'မအတွက်'တေးသီချင်းကို သုံးနှစ်ပြည့်ပြီးရင်တော့ မူပိုင်ခွင့်က ကျွန်တော်တို့ပဲပြန်ရမှာပါ၊ ဒီသုံးနှစ်အတွင်းမှာ ရှယ်ယာတချို့တစ်ဝက်က ကျွန်တော်တို့ အကျိုးအမြတ်တွေပြန်ပေးပါတယ် − တေးသံရှင် ဂျူလှိုင်ထွန်းနှင့်တွေ့ဆုံခြင်း
mmtimes.com
|
2020-08-15



'မအတွက်'တေးသီချင်းကို သုံးနှစ်ပြည့်ပြီးရင်တော့ မူပိုင်ခွင့်က ကျွန်တော်တို့ပဲပြန်ရမှာပါ၊ ဒီသုံးနှစ်အတွင်းမှာ ရှယ်ယာတချို့တစ်ဝက်က ကျွန်တော်တို့ အကျိုးအမြတ်တွေပြန်ပေးပါတယ် − တေးသံရှင် ဂျူလှိုင်ထွန်းနှင့်တွေ့ဆုံခြင်း

'မေမြို့သူ' Mp-3 အယ်လ်ဘမ်မှ 'မအတွက်' တေးသီချင်းကို၂ဝ၁၁ ခုနှစ်ခန့်ကကြိုးစားဖန်တီးခဲ့သည့်အကြောင်း၊ Amazon မှတင်ရောင်းခံရသည့်အကြောင်း၊ ရှေ့ဆက် ဂီတလှုပ်ရှားမှုများအကြောင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်ကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားသည်။


Q-'မေမြို့သူ' Mp-3 အယ်လ်ဘမ်မှ 'မအတွက်' တေးသီချင်းကို စတင် ဖန်တီးခဲ့တာလေး ပြောပါဦး?


A-ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်က ကျွန်တော်ရယ် ရှိုင်း မင်းအောင်၊ ရဲထွေးတို့ လူငယ်တွေ ပူးပေါင်းပြီးတော့ 'မေမြို့သူ' Mp-3 အယ်လ်ဘမ်တစ်ခု ထွက်ရှိခဲ့တယ်။ကိုးတန်းအပြီး ၁ဝ တန်းကျောင်းသားအရွယ်က ရေးခဲ့တဲ့ သီချင်းလေးပါ။ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခဲ့သလို ၁ဝ တန်းက အစ်မကြီးတွေကလည်း ချောတော့ ကိုယ်ခံစားပြီးရေးဖြစ်တာပါ။ ၁ဝ တန်းအပြီး တက္ကသိုလ်တက်ချိန်မှာ ဒီသီချင်းကိုလုပ်ဖြစ်ခဲ့တာပါ။ ကိုယ်တိုင် လည်း စိတ်ကူးယဉ်တတ်တဲ့သူဆိုတော့ လေ။ ကျန်တဲ့သီချင်းတွေ မပေါက်ခဲ့ဘူး။ ဒီသီချင်းပေါက်တာလည်း ကံကောင်းတယ်လို့ ပြောလို့ရတယ်။


Q-ဒီသီချင်းက Amazon ပေါက်နေ တာကို ဘယ်လိုမျိုးသတိထားမိခဲ့လဲ ပြောပါဦး?


A-မနှစ်ကမှာ ဒီသီချင်းက ပြန်ပေါက် လာခဲ့တာပါ။ သူငယ်ချင်းတွေ စပြောကြတယ်။TikTok မှာ နာမည်အရမ်း ကြီးနေတယ်ပေါ့။ တကယ်လည်း နာမည် ကြီးလာခဲ့တယ်။ တရုတ်ပြည်ရောက် နေတဲ့သူငယ်ချင်းအများစုက ပြောကြတယ်။ ပေကျင်းကတစ်ယောက် ဖုန်းဆက်ကမ်းလှမ်းလာတယ်။ ကျွန်တော်တို့ သီချင်းကို တရုတ်ပြည်မှာ ပြန်သုံးချင်တယ်။ ကျွန်တော်တို့ညှိနှိုင်းရင်း တရုတ်ပြည်နဲ့ အားမရဘူး။ တစ်ကမ္ဘာလုံးစာ စာချုပ် ချုပ်ချင်တယ်ပေါ့။ ပြန်လည် ရောင်းပေးမယ်ဆိုလို့ ပေးလိုက်တာပါ။ ကျွန်တော်တို့သီချင်းကို ကိုရီးယား၊ ဂျပန် တခြားဘာသာစကားနဲ့ဆိုထား ကြတယ်။ တခြားနိုင်ငံတွေပါ ပြန်ဆိုဖို့ ကမ်းလှမ်းမှုတွေရှိနေပါတယ်။


Q-ဒီသီချင်းနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တွေ လည်းရှိခဲ့တာဆိုတော့ မြန်မာပြည်က ဖန်တီးသူတွေက အကျိုးခံစားခွင့် မရှိဘူးလား ထင်တယ်ဆိုတော့လေ?


A-ပထမတော့ ကျွန်တော်တို့လည်း နားမလည်ခဲ့ဘူး။ လူကြီးဆရာတချို့နဲ တိုင်ပင်ရတယ်။ ရာသက်ပန်စာချုပ်ချုပ် တာပါ။ လက်မခံခဲ့ဘဲ သုံးနှစ်နဲ့ အကျိုး အမြတ်ခံစားခွင့်တွေ နားလည်တဲ့သူက ကူညီပေးခဲ့လို့ ခံစားခွင့်တွေ ခုချိန်မှာ ရတာပါ။ ကျွန်တော်တို့လည်း သူတို့နဲ့ သုံးနှစ်စာချုပ် ချုပ်ဖြစ်ခဲ့တာပါ။ ငွေ ကြေးဘယ်လောက်နဲ့ရောင်းတာကိုတော့ လောလောဆယ်ပြောလို့မရသေးလို့ ပါ။ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံ ရောင်းမယ်။ မြန်မာပြည်ကတော့ စိတ် ကြိုက်သုံးပိုင်ခွင့်ရှိတယ်။ 'မအတွက်' တေးသီချင်းကို သုံးနှစ်ပြည့်ပြီးရင်တော့ မူပိုင်ခွင့်က ကျွန်တော်တို့ပဲပြန်ရမှာပါ။ ဒီသုံးနှစ်အတွင်းမှာ ရှယ်ယာတချို့တစ် ဝက်က ကျွန်တော်တို့ အကျိုးအမြတ် တွေပြန်ပေးပါတယ်။


Q-ပြည်ပအထိ သီချင်းရောင်းရဖို့က ရှားတယ်ဆိုတော့လေ?


A-အများစုအံ့သြသွားတာက တခြား နိုင်ငံကသီချင်းကို မြန်မာပြည်က ပြန် ဆိုကြတာများတယ်။ ဒီသီချင်းအတွက် ပြည်ပနိုင်ငံက အရင်လား၊ ကျွန်တော်တို့ မြန်မာနိုင်ငံက အရင်ဖန်တီးထားတဲ့ သီချင်းပါလို့ ပြောချင်ပါတယ်။ တရုတ် သီချင်းကို ပြန်ဆိုထားတာလည်းမဟုတ် ပါဘူး။ Beijing Melody Culture Company နဲ့ရောင်းထားပါတယ်။သူတို့က တခြားနိုင်ငံက တစ်ယောက်ကို ပြန်ဆိုခိုင်းမှာတော့ ခွင့်မပြုထားပါဘူး။မြန်မာပြည်မှာသီဆိုခွင့်ရှိတယ်။ တခြား ပြည်ပနိုင်ငံတွေက ကျွန်တော်တို့ကို ကမ်းလှမ်းတာတွေလည်းရှိပါတယ်။ကျွန်တော်တို့ကိုချိတ်တဲ့ Company ပြန်ချိတ်ပေးဖြစ်ပါတယ်။


Q-ကိုယ့်သီချင်းကို ပြည်ပကိုရောင်းခွင့် ရမယ်လို့ရော အိပ်မက်မက်ခဲ့ဘူးလား?


A-ကျွန်တော် ဒီလိုမျိုးအိပ်မက် မမက် ခဲ့ဘူးပါဘူး။ အတိုင်းမသိဝမ်းသာခဲ့ရပါ တယ်။ ကိုယ်ပိုင်သံစဉ်သစ်ဖြစ်လို့ အောင် မြင်မှုရတယ်ထင်ပါတယ်။ ကိုယ့်သီချင်း ကို လူသိများ မများတာထက် စေတနာ သန့်သန့်နဲ့လုပ်ခဲ့လို့ ၁ဝ နှစ်ကြာမှ ပြန်ပေါက်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့သီချင်းက ဖန်တီးချိန်တုန်း က ဆိုရှယ်မီဒီယာတွေလည်းမရှိခဲ့ဘူး။ တစ်ချိန်က MP3 ဆိုတော့ ရန်ကုန် ကျော်ပြီးတော့ တခြားနယ်တွေမှာ ပေါက်သွားခဲ့တယ်။ ပြည်ပရောက်မြန်မာ တွေရဲ့ကျေးဇူးကြောင့်လည်း ပါပါတယ်။Internet Song ၊ G Talk သုံးသူတွေတော့ သိပါတယ်။


Q-ဒီသီချင်းအောင်မြင်မှုကြောင့် အနု ပညာလှုပ်ရှားမှုအပိုင်းကိုရော ပြည်ပ နဲ့ တွဲလုပ်ဆောင်ဖို့ရှိမလား?


A-ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ တရုတ် နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်တစ်ကားရိုက်ဖို့ ရှိတယ်လို့ ကိုဗစ်မတိုင်ခင်ကသိခဲ့တယ်။ ဒီသီချင်းတွေကို ပြန်သုံးခွင့်ပြုဖို့ပြောခဲ့ တယ်။ သီချင်းသစ်ကိုလည်း ဇာတ်ဝင် တေးရေးခိုင်းနေပါတယ်။ ဒီရုပ်ရှင်ကား မှာတော့ ဝင်သရုပ်ဆောင်ဖို့ပြောတယ်။ ကျွန်တော်တို့က ဂီတပိုင်းကမို့ ဝင်သရုပ် ဆောင်လို့မဖြစ်ဘူးလေ။ ဒါကြောင့် ဖြတ် လျှောက်အနေနဲ့ပဲ ပါပါမယ်။ ပြည်ပမှာ အနုပညာလုပ်ဖို့ ရှိုးပွဲဖိတ်ခဲ့တယ်။ သူတို့စာချုပ်ပြီးချိန်မှာ ကိုဗစ်ကဖြစ် တော့ ပြည်ပကိုမထွက်ဖြစ်ခဲ့တာပါ။ တရုတ်ပြည်က Channel တစ်ခုမှာ ထုတ်လွှင့်ဖို့ဖိတ်ခေါ်ခဲ့တယ်။ ဒါရိုက်တာ တစ်ဦးကလည်း ရှိုးပွဲလုပ်ပြီး သီဆိုဖို့ ကမ်းလှမ်းခဲ့တယ်။ ညှိနှိုင်းတုန်းပါပဲ ကိုဗစ်ဖြစ်သွားတယ်။ ခုတော့ရပ်တန့် ထားပါတယ်။ ဇာတ်ဝင်တေးသီချင်းရေး ဖို့လည်း ဇာတ်ညွှန်းတွေပို့ထားပါတယ်။


Q-သီချင်းသစ်တွေရော ထွက်ဖို့ရှိမလား?


A-ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပေါင်းပြီးတော့ Album လေးလုပ်နေ ပါတယ်။ နှစ်ဆန်းပိုင်းလောက်ဖြစ်မှာပါ။ ကပ်ကြီးပြီးရင်ထွက်လာမှာပါ။Single Song တွေ ထွက်လာဖို့ရှိပါတယ်။ ခုကတော့ အိမ်မှာ Home Studio ဖွင့် ထားပါတယ်။ သီချင်းတွေလည်း အမြဲရေးဖြစ်ပါတယ်။


#သီချင်း
#တေးသီချင်း
#ပြည်ပ
#မေမြို့
#အယ်လ်ဘမ်

Some text some message..