ထူးချွန်ပြောင်မြောက်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ ညွန့်ဝင်းကတော့ မြန်မာ့ရုပ်ရှင်လောကမှာ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သူတစ်ယောက်ပါ။ရွှေမန်းတင်မောင်ရဲ့သားတစ်ယောက်ဖြစ်တာနဲ့အညီ သူကိုယ်တိုင်လည်း ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိခဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ဇာတ်ကားကောင်းများစွာမှာ သဘာဝကျကျပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကမှာမြင်တွေ့ရခဲတဲ့ ရုပ်ရှင်ထူးချွန်ဆု(၇)ဆုပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။သူကတော့ ဗန်တိုလူလေးနှင့်သူဇာ ဇာတ်ကားနဲ့ပထမဆုံးရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပြီး ချစ်သူဝိုင်းဝိုင်းလည်၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊သီတာခုနှစ်တန်၊သူ့ကျွန်မခံပြီ၊ ဆန်ရေ၊လျှို့ဝှက်သောနှင်းစတဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီဆု(၇)ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ဇာတ်ကားတွေကတော့ အခုချိန်ထိလည်း ကြည့်ရှုရသူတွေကို တသသဖြစ်စေလောက်အထိ သရုပ်ဆောင်ပညာမှာ အားသာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ သူအနုပညာနယ်ပယ်မှာ ကျင်လည်ရင်း ရရှိလာခဲ့တဲ့အတွေ့အကြုံတွေကို ရေးသားထားတဲ့စာအုပ်လေးဖြစ်တဲ့ “ယုံကြည်အောင်ဖန်ဆင်း” စာအုပ်လေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလှူဒါန်းပေးခဲ့ပါတယ်။ဒီစာအုပ်လေးကတော့ သရုပ်ဆောင်လမ်းညွှန်စာအုပ်လေးဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေနဲ့ လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဦးညွန့်ဝင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့နာယကအနေနဲ့လည်း ဆောင်ရွက်နေပြီး ဒီနေ့မှာတော့ မျိုးဆက်သစ်လူငယ်သရုပ်ဆောင်များအတွက် အကျိုးဖြစ်ထွန်းစေမယ့်စာအုပ်လေးကို မျှဝေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဦးညွှန့်ဝင်းရဲ့ တက်သစ်စအနုပညာရှင်တွေအတွက် အကျိုးများစေမယ့်စာအုပ်လှူဒါန်းပွဲလေးကိုတော့ ဒီနေ့မှာပြုလုပ်ခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Myanmar Motion Picture Organization, Nyunt Win Wikipedia
Rainbow – Cele Gabar