နည်းပညာတိုးတက်မှုကြောင့် အားလုံးစိတ်မချမ်းမြေ့စရာဖြစ်ခဲ့တဲ့အပေါ် နောက်နောင်ထပ်မဖြစ်အောင် သင်ခန်းစာယူသွားမယ့်အကြောင်း ပြောလာတဲ့ Project K
celegabar.com
|
2020-10-14

projecr k

လတ်တလောလူမှုကွန်ရက်မှာ ဂယက်ရိုက်နေတဲ့ ရွှေတိဂုံစေတီကို စင်ရဲ့အောက်ခံကြမ်းပြင်မှာ ထားပြီး ဖျော်ဖြေသလို ဖြစ်ခဲ့ရတဲ့ Project K အဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုကို လွန်ခဲ့တဲ့ရက်ပိုင်းက ဖြေရှင်းခဲ့သလို ဖျော်ဖြေထားတဲ့ဗွီဒီယိုလေးကိုလည်း ရွှေတိဂုံစေတီရဲ့ပုံရိပ်ကို ဖျောက်ကာ ပြန်လည် ပြုပြင်ထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မှာတော့ စိတ်ကျေနပ်မှုမရှိသေးတဲ့ ပရိသတ်ကြီးအတွက် နောက်နောင် ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ ကတိကဝတ်ပြုကာ ထပ်မံပြီးတော့ တောင်းပန်စကားဆိုခဲ့ပါတယ်။




ဖြစ်စဉ်တစ်ခုလုံးသည် ပွဲစီစဉ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအများ ပိုမိုသိရှိစေရန် စေတနာဖြင့် ပံ့ပိုးရာတွင် ကျွန်တော်တို့အကအဖွဲ့နှင့်ပွဲစီစဉ်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် နည်းပညာအသုံးချမှု အချိတ်အဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ခြင်းမရှိသည့် လွဲမှားမှုပေါ်ပေါက်ခဲ့ခြင်းအတွက် ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ စိတ်နှလုံး မချမ်းမြေ့စွာခံစားနေကြရပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွယ်သည့် သာသနိက အဆောက်အအုံ ဘုရားကျောင်းကန် စေတီပုထိုးများအပေါ်တွင်လည်းကောင်း အစဉ်ထာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြပါသည်။




မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ယခုပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော နည်းပညာတိုးတတ်မှုမှတစ်ဆင့် ဖြစ်ခဲ့သည့် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်ရပ်များကို သင်ခန်းစာယူ၍ နောက်နောင်တွင် ယခုကဲ့သို့ ထပ်မံမဖြစ်စေဖို့ ကတိကဝတ်ပြုပါကြောင်း ဤတောင်းပန်လွှာနှင့်အတူ လေးစားစွာ ပန်ကြားအပ်ပါသည် ဟုရေးသားဖော်ပြကာ တောင်းပန်စကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ..



Source – Project K
Rainbow- Cele Gabar



smile 3

ပရိသတ်ကြီးရေ အလှူရေစက်လက်နဲ့မကွာဆိုသလို အမြဲလှူဒါန်းပေးနေတဲ့စမိုင်းလ်ကတော့ လတ်တလောမှာလည်း ခင်ပွန်းဖြစ်သူရဲ့မွေးလအတွက် နေ့စဉ်နဲ့အမျှအလှူတွေပြုလုပ်နေတာကို တွေ့မြင်ကြမှာပါနော်။ ပရိသတ်ကြီးထဲက ခက်ခဲနေတဲ့သူတွေအတွက် တနေ့ကိုအနည်းဆုံးတစ်သိန်းလှူဒါန်းပေးနေသလို နောက်ထပ်အပိုဆောင်းအလှူတစ်ခုကိုလည်း နေ့စဉ်ပြုလုပ်နေပါသေးတယ်။




ဒီနေ့ အောက်တိုဘာလ(၁၄) ရက်နေ့အတွက် မှတ်ချက်ပေးထားတဲ့ပရိသတ်တွေထဲက အကြွေးပေါင်းများစွာနဲ့ ကိုဗစ်ကာလကိုရင်ဆိုင်နေရတဲ့ ကလေးအမေတစ်ဦးကို ရွေးချယ်လှူဒါန်းပေးခဲ့တဲ့အပြင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာအတွက်လည်း အလှူငွေဆယ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။ စမိုင်းလ်ကတော့ ကလေးတွေအပေါ်ကို တကယ်မေတ္တာထားစောင့်ရှောက်တဲ့အစ်မ ယခုထက်ပိုစောင့်ရှောက်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီနေ့အလှူလေးကို လှူဒါန်းပေးခဲ့တာပါ။




အခုလိုလှူဒါန်းပေးခဲ့တဲ့အတွက် ခိုင်နှင်းဝေကတော့ ညီမလေး smile မှ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့ အကြို အလှူ အဖြစ် ကလေးတွေအတွက် ငွေကျပ် ဆယ်သိန်း လှမ်းပြီး လှူဒါန်းပေးပါတယ်ရှင်..ကျမ ကလေးတွေကို အမြဲ သတိရပြီး လှူပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ..ဒီထက်မက အများကြီး လှူနိုင်ပါစေ..ဒီထက်မက အောင်မြင်ပါစေလို့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ဆိုပြီးတော့ အလှူလေးကို မျှဝေဖော်ပြကာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။



Source – Smile စမိုင်းလ်၊ khine Hnin Wai
Rainbow- Cele Gabar



nyo min lwin

ဒါရိုက်တာညိုမင်းလွင်ကတော့ သမာရိုးကျကနေ ကွဲထွက်တဲ့ဇာတ်လမ်းဇာတ်အိမ်မျိုးတွေကို ဖန်တီးပုံဖော်ရိုက်ကူးလေ့ရှိသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အတွက် အသစ်အဆန်းတွေပေးနိုင်ဖို့ အမြဲကြိုးစားနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလမတိုင်ခင်ကလည်း မြမြ ရုပ်ရှင်ဇာတ်ကားနဲ့အကြီးအကျယ်အောင်မြင်မှုရခဲ့သလို နောက်ထပ် တစ်ကားအနေနဲ့ ပရိသတ်ရဲ့အချစ်တော် လှနုထွန်းပါဝင်ရိုက်ကူးသွားမယ့် ယောက္ခမတစ္ဆေ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဖန်တီးပုံဖော်သွားဦးမှာ ဖြစ်ပါတယ်။




ဒါ့အပြင် ဒီတစ်ခေါက်မှာလည်း မြင်ဖူးနေကျမဟုတ်တဲ့ဇာတ်အိမ်မျိုးနဲ့ ထပ်မံရိုက်ကူးသွားဦးမယ့် ဇာတ်လမ်းတွဲအသစ်ကို ပရိသတ်ကြီးကို မိတ်ဆက်ပေးလာပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Active Now လို့နာမည်ပေးထားပြီး တက္ကသိုလ်ကျောင်းသားနဲ့ ဝန်ကြီးချုပ်ရဲ့အားပြိုင်မှုနောက်ကွယ်က ကြောက်စရာတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ ဘယ်တော့မှ မပြေမယ့် အမုန်းနဲ့ရန်ငြိုးတွေ၊ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းသံယောဇဉ်တွေ၊ မိဘ မောင်နှမတွေရဲ့ချစ်ခြင်းတရားတွေ အမျိုးမျိုးသောရသတွေ ပါဝင်သွားမှာပါ။




ဒီဇာတ်လမ်းတွဲလေးကိုတော့ လာလာကြည့် မှ စီစဉ်တင်ဆက်ပေးသွားမှာဖြစ်ပြီး ထူးခြားချက်ကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်ဦးသာ ပါဝင်သွားမှာပါတဲ့နော်။ မျက်နှာသစ်သရုပ်ဆောင် (၇၀) ရာခိုင်နှုန်းနဲ့ ရိုက်ကူးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေ မြင်ဖူးနေကျ ပုံစံမဟုတ်တဲ့ဇာတ်အိမ်၊ မြင်ဖူးနေကျမဟုတ်တဲ့ သရုပ်ဆောင်တွေနဲ့ အဆန်းသစ်ဆုံးတွေ့မြင်ရမှာမို့ တကယ်ကိုလက်မလွှတ်တမ်းစောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ ပရိသတ်ကြီးရေ..



Source – Nyo Min Lwin
Rainbow- Cele Gabar



myat thu thu

MRTV-4 မင်းသမီးတစ်လက်ဖြစ်တဲ့ မြတ်သူသူကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်တာကြောင့် အချိန်တိုအတွင်း ပရိသတ်အားပေးမှုရရှိခဲ့သူပါ။ MRTV-4 ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးခဲ့ပြီးပြီဖြစ်သလို မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ တို့မမနဲ့တို့ ဇာတ်လမ်းတွဲထဲက သန်းသန်းဆွေ ကာရိုက်တာနဲ့လည်း ပရိသတ်အားပေးမှုအပြည့်အဝရရှိခဲ့ပါသေးတယ်။




ဒီနေ့မှာတော့ ပရိသတ်ကြီးကို သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲတွေလေးတွေကို ဖော်ပြရင်း မေးခွန်းထုတ်ခဲ့ပါတယ်။ မာလာ(ထာဝရမန္တလေး)၊ Rose Angel(Flowers and Butterflies)၊ ဇင်(Happy Beach)၊ မမကြီး(ပန်းနုသွေး)၊ ဝင့်ရွှေရည်(The Sign of Love -Book 2)၊ အိရွှေဇင်(ဝိညာဉ်ရှိုက်သံ)၊ ခမ်းမွန်(ဝင်္ကပါစံအိမ်)၊ လရိပ်နွယ်(ရတနာထဲက ရတနာ)၊ မညို(ပျားရည်အိုင်)၊ ယွန်းမေခ(တတိယမြောက်ဆုံမှတ်)၊ သန်းသန်းဆွေ(တို့မမနဲ့တို့)၊ စန်ဒရာ( မှော်ပလ္လင်)*(On air မတက်ရသေးပါ)၊ ချစ်စုလွင်(သံသရာအဆက်ဆက်-ကံကံ၏အကျိုး)၊ မနှင်းဆီ(ရနံ့ပြယ်နှင်းဆီ-ကံကံ၏အကျိုး)၊ ကြည်ပြာ(လွန်လွန်ကဲကဲ-ကံကံ၏အကျိုး)၊ မေခ_မလိခ(Missing Miss)၊ မသက်ညို(ချစ်ခွန်းခြွေသီ ချစ်သူသီ-သံစဉ်များဖြင့်ဖွဲ့သီသော) စတဲ့ဇာတ်လမ်းတွဲတွေထဲက ပရိသတ်ရင်ဘတ်နဲ့ထပ်တူကျခဲ့တဲ့ ဇာတ်ရုပ်က ဘာများဖြစ်မလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။




မြတ်သူကတော့ သူမှတ်မိသလောက် ဇာတ်လမ်းတွဲတွေကို မျှဝေခဲ့တာဖြစ်ပြီး ဘယ်ဇာတ်လမ်းတွဲလေးကိုကြည့်ဖူးကြသလဲ၊ ဘယ်ဇာတ်ရုပ်ကိုအကြိုက်ဆုံးလဲ၊ ဘယ်ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်မြင်လဲ၊ မြတ်သူကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘာတွေ အကြံပြုချင်လဲ စတဲ့မေးခွန်းလေးတွေနဲ့အတူ ရင်ထဲရှိတဲ့အတိုင်း ဖြေပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ပရိသတ်ကြီးရေ မြတ်သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေထဲက ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ ဖြေပေးခဲ့ပါဦးနော်။



Source – Myat Thu Thu
Rainbow- Cele Gabar


#ဇာတ်လမ်း
#ပရိသတ်ကြီး
#အလှူ
#ဇာတ်ရုပ်
#ဇာတ်အိမ်

Some text some message..