်းအတိုင်း အမှတ်စာရင်းဖြင့်သာ ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမရသည့် ကျောင်းသား၏ ဘာသာစုံအမှတ်ပေါင်းမှာ ၅၅၇ မှတ်ဖြစ်ကြောင်း သိရပါသည်။






#ကျောင်းသား
#စာမေးပွဲ
#ဌာန
#တက္ကသိုလ်
#ဧပြီလ

Some text some message..