သီချင်းတွေနဲ့မြိုင်တဲ့ ပိတောက်ကတဲ့ ဂီတ
mmtimes.com
|
2020-03-11



သီချင်းတွေနဲ့မြိုင်တဲ့ ပိတောက်ကတဲ့ ဂီတ


စိုင်းစိုင်းကတော့ စိုင်းစိုင်းပါပဲ။

အော်လန်တို့ရဲ့ နိုင်ငံမှာ လူတွေကိုလွှမ်းမိုးမှုအရှိဆုံးသူတွေထဲမှာ စိုင်းစိုင်းကလည်း တစ်ဦးအပါအဝင်ပါ။

အခုလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုဖြစ်တဲ့"ပိတောက်ကတဲ့ ဂီတ" ဇာတ်ကားထွက်လာပြန်ပါပြီ။ သူ့ရဲ့နဂိုရှိပြီးသား အရှိန်အဝါကြောင့်ပဲ ဇာတ်ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မကြည့်မဖြစ်တဲ့ ဇာတ်ကားတစ်ကားလို့ယူဆတာကြောင့် အော်လန်တစ်ယောက် ရုပ်ရှင်ရုံဆီကို ချီတက်ဖြစ်ခဲ့ပါတော့တယ်။

ဒီကားက ဂီတနောက်ခံအချစ်ရုပ်ရှင်ပါ။ နာမည်ကြီးရက်ပ်အဆိုတော်တစ်ယောက် သီချင်းဗီဒီယိုရိုက်ဖို့ မန္တလေးကို ရောက်သွားတဲ့အခါ မြန်မာဆန်တဲ့ ပိုးနဲ့တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါပေမဲ့ မင်းသမီးရဲ့ဖခင်က မြန်မာသီချင်းကြီးတွေကလွဲရင် ခေတ်သီချင်းတွေကို သီချင်းလို့မထင်တဲ့ လူတစ်ယောက်၊ ဟစ်ပ်ဟော့သီချင်းတွေကို လူတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်တဲ့အတိုင်း စကားပြောနေတဲ့သီချင်းတွေလို့ မြင်နေတဲ့ လူတစ်ယောက် ဖြစ်နေတဲ့အခါ ခေတ်ရဲ့ ဂီတနဲ့ မြန်မာ့သီချင်းကြီးတွေကြား အမြင်မတူမှုတွေကိုအခြေခံပြီး ပြင်းထန်တဲ့ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာကြပါတော့တယ်။

ဒီပွတ်တိုက်မှုတွေကိုအခြေခံပြီး ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းတွေနဲ့ ဆန်းသစ်တီထွင်မှုတွေကို လူငယ်တွေကလည်း လူကြီးတွေလက်ခံလာအောင် ကြိုးစားဖို့လိုသလို လူကြီးတွေကလည်း လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး လက်ခံနိုင်ဖို့ လိုအပ်တယ်ဆိုတာကို ဒီရုပ်ရှင်ကားက ပုံဖော်ထားပါတယ်။

"ပိတောက်ကတဲ့ ဂီတ" ရုပ်ရှင်ကို အခြေခံထားတာက မန္တလေးမှာဖြစ်ပါတယ်။ မန္တလေးဟာ သင်္ကြန်ရဲ့အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီးသင်္ကြန်ရုပ်ရှင်ဇာတ်ကားတွေရဲ့ အောင်မြေလည်းဖြစ်ပါတယ်။ "ပိတောက်ကတဲ့ ဂီတ"မှာလည်း မန္တလေးရဲ့ မှင်တက်စရာ ဘုရား၊ ရှုခင်းမြင်ကွင်း အမျိုးမျိုးကိုတွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာ၊ ကျော်သူတို့က ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်များဖြစ်ကြပါတယ်။

ဂီတရုပ်ရှင်ဖြစ်တာနဲ့အညီ ရုပ်ရှင်ထဲမှာ မြန်မာသံစဉ်နဲ့ ခေတ်ရေစီးကြောင်းသီချင်းတွေ အများကြီးပဲသုံးထားတာကို တွေ့ရပါတယ်။ အော်လန် မှတ်မိသလောက်ဆိုရင် သီချင်းအားလုံး ၂၅ ပုဒ်တိတိ ဒီဇာတ်ကားထဲမှာ အသုံးပြုထားပါတယ်။

"ပိတောက်ကတဲ့ ဂီတ" ဆိုပေမဲ့ ဒီကားကနေ သင်္ကြန်ရဲ့ အငွေ့အသက် သိပ်မရခဲ့တာကတော့ ဝမ်းနည်းစရာပါ။ သင်္ကြန်ကို အခြေတည်ထားတယ်လို့အော်လန်တို့ ထင်ခဲ့ပေမဲ့ သင်္ကြန်ဟာ ဒီရုပ်ရှင်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ သာပါတယ်လို့အော်လန်က မြင်မိပါတယ်။ သင်္ကြန်နဲ့မဆိုင်တဲ့ ကျြငခ ဗမမညေါနာနညအျ တွေကို ဦးစားပေး သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အော်လန်တို့ရဲ့ သင်္ကြန်ဂန္ထဝင် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ သင်္ကြန်မိုးကို လုံးဝမမီတာကတော့ အသေအချာပါ။

ဒီကားမှာ လူအများကြီးသုံးထားပေမဲ့ သူ့နေရာနဲ့ သူ အံဝင်ပါတယ်။ နှစ်နာရီကျော်ကြာတဲ့ ဒီရုပ်ရှင် ထဲမှာ မြင်ကွင်းအစုံစုံ၊ ဖက်ရှင်မျိုးစုံနဲ့ ကြည့်တဲ့ ပရိသတ်တွေ မငြီးငွေ့သွားအောင် လူအင်အား၊ ငွေအင်အားတွေ အများကြီးသုံးပြီး ရိုက်ထားတာကြောင့် ချမ်းသာတဲ့ ရုပ်ရှင်လို့ အော်လန်က ပြောတာပါ။ ပြီးတော့ နိုင်ငံခြားဇာတ်ကားထဲက စတိတ်ရှိုးတွေအလား လူအင်အားများများနဲ့ ဖန်တီးထားတာကြောင့် ရုပ်ရှင်ဟာ ပိုခမ်းနားသွားပါတယ်။

ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်တဲ့အခါ ဝမ်းသာနေတာလား၊ စိတ်ဆိုးဒေါသထွက်နေတာလား၊ ပျော်နေတာလား မသဲကွဲတတ်လို့ စိုင်းစိုင်းကို ဒီကားမှာ အထူးသတိထားကြည့်မိပါတယ်။ အရင်ကားတွေနဲ့မတူအောင်ပဲ စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုတွေက အများကြီး တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း တချို့အခန်းမှာ နည်းနည်းလေး အိုဗာအိုက်တင်ဖြစ်တယ်လို့လည်း မြင်မိပါတယ်။

ပြီးတော့ ဒီကားမှာ အပေါ်လွင် အထင်ရှားဆုံးဖြစ်တဲ့ သူက ကျော်သူ။ ဒီနောက်ပိုင်း ကျော်သူပါဝင်တဲ့ ဇာတ်ကားထဲ ဒီကားထဲက ကျော်သူကို အော်လန်အကြိုက်ဆုံးပါပဲ။ မြန်မာသီချင်းတွေကိုပဲ သီချင်းလို့ထင်တဲ့ ကျော်သူ၊ အနောက်တိုင်းဂီတကို မုန်းတီးစက်ဆုပ်တဲ့ကျော်သူ၊ မာနကြီးတဲ့ကျော်သူ၊ လူ့ထော်လော်ကန့်လန့် ကျော်သူ၊ သမီးကိုအလွန်ချစ်တဲ့ကျော်သူ၊ ဒီလို အဓိပ္ပာယ်အများကြီးနဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့ အသွင်သဏ္ဌာန်အားလုံးကို ကျော်သူ့ဆီမှာ တစ်ပြိုင်တည်း တွေ့ရပါတယ်။

ဒီကားထဲမှာ အော်လန်ပထမဦးဆုံး မြင်ဖူးတဲ့ပိုးမမှီသာဟာ မြန်မာ့ရိုးရာဝတ်စုံတွေနဲ့ ဒီကားရဲ့အသက်တစ်ချောင်းပါပဲ။ အချစ်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်တဲ့လူငယ်တွေရင်ထဲမှာ ရိုမန်းတစ်ဆန်ဆန်နဲ့ ရင်ခုန်စရာဖြစ်အောင် လုပ်ဖို့ရာ မင်းသမီးရဲ့ အညု၊ အငင်တွေကလည်း အရေးကြီးပါတယ်။ ပိုးမမှီသာကတော့ ကြည့်မိတဲ့ ပုရိသတွေရဲ့ ရင်ထဲ လှုပ်ရှားမှုတစ်ခုခုဖြစ်အောင် သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။

ဒီကားမှာ အခန်းအများကြီးမပါပေမဲ့ ပါတဲ့အခန်းလေးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတာက ဗီလိန်မကြီး အေးမြတ်သူပါ။ တစ်ချိန်တည်းမှာ ခံစားချက်နှစ်မျိုး ပြောင်းသွားတဲ့ မျက်လုံးအမူအရာတွေက ဇာတ်ကားရဲ့ တန်ဖိုးကို မြင့်တက်သွားစေခဲ့ပါတယ်။

အားလုံးကို ခြုံပြီးပြောရရင်တော့ သီချင်းတွေအများကြီးသုံးထားတဲ့ ဒီဇာတ်ကားက ပရိသတ်ကိုဖျော်ဖြေမှုအများကြီးပေးနိုင်ခဲ့ပါတယ်။


#ဇာတ်ကား
#ဂီတ
#စိုင်းစိုင်း
#သီချင်း
#သင်္ကြန်

Some text some message..