ဒီသီချင်းကို မရိုက်ခင်ကတည်းက ပြောသင့်တယ်၊၊ အနုပညာသမားအချင်းချင်းတော့ Respect ရှိရမယ်၊၊ ဆွေးနွေးသင့်တယ် - အဆိုတော် ချမ်းချမ်းနှင့်တွေ့ဆုံခြင်း
mmtimes.com
|
2020-08-06



ဒီသီချင်းကို မရိုက်ခင်ကတည်းက ပြောသင့်တယ်၊၊ အနုပညာသမားအချင်းချင်းတော့ Respect ရှိရမယ်၊၊ ဆွေးနွေးသင့်တယ် - အဆိုတော် ချမ်းချမ်းနှင့်တွေ့ဆုံခြင်း

တေးရေး၊ တေးဆို ယုန်လေးကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားသော 'ငါတို့အားလုံးရဲ့မြေ'တေးသီချင်းတွင် မေတ္တာဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့သည့်အကြောင်း၊ Music Video ပုံဖော်ရာတွင်မိမိမသိခဲ့သည့်အကြောင်း၊ ရွေးကောက်ပွဲမဲဆွယ်သည့်ကာလတွင် ပရိသတ်ထင်ယောင်ထင်မှားဖြစ်အောင် ရိုက်ကူးမှုအကြောင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်ကိုမြန်မာတိုင်းမ် သတင်းထောက်နဒီက ရေးသားထားသည်။


Q-ကိုယုန်လေး ရိုက်ကူးခဲ့တဲ့ Music Video ကြောင့် ဝေဖန်မှုတွေဖြစ်ခဲ့တဲ့အကြောင်း ပြောပေးပါဦး?


A-အစ်မတို့ကို ယုန်လေးဖန်တီးလိုက်တဲ့ Music Video ရဲ့ဇာတ်ညွှန်းကို မသိခဲ့ဘူး။ အစ်မတို့သိတာက အစ်မတို့ကို သီချင်းဆိုဖို့ခေါ်တယ်။ ဖက်ရှင်ဝတ်စုံအားလုံးက အဖြူရောင် ဝတ်ရမယ်။ ဘယ်ပါတီကိုမှ ရည်ညွှန်းတာမဟုတ်တဲ့အတွက် ပါတီစွဲလုံးဝမပါဘူး။ ဒါကြောင့် အဖြူရောင်ဝတ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံပါမယ်၊ ဒါပဲသိတယ်။ သူပြောတဲ့အတိုင်း လိုက်လုပ်ပေးခဲ့တယ်။ သီချင်းစာသားကလည်း ဘက်မလိုက်ဘဲ နိုင်ငံတော်ကြီးတိုးတက်ဖို့အတွက် ညီညွတ်ရမယ့်စာသားမို့လည်း အစ်မတို့က ပါဝင် သီဆိုပေးခဲ့တာပါ။ အစ်မတို့က Music Video မှာပါလာတာကိုတော့ လုံးဝကို လက်မခံဘူး။


Q-ဒီသီချင်းရဲ့ပုံဖော်မှုကို မြင်တဲ့အချိန်မှာ အစ်မရဲ့ စိတ်ခံစားချက်ကရော?


A-ဒီ Music Video ကိုကြည့်ပြီးချိန်မှာ စိတ်ထဲမှာ ဟင်ဆိုတာကြီးဖြစ် သွားတယ်။ ကိုယုန်လေး အဲဒီလိုလုပ်လိမ့်မယ်ကိုမထင်တာ။ သူက Create အရမ်းကောင်းတဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူ့ Creating လုပ်တဲ့အရာဟာ ဒီတစ်ခေါက်တော့ လုံးဝအားမပေးဘူး။ ကိုယ့်ရဲ့ခေါင်းဆောင်ကို လုံးဝ ထိခိုက်အောင်လုပ်တဲ့ပုံရိပ်တွေ၊ အကောင်းဘက်ကိုမမြင်စေဘဲ အဆိုး ဘက်ကိုမြင်သွားတဲ့အရာဆိုတော့ လက်မခံနိုင်ဘူး။ သူ့ကတော့ ပါတီအားလုံး စုစုစည်းစည်းနဲ့ နောက်ဆုံးနိုင်ငံတော်အတွက် စုပေါင်းသွားတာကိုလိုချင်တာ။ ဒါပေမဲ့ သူပေးလိုက်တဲ့ Message က ရိုက်ကူးမှုအပိုင်းမှာ နားမလည် နိုင်အောင်ကို ဖြစ်သွားစေတယ်။ နိုင်ငံရေးအကြောင်းကို ဂဃနဏမသိဘဲနဲ့ ဒီလိုပုံဖော်ခြင်းဟာ အနုပညာအတွက် အရမ်းကိုအန္တရာယ်များတယ်လို့ ထင်တယ်။


Q-ပါဝင်သီချင်းသီဆိုတဲ့သူတွေရဲ့ပုံတွေလည်း တင်ထားတယ်ဆိုတော့လေ?


A-အစ်မထင်တာက သီချင်းဆိုတဲ့သူတွေ ရိုးရိုးအလှပုံရိုက်ပြီး တင်တယ်လို့ပဲ ထင်ခဲ့တယ်။ သူက ရိုက်ကူးရေးလုပ်တဲ့ပုံတွေတချို့ကိုလည်း ပြန်တင်တတ်တယ် ဆိုတော့လေ။ အဲဒီလိုပဲ တင်တယ်ထင်ခဲ့တယ်။ တခြားတစ်စိတ်တစ်ပိုင်းပဲဖြစ်မယ်။ ဒီသီချင်းနဲ့တော့ မဆိုင်လောက်ဖူးထင်ခဲ့တယ်။ ရှေ့မှာလည်း စည်းလုံးရေး MTV ထွက်ထား တာဆိုတော့ ကိုယ်တွေရဲ့ ဒီသီချင်းမှာပါလာတဲ့အချိန်မှာ တော်တော်ကြီးကို စိတ်ထဲမှာShocked ရသွားတယ်။ သူဘာကြောင့် ဒီလိုကြီးလုပ်ရဲတာလဲပေါ့။


Q-ဒီသီချင်းရိုက်ကူးတင်ဆက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ?


A-အစ်မ အဓိကပြောချင်တာက အနုပညာသမားအချင်းချင်းတော့ Respect ထားသင့်တယ်။ အစ်မတို့က ဆိုပေးခဲ့တဲ့ စေတနာ၊ အချိန်ကုန်ခံပြီးတော့ မေတ္တာနဲ့ပါဝင်သီဆိုပေးခဲ့တယ်။ ဒီအချိန်မှာ ကိုယ့်ကိုစော်ကားခံရတဲ့ သိက္ခာတွေကို ဘယ်လိုပြန်လုပ်ပေးမှာလဲ။ ရိုက်ကူးရေးလုပ်လို့ ပိုက်ဆံမရလည်း ဘာမှမဖြစ်ဘူး။ သိန်းရာနဲ့ချီဆွယ်တဲ့ တချို့ပါတီတွေရှိတယ် အစ်မတို့မဆိုခဲ့ဘူး။ အုပ်စုနဲ့လုပ်ဆောင်တဲ့သီချင်းမျိုးဆိုရင် ဒီအဖွဲ့တစ်ခုလုံးကိုပြောသင့်တယ်။ ဒီလိုရိုက်ကူးမှုတွေပါလာမယ်နော်။ ဒီသီချင်းကို မရိုက်ခင်ကတည်းက ပြောသင့်တယ်။ အနုပညာသမားအချင်းချင်း တော့ Respect ရှိရမယ်။ ဆွေးနွေးသင့်တယ်။ ဒီအချိန်ကတည်းကပြောရင် အစ်မတို့လည်း ကိုယ်ပါဝင်သင့်၊ မသင့် စဉ်းစားမှာပေါ့။ ခုက ဒီသီချင်းအွန်လိုင်းပေါ်မှာထွက်လာမှ ဘာမှ လုပ်လို့မရတော့ဘူး။ ကိုယ်တစ်ခုခုလုပ်တော့မယ်ဆိုရင် အဖွဲ့တစ်ခုလုံးကို အသိပေးသင့် တယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်သင့်ဘူး။


Q-ဒီသီချင်းက တစ်ဖက်သတ်လှည့်စားခံရတယ်လို့ရော ထင်မိလား။ မဲဆွယ်မှုအပိုင်း ကိုရော ကမ်းလှမ်းခဲ့တာရှိမလဲ?


A-ဒီသီချင်းက လှည့်စားခံရတာမဟုတ်ပါဘူး အစ်မတို့ကို လုပ်ကြံခံရတာပါ။ လူတိုင်းမှာ တော့ ကိုယ့်အစွဲကိုယ်ရှိကြတယ်။ စစ်တပ်က မွေးဖွားလာသူက စစ်တပ်ရဲ့အားသာချက်၊ အားနည်းချက်ကိုသိတဲ့အတွက်ကြောင့် သူတို့ စစ်တပ်ပါတီမဲပေးချင်ပေးမယ်။ NLD မဲပေး ချင်ပေးမယ်။ ကြံ့ခိုင်ရေး မဲပေးချင်ပေးမယ်။ တိုင်းရင်းသားကလည်း တိုင်းရင်းသားပါတီမဲပေး မယ်။ လူတိုင်းမှာ Human Rights ဆိုတာရှိတယ်။ ကိုယ်ကြိုက်တဲ့ပါတီကို ကိုယ်မဲပေး ခွင့်ရှိတယ်။NLD ကိုမဲပေးမယ့်သူဖြစ်တဲ့အတွက်ကြောင့် အစ်မကို ဆက်သွယ်လာရင် ပါတီရဲ့နာမည်မေးတယ်။ ပါတီနာမည်မပြောရင် ဆိုမပေးနိုင်ဘူး။ အစ်မကတော့ NLD အတွက်ပဲ ဆိုပေးနိုင်တယ်။ ပါတီနာမည်မပြောရင် သီချင်းမဆိုပေးဖြစ်ပါဘူး။ ဒီကာလမှာ ဘက်ပေါင်းစုံကို နည်းမျိုးစုံနဲ့ မဲဆွယ်တာတွေရှိမယ်။ ကိုယ်မလုပ်ချင်ဘဲ မဲဆွယ်လို့မရဘူး။ ကိုယ်ပေးလိုက်တဲ့မဲကလည်း ကိုယ့်ရဲ့သမိုင်းပါပဲ။ ကိုယ်ရွေးချယ်မှုကလည်း ကိုယ့်သမိုင်းပါပဲ။ ကိုယ်ပေးလိုက်တဲ့မဲကြောင့် ကောင်းတာရှိလည်း ခံစားမယ်။ မကောင်းတာရှိလည်း ကိုယ်ပဲခံစားမယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပဲလိုချင်ပါတယ်။ သူများလှုံ့ဆော်မှုကို ဘာကြောင့်မှမပေး နိုင်ပါဘူး။ အစ်မတို့အမျိုးထဲမှာ စစ်တပ်က ဦးလေးတွေ၊ အသိ တွေအများကြီးရှိတယ်။ အမျိုးထဲမှာ ရဲတွေရှိတယ်။ ဒါပေမဲ့ မဲပေးခြင်း၊ စစ်အသိုင်းအဝိုင်းနဲ့ခင်ခြင်းက တစ်ကဏ္ဍ။ အမှန် တရားကိုတော့ ကွဲကွဲပြားပြားမြင်ရမယ်။ အစ်မပြောချင်တာ စစ်တပ်က ကာကွယ်ရေးလုပ်ရမှာတစ်ကဏ္ဍ၊ နိုင်ငံတော်မပြိုကွဲ အောင် ကျူးကျော်သူ၊ ရန်သူကိုချေမှုန်းရမှာ သူတို့အလုပ်။ နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီး အသိပညာပေးပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီး နည်း ပညာအပြည့်နဲ့ လေးစားခြင်းခံရမယ့်ပုဂ္ဂိုလ်က သတ်သတ် မရောနဲ့။ အစ်မရဲ့အမြင်ကိုပြောတာပါ။ အစ်မက တဲ့တိုးပြောချင် တာ ကိုယ့်နိုင်ငံရဲ့ပညာရေး အရမ်းကိုနိမ့်ကျတယ်။ စီးပွားရေး ပိတ်ဆို့ခြင်းခံရတယ်။ လူမှုရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက ကိုယ်တွေ ကို အထင်သေးတယ်။ ခုချိန်မှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးနေသူကို ဘာကြောင့်မဲမထည့်ရမှာလဲ။ အစ်မက NLD ကိုပဲ မဲထည့်မှာပါ။ ဒါအားလုံးကို မြင်စေချင်တယ်။


#အစ်မ
#သီချင်း
#ရင်ပေါင်တန်း
#ရိုက်ကူးမှု
#ပါတီ

Some text some message..