မြန်မာ့ဂီတလောကကို တယောလက်သံဖြင့် အလှဆင်ခဲ့၊ တယောတစ်လက်ကထွက်လာတဲ့ သံစဉ်တွေနဲ့ ဘဝကို ထုံမွှန်းစေခဲ့၊ လူတွေအားလုံး သူ့ကိုရည်ညွှန်းတဲ့စကားလုံးက တယောဝိဇ္ဇာ၊ သူဟာ တယောဦးတင်ရီပါပဲ။ ဘဝလမ်းခရီးတစ်လျှောက် တယောနဲ့အချိန်ကုန်ခဲ့သူ၊ တယောအပေါ် ချစ်မြတ်နိုးခဲ့သူ၊ နေဝင်ချိန်နီးကပ်လို့ ဘဝကြိုးဝိုင်းထဲမှာ မကြာခဏအနားတောင်းခဲ့ရချိန်မှာတောင် ဦးတင်ရီရဲ့အောက်စီဂျင်ဟာ တယောဖြစ်ခဲ့တယ်။
နိုင်ငံတကာက တယောသံစုံတီးဝိုင်းကြီးတွေကို ဦးတင်ရီတစ်ယောက် ဘယ်လောက်အထိ မျက်စိကျခဲ့လဲ မပြောတတ်။ အခုချိန်များ သူ့အကြောင်း ကောင်းကောင်းသိတဲ့ သူတစ်ယောက်ကို မေးလိုက်တိုင်း မြန်မာပြည်မှာ တယောသံစုံတီးဝိုင်းကြီး ထည်ဝါလာဖို့က ဦးတင်ရီ တိတ်တခိုးမက်ခဲ့ရတဲ့ အိပ်မက်အစစ်တွေပဲဖြစ်တယ်။ ဘဝမှာ လက်တွဲဖော်ကောင်းဖို့၊ ပါရမီဖြည့်ဖက်ကောင်းဖို့ဆိုတာက အင်မတန်မှ အရေးကြီးတဲ့ ပြဌာန်းချက်တစ်ခု။ သူ့ရဲ့ခမ်းနားမြင့်မြတ်တဲ့အိပ်မက်တွေ၊ ရူးသွပ်မှုတွေအတွက် ဦးတင်ရီရဲ့ ပါရမီဖြည့်ဖက်က ဘေးနားအသင့်ရှိခဲ့တယ်။
မီးစာကုန်ရင် မီးစာ၊ လောင်စာကုန်ရင် လောင်စာ။ ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း ချစ်ရတဲ့အိမ်သူသက်ထားမအေးထိန်ကို တယောတစ်လက်နဲ့ဖျော်ဖြေရင်းနဲ့များ ဦးတင်ရီတစ်ယောက် ဘဝအမောတွေကို ဖြေဖျောက်ခဲ့လေသလား။ ဦးတင်ရီလောကကြီးကို နှုတ်ဆက်သွားတဲ့နောက် အခုများတော့ ဒေါ်အေးထိန်ကပဲ သူချန်ရစ်ခဲ့တဲ့ သင်တန်းတွေကို ဆက်လက်အသက်သွင်းပေးနေရဲ့။
အတိတ်ကိုပြန်ယူဆောင်ရမယ်ဆိုရင် (၁၉၅၀) ပြည့်နှစ်တည်းက ဂီတလမ်းမထက်ကို သတ္တိအပြည့်နဲ့ တက်လှမ်းလာခဲ့သူ ဦးတင်ရီရဲ့ ငယ်ဘဝက မခမ်းနားခဲ့ဘူး။ ပန်တျာကျောင်းတက်ဖို့အတွက် ဦးတင်ရီတစ်ယောက် မုန့်ဖက်ထုပ်ရောင်းခဲ့ရတယ်။ မီးကင်းစောင့်ရင်း ရုန်းကန်ခဲ့ရတယ်။ အဆိုသင်တန်းကိုရွေးချယ်ရင်း မမျှော်လင့်ထားတဲ့ ကံကြမ္မာ အပြောင်းအလဲနဲ့အတူ လက်ကျန်ဘဝတစ်လျှောက်လုံးမှာ တယောကို ပခုံးနဲ့လက်ပေါ်ထမ်းပိုးရင်း ခရီးဆက်ခဲ့တယ်။ သင်သက် (၂) နှစ်ပြည့်တဲ့အချိန်မှာပဲ ဆိုကရေးတီးပြိုင်ပွဲဝင်ပြီး ဒုတိယဆုကိုရခဲ့တယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဦးတင်ရီတစ်ယောက် မတင်းတိမ်နိုင်ခဲ့ပါဘူး။ ဦးတင်ရီရဲ့ အိပ်မက်တွေဟာ အင်မတန်မှကြီးကျယ်ခမ်းနားခဲ့တယ်။
တယောအိုတစ်လက်ရဲ့ဒိုင်ယာရီထဲမှာ အသည်းနှလုံးတွေ မြှုပ်နှံထားတဲ့ ဦးတင်ရီ။ သူများထက် အချိန်ပေးလေ့ကျင့်မှုကြောင့် သူများထက်ထူးချွန်ခဲ့တယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လစာနဲ့အလုပ်ရခဲ့ချိန်မှာတောင် လစာထုတ်ရကောင်းမှန်းမသိခဲ့။ အဲ့ဒီအချိန်က တစ်လကို (၁၀၀) နဲ့ ရခဲ့တဲ့လခကို (၃) လပြည့်မှ လစာပေးမှန်းသိခဲ့သူ။
အဲ့ဒီကရတဲ့ (၁၀၀) နဲ့မှ ဘဝအတွက် ပထမဆုံးကိုယ်ပိုင်တယောကို ဦးတင်ရီတစ်ယောက် ရင်ခွင်ထဲထွေးပွေ့နိုင်ခဲ့တယ်။
ရွှေလည်တိုင်၊ မြပုဏ္ဏမာ၊ ရတနာပုံ၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းတို့လို နာမည်ကျော်သီချင်းသံတွေဟာ ဦးတင်ရီရဲ့ နှလုံးသားထဲကတေးသွားတွေ။ ဗီယက်နမ်တို့ရဲ့ အထင်ကရခေါင်းဆောင် ဟိုချီမင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့လို ကမ္ဘာကျော် အထင်ကရ ပုဂ္ဂိုလ်တွေကပါ ဦးတင်ရီရဲ့ တေးသွားတွေထဲမှာ နစ်ဝင်ခဲ့ဖူးတယ်။ ဦးတင်ရီနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူတိုင်းဟာ စိတ်ပျော်ရွှင်ရတယ်၊ ကျေနပ်အားရခဲ့ကြတယ်၊ အနုပညာကို တန်ဖိုးထားသူ ဦးတင်ရီကြောင့် ဂုဏ်ယူခဲ့ရတယ်။ ဦးတင်ရီရဲ့ အနုပညာမှာ လူကြီးမရှိ၊ လူငယ်မရှိ။ ဦးတင်ရီရဲ့ အနုပညာမှာ ငါတတ်တာ မင်းမတတ်ပါဘူးကွာ၊ မင်းတတ်တာ ငါမတတ်ပါဘူးကွာဆိုတဲ့ စကားလုံးကို ရင်ဘတ်ထဲမှာ ကိန်းအောင်းစေခဲ့တယ်။
ဓနုဖြူသားကြီးဦးတင်ရီဟာ အပြောကခပ်ပြတ်ပြတ်နဲ့ တပည့်တွေအပေါ် စေတနာ၊ မေတ္တာအရင်းခံပြီး သင်ကြားပေးသူတစ်ယောက်။ တပည့်တွေအားလုံးက ဦးတင်ရီကို ဘဘလို့ပဲ ရည်စူးခေါ်ဆိုခဲ့ကြ။ မရှိရင် ငါ့ပြော ငါလုပ်ပေးမှာပေါ့ဆိုတဲ့စကားက ဦးတင်ရီရဲ့ တပည့်တွေအားလုံးအတွက် အားအင်ဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်စာနဲ့တယောကိုပဲ ကျွမ်းကျွမ်းကျင်ကျင်တတ်ပါစေ၊ မင်းကမ္ဘာပတ်လို့ရတယ်ဆိုတဲ့ စကားက ဦးတင်ရီရဲ့ တပည့်တွေရင်ထဲအသည်းထဲ နားခိုခဲ့တယ်။ အခုတော့ ဒါတွေက အမှတ်တရတွေဖြစ်ကျန်ခဲ့ပြီ။
ဘဝမှာရူးသွပ်ချင်တိုင်း ရူးသွပ်ခွင့်ရခဲ့တဲ့ ဦးတင်ရီ၊ ကြီးကျယ်ခမ်းနားတဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ ဦးတင်ရီ၊ ဘဝရဲ့နောက်ဆုံးအချိန်အထိ ဂီတနဲ့ရှင်သန်ရင်း၊ ပညာတွေကို လက်ဆင့်ကမ်းရင်း ရှင်သန်ခဲ့တဲ့ ဦးတင်ရီတစ်ယောက် တမလွန်မှာရော သူ့ရဲ့လက်ခတ်သံတွေနဲ့ သာယာငြိမ့်ညောင်းနေဦးမလား။ “သီချင်းများနဲ့လူ ဒီကမ္ဘာကိုအကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်၊ သီချင်းနဲ့လူ ဒီကမ္ဘာကို သာယာလာအောင် ကူညီနိုင်ပါစေသားကွယ်။” ဆိုတဲ့အတိုင်းပါပဲ။ ဦးတင်ရီဟာ သူအသက်ရှင်ခဲ့သမျှ ကာလပတ်လုံး ရင်ဘတ်ထဲကလျှံထွက်လာတဲ့ တေးသံတွေနဲ့ လောကကြီးကို အလှဆင်နိုင်ခဲ့ပါတယ်။
#HM
#LifestyleMyanmar
Photo: Internet