
ဂျပန်မှာ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၄) ဦးသည် အာလူးကြွပ်ကြော်အစပ်ထုပ် စားပြီး ဇူလိုင်လ (၁၆) ရက်နေ့၊ အင်္ဂါနေ့တွင် ဆေးရုံရောက်ခဲ့ကြောင်း BBC သတင်းဌာနမှ သိရသည်။
ကျောင်းသား ၃၀ ခန့်သည် အလွန်ပူပြီးစပ်သော အာလူးကြော်အထုပ်ကို စားသုံးခဲ့ကြပြီး ၎င်းသရေစာကို ကျောင်းသားတစ်ဦးမှ ကျောင်းသို့ ယူဆောင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကျောင်းသားတစ်ဦးသည် အာလူးကြော်အစပ်ထုပ်ကို ကျောင်းသို့ ယူဆောင်လာပြီး သူငယ်ချင်းများနှင့်အတူ အပျော်သဘောသက်သက်ဖြင့် ဝေမျှစားခဲ့ခြင်းဖြစ်ပါသည်။
ကျောင်းသားအယောက် ၃၀ ခန့်သည် ၁၈ နှစ်အထက်များသာ စားသုံးသင့်သည့် သရေစာများဟု တံဆိပ်တပ်ထားသော အာလူးကြော်အစပ်ကို စားသုံးနေကြကြောင်း ကျောင်းသားတစ်ဦးမှ ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။ အလွန်စပ်သော အဆိုပါ အာလူးအကြွပ်ကြော်ကို စားသုံးခြင်းကြောင့် ကျောင်းသား တစ်ဒါဇင်ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဂျပန်ရဲတပ်ဖွဲ့ဝင်များမှ သိရပါသည်။
တိုကျိုမြို့ရှိ Rokugo Koka အထက်တန်းကျောင်းတွင် အင်္ဂါနေ့ နေ့လည်စာစားချိန်၌ အာလူးကြော်အစပ်ထုပ်စားခဲ့သည့် ကျောင်းသားအယောက် (၃၀) အနက် မိန်းကလေး ၁၃ ဦးနှင့် ယောက်ျားလေးတစ်ဦးသည် ပျို့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ခံတွင်းပူစပ်ခြင်း ဝေဒနာများကို ဆိုးရွာစွာခံစားခဲ့ရပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း မြို့တော်မီးသတ်ဌာနနှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့ကို ကိုးကား၍ Japan Today မှ ပြောကြားခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများသည် ဝေဒနာအပြင်းအထန် ခံစားခဲ့ရပြီး ဆေးရုံပို့ချိန်တွင် သတိလစ်နေခဲ့ကြပါသည်။
ထိုသရေစာမုန့်ပြုလုပ်သည့်ကုမ္ပဏီ Isoyama Corp မှ အဆင်မပြေမှုများနှင့်ပတ်သက်ပြီး တောင်းပန်ကြောင်းနှင့် "နေမကောင်းဖြစ်နေသူများ အမြန်ပြန်ကောင်းလာစေရန် အထူးမေတ္တာရပ်ခံအပ်ပါသည်" ဟု အဆိုပါဖြစ်စဉ်အတွက် ထုတ်ပြန်ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ဝဘ်ဆိုဒ်တွင်လည်း ၎င်းတို့၏ အလွန်အမင်းစပ်သော R 18+ သရေစာအကြော်ထုပ်များကို စားသုံးခြင်းမှ တားမြစ်ထားပြီး အစပ်ကြိုက်သောသူများအနေဖြင့်လည်း သတိထားစားသုံးရန် တိုက်တွန်းထားပါသည်။
အကြွပ်ကြော်များသည် "အလွန်စပ်သောကြောင့် သင့်အား နာကျင်စေသည်" ဟု သတိပေးထားပြီး သွေးတိုးရှိသူများ၊ အစာအိမ်အားနည်းသူများ အထူးရှောင်ရှားသင့်ပါသည်။ ထို့အပြင် ကိုင်တွယ်သည့်အခါတွင်လည်း လက်ချောင်းများ ပြတ်သကဲ့သို့ ပူစပ်ပြီး နာကျင်စေနိုင်သောကြောင့် သတိထားကိုင်တွယ်ရန်နှင့် တစ်ယောက်တည်းစားပါက ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည်ဟု ကုမ္ပဏီက ဖော်ပြခဲ့သည်။
အဆိုပါ အာလူးကြော်ကို ကမ္ဘာ့အပူဆုံး ငရုတ်သီးဟု ယူဆရသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ထွက်သည့် ငရုတ်ကောင်း အစပ်တစ်မျိုး (Bhut Jolokia) ဖြင့် ပြုလုပ်ထားကြောင်း သတင်းရင်းမြစ်များမှ သိရသည်။ Bhut Jolokia သည် Ghost peppers ဖြစ်ပြီး Tabasco ဆော့စ်ထက် အဆ ၂၀၀ ခန့် ပိုပြီး ပူစပ်ပါသည်။
Isoyama Corp သည် အာလူးကြော်အစပ်ထုပ်များကို ၂၀၁၃ ခုနှစ်ကတည်းက ရောင်းချခဲ့ပြီး ၎င်းသည် ကုမ္ပဏီ၏ ၁၈+ အစားအစာစီးရီးတွင် လူသိများသည့် အထင်ကရထုတ်ကုန်တစ်ခုဖြစ်ကြောင်း Newsweek မှ ပြောကြားခဲ့သည်။
ကျောင်းသား/ကျောင်းသူ ၁၄ ယောက်သည် အရေးပေါ်အခြေအနေဖြင့် ဆေးရုံတက်ခဲ့ရသော်လည်း ကုသမှုခံယူပြီးနောက် ရောဂါသက်သာသွားသည့်အတွက် ဆေးရုံတက်ပြီး နောက်ရက်မှာတင် ဆေးရုံပြန်ဆင်းခွင့်ရခဲ့ပါသည်။