ကလေးဘ၀ အမှတ်တရတွေထဲက ကာတွန်းဘိုဘို
၁၉၉၀ ခုနှစ်တစ်ဝိုက်မှာ မွေးဖွားခဲ့တဲ့သူတိုင်း ငယ်စဉ်က ကာတွန်းဘိုဘိုကို ဖတ်ဖူးကြမှာပါ။ ကာတွန်းမင်းဇော်၏ ဘိုဘိုပါဝင်သောဆိုတဲ့ မျက်နှာဖုံးစာသားပါ ကာတွန်းစာအုပ်က တစ်ချိန်က စာအုပ်အငှားဆိုင်တွေတိုင်းမှာ တင်ထားရတဲ့စာအုပ်ပါ။
ဘိုဘို၊ အီးတီ၊ မိနီ၊ ဖက်တီး၊ ကိုဖြိုးတို့ပါဝင်တဲ့ သိပ္ပံကာတွန်းရုပ်ပြစာအုပ်ကို တစ်ချိန်က ကလေးငယ်တိုင်း နှစ်သက်စွဲမက်ခဲ့ကြပါတယ်။ အဲဒီ ကာတွန်းဘိုဘိုဇာတ်ကောင်ကို ရေးဆွဲတဲ့ ကာတွန်းဆရာမင်းဇော် ကိုယ်တိုင်က ဘိုဘိုကာတွန်းဇာတ်ကောင်ကို စတင်ရေးဆွဲခဲ့စဉ်က ဆယ်ကျော်သက်အရွယ်ပဲရှိပါသေးတယ်။
၁၉၈၈ ခုနှစ်မှာ ၈၈ အရေးအခင်းကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။ အဲဒီအချိန်က ကာတွန်းဆရာမင်းဇော် တစ်ယောက် ဆယ်တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်တက်ဖို့ ကျောင်းဖွင့်ချိန်ကို စောင့်ဆိုင်းနေတဲ့ကာလပါ။ ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မလဲ မသိရတာကြောင့် ဝါသနာပါရာ ကာတွန်းတွေရေးဆွဲပြီး ဂျာနယ်နဲ့ မဂ္ဂဇင်းတိုက်တွေကို ကာတွန်းစာမူတွေ လိုက်ပို့ခဲ့တယ်လို့ သူကပြောပါတယ်။
“ပထမဆုံး ဘိုဘိုဇာတ်ကောင်ကို ရွှေသွေးကာတွန်းဂျာနယ်မှာ စရေးခဲ့တာပါ။ ရွှေသွေးမှာ အတိုလေးတွေစပါပြီး မကြာဘူး နည်းနည်းနာမည်ကြီးဇာတ်ကောင်တွေနဲ့တွဲပြီး လုံးချင်းတစ်အုပ်မှာ နှစ်ယောက် သုံးယောက် ပေါင်းထုတ်တာကနေ လုံးချင်းထုတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော် အသက် ၂၀ မပြည့်သေးပါဘူး”လို့ ကာတွန်းမင်းဇော်က ဆိုပါတယ်။
ဘိုဘိုကာတွန်းဇာတ်ကောင်ကို မဖန်တီး၊ မရေးဆွဲခင်က တိရစ္ဆာန်ဇာတ်ကောင်ကာတွန်းတွေကို ရွှေသွေးကာတွန်းဂျာနယ်မှာ ရေးဆွဲဖြစ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။ ပန်းချီ၊ ကာတွန်းရေးဆွဲသူ မိသားစုဝင်ထဲမှာ မရှိပေမယ့် ဝါသနာပါတာကြောင့် ကိုယ်တိုင်လေ့လာသင်ယူရင်း ကာတွန်းဆွဲတတ်ခဲ့တယ်လို့လည်း ကာတွန်းမင်းဇော်က ပြောပါတယ်။ ပန်းချီအနုပညာကျောင်းတက်တဲ့အခါက သူ့နဲ့ရွယ်တူ သူငယ်ချင်းအချို့က ဘိုဘိုကာတွန်း စာအုပ်ပရိတ်သတ်တွေ ဖြစ်နေတာကလည်း အမှတ်တရဖြစ်ပြီး ကိုယ်ပိုင်ငွေနဲ့ တက္ကသိုလ်တက်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
ရွှေသွေးကာတွန်းဂျာနယ်က အယ်ဒီတာတွေက လူကာတွန်းဇာတ်ကောင် ဖန်တီးဖို့ အကြံပေးတာကြောင့် ဘိုဘိုကာတွန်းဇာတ်ကောင်ကို စတင်ဖန်တီးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘိုဘိုကာတွန်းလုံးချင်းစာအုပ်တွေကို ၁၉၉၀ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာပါ။ ရွှေသွေးကာတွန်းဂျာနယ်မှာပါဝင်ခဲ့တဲ့ ကာတွန်းဇာတ်လမ်းတိုတွေမှာ ကာတွန်းဘိုဘိုဇာတ်ကောင်သာပါဝင်ခဲ့ပြီး လုံးချင်းကာတွန်းစာအုပ်ထုတ်ဝေရာမှာ ဇာတ်လမ်းအရှည်ဖော်ပြဖို့လိုတဲ့အတွက် အီးတီ၊ မိနီ၊ ကိုဖြိုး၊ ဖက်တီး အစရှိတဲ့ ဇာတ်ကောင်များကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ကာတွန်းဆရာမင်းဇော်က ပြောပါတယ်။
ကာတွန်းဘိုဘိုဇာတ်ကောင်က BOBO ဆိုတဲ့ စာလုံးပါဦးထုပ်ကို အမြဲဆောင်းထားတဲ့ မျက်နှာပြည့်ပြည့် ကလေးငယ်တစ်ဦးဖြစ်ပြီး သူနဲ့တွဲဖက်ဖြစ်တဲ့ အဓိကဇာတ်ရံ ဂြိုလ်သားရုပ်ဆိုးလေး အီးတီကတော့ ဗိုက်ရွှဲရွှဲ ကတုံးပုံစံ ချစ်စရာပုံလေးနဲ့ပါ။ ဘိုဘိုက စာကျက်ပျင်း၊ မိဘတွေကို အိမ်အလုပ်ကူလုပ်ရမှာ ပျင်းတဲ့ဇာတ်ကောင်ဖြစ်ပြီး အီးတီကတော့ ဘိုဘိုလိုချင်တဲ့ သိပ္ပံလက်နက်ပစ္စည်းတွေကို တီထွင်ပေးလေ့ရှိပါတယ်။ အီးတီထွင်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့ ဘိုဘိုရဲ့ ရယ်စရာဖြစ်ရပ်၊ တစ်လွဲဖြစ်ရပ်တွေကို ဇာတ်လမ်းအဖြစ် သရုပ်ဖော်ထားတာပါ။
ဒါအပြင် ဇာတ်ရံအဖြစ် စာကျက်ရဝါသနာပါပြီး အားလုံးထဲမှာ လူကြီးဆန်တဲ့ စာကြမ်းပိုးမိနီ၊ အစားမက်ပြီးလောဘကြီးတဲ့ ဖက်တီးနဲ့ အကြွားသန်တဲ့ ကိုဖြိုးဇာတ်ကောင်တွေလည်း ဘိုဘိုကာတွန်းဇာတ်လမ်းမှာ ပါဝင်ပါတယ်။ ဘိုဘိုကာတွန်းဇာတ်လမ်းရေးဆွဲရာမှာ ကွဲပြားသည့်စရိုက်တွေကို ဖော်ပြလိုပြီး အပြိုင်သရုပ်ဖော်ရေးဖွဲ့လိုတဲ့အတွက် အခြားသောဇာတ်ကောင်တွေကို ဖန်တီးရေးဆွဲခဲ့တာဖြစ်တယ်လို့ ကာတွန်းမင်းဇော်က ပြောပါတယ်။
“အဓိကက ကလေးတွေကို ပညာပေးတာ၊ ဆုံးမသြဝါဒပေးတာ လုပ်ဖို့မဟုတ်ပါဘူး။ စာဖတ်တတ်ပြီးသားကလေးတွေအတွက်လည်း မဟုတ်ဘူး။ အဓိကက စာဖတ်တတ်စကလေးတွေ စာဖတ်ချင်တဲ့စိတ် ဖြစ်လာဖို့ အတွက်ပါ။ အဲဒါကြောင့် သူတို့ စိတ်ဝင်စားစေမယ့် အကြောင်းအရာလေးတွေရေးတယ်”လို့ ဦးမင်းဇော်က ပြောပါတယ်။ ဘိုဘိုကာတွန်းဇာတ်လမ်းတွေမှာ ကလေးငယ်တွေအတွက် ဆုံးမသြဝါဒပေးတဲ့ အချက်အလက်တွေပါဝင်ဖို့ အဓိကမထားဘဲ အဆိပ်အတောက်ဖြစ်စေမယ့် အချက်အလက်တွေ မပါဝင်ဖို့ကိုသာ အာရုံစိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“စာဖတ်တတ်စအရွယ်မှာ ကာတွန်းတွေက အရေးပါပါတယ်။ စာနည်းနည်း၊ ပုံများများပါတဲ့စာတွေ ဖတ်ကြတယ်။ ကလေးတွေက စာဖတ်တဲ့အလေ့အကျင့်ရသွားရင် နောက်ပိုင်းမှာ ဒီထက်ပိုမြင့်တဲ့ ပုံပြင်တွေ၊ ဗဟုသုတတွေကို ကလေးတွေက ရွေးဖတ်ပါလိမ့်မယ်။ လူငယ်အရွယ်မှာ အခြားဗဟုသုတစာတွေဖတ်ဖြစ်ဖို့ အခြေခံသည် ကာတွန်းစာအုပ်ပဲ”လို့ ဦးမင်းဇော်က ပြောပါတယ်။
သိပ္ပံဇာတ်လမ်းဝတ္ထုတွေကိုဖတ်ရတာ ဝါသနာပါတာကြောင့် သိပ္ပံကာတွန်းဇာတ်လမ်းကို ရေးဆွဲခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွေရရှိဖို့နဲ့ ဇာတ်ကြောင်းမထပ်စေဖို့အတွက် စာများများ ဖတ်ရှုလေ့လာခဲ့ရတယ်လို့ သူကဆိုပါတယ်။ ဘိုဘိုကာတွန်းဇာတ်ကောင်နဲ့ ဇာတ်လမ်းတွေက ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကာတွန်းဇာတ်ကားဖြစ်တဲ့ ဒိုရေမွန်နဲ့ဆင်တူနေတယ်လို့ ထင်ကြတာတွေရှိတဲ့အပေါ်မှာတော့ ဒိုရေမွန်ကို မှီပြီးရေးဆွဲခဲ့တာ မဟုတ်ဘူးလို့ ကာတွန်းမင်းဇော်က ဆိုပါတယ်။
“ဘိုဘိုဇာတ်ကောင်ဆွဲရင်းနဲ့ ဒိုရေမွန် ဂျပန်ကာတွန်းကိုလည်း တွေ့မိပါတယ်။ တူတဲ့ဇာတ်လမ်းမျိုးလေးဖြစ်လာပေမယ့် ဒိုရေမွန်ဂျပန်ကာတွန်းဇာတ်လမ်းတွေကို မှီပြီးရေးတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ဘိုဘိုဇာတ်လမ်းမှာ ကျွန်တော်ငယ်စဉ်ကဖတ်ခဲ့ရတဲ့ သိပ္ပံဇာတ်လမ်းစာရေးဆရာတွေရဲ့ လွှမ်းမိုးမှု အများကြီးပါပါတယ်”လို့ သူကပြောပါတယ်။ ခေတ်ရေစီးကြောင်းအရ ကာတွန်းဘိုဘိုဇာတ်လမ်း VCD အခွေ ထွက်ရှိခဲ့ပေမယ့် စီးပွားရေးအရ တွက်ခြေမကိုက်ခဲ့ဘူးလို့လည်း သူကဆိုပါတယ်။
လက်ရှိမှာတော့ ပန်းချီကားတွေရေးဆွဲတဲ့ဘက်ကို အာရုံစိုက်နေတာကြောင့် ကာတွန်းပုံမှန်မရေးဆွဲဖြစ်တော့တဲ့အတွက် ဘိုဘိုကာတွန်းရုပ်ပြစာအုပ်တွေ လစဉ်မထွက်ရှိတော့တာ သုံးနှစ်ဝန်းကျင်ရှိပြီလို့လည်း ကာတွန်းမင်းဇော်က ပြောပါတယ်။ ကာတွန်းရုပ်ပြစာအုပ်တွေ ဆက်လက်မထွက်တော့တာရဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုက စာအုပ်အငှားဆိုင်တွေ မရှိတော့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကလေးတွေက ကာတွန်းစာအုပ်ကို ဝယ်မဖတ်နိုင်ကြဘူး။ ငှားဖတ်ရမယ့်အချိန်မှာ ငှားဖတ်ရမယ့် စာအုပ်ဆိုင်တွေမရှိတော့ ကလေးတွေ ကာတွန်းစာအုပ် အလွယ်တကူဖတ်နိုင်ဖို့ ခက်လာတယ်။ စာအုပ်အငှားဆိုင်တွေကလည်း ခေတ်အလျှောက် မလိုအပ်လို့ မရပ်တည်နိုင်တော့တဲ့အချိန်ဖြစ်လို့ အလိုလိုပျောက်သွားတာပါ”လို့ ကာတွန်းမင်းဇော်က ပြောပါတယ်။
အရွယ်ငယ်သေးတဲ့ ကလေးတွေအတွက် စာအုပ်ကို ကစားစရာအဖြစ်သာ ထင်တဲ့အတွက် နိုင်ငံတကာမှာ ကလေးစာအုပ်တွေကို ပုံမှန်စာအုပ်တွေထက် စာရွက်သားထူတဲ့ စာရွက်ကိုအသုံးပြုကြပြီး ရောင်စုံပုံတွေနဲ့ ထုတ်ကြတယ်လို့လည်း သူကပြောပါတယ်။
“နိုင်ငံတကာက ကလေးစာအုပ်တွေက ကတ်ထူစာရွက်နဲ့ ထုတ်တာများတယ်။ ကလေးတွေအတွက်စာအုပ်က အဲလိုဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ တတ်နိုင်သလောက် နည်းနည်းနဲ့ကျဲကျဲဝိုင်းရတာဆိုတော့ အဲလိုအဆင့်မလုပ်နိုင်ဘူး။ တစ်ကယ်က လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကလေးစာအုပ်ဈေးကွက်က အရင်ကထက်စာရင် ပိုမိုတိုးတက်လာပါပြီ” လို့ ကာတွန်းမင်းဇော်က ပြောပါတယ်။ လက်ရှိ မြန်မာကာတွန်းရုပ်ပြစာအုပ် အခြေအနေကတော့ ခေတ်ကောင်းတယ်တော့မဟုတ်ဘူးလို့ သူကပြောပါတယ်။
“ရေးဆွဲတဲ့သူမှာလည်း ရေးဆွဲတဲ့အခက်အခဲရှိတယ်။ ဖတ်တဲ့သူကလည်း ဈေးကြီးရင်မဝယ်နိုင်ဘူး။ ရေးတဲ့သူကလည်း စားဝတ်နေရေးအတွက် ငွေကြေးလုံလုံလောက်လောက်မရရင် မဖန်တီးနိုင်ဘူး။ အခုအခြေအနေမှာလည်း သိပ်ကောင်းတဲ့ဈေးကွက်အခြေအနေတော့မရှိဘူး” လို့လည်း ဦးမင်းဇော်က သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ဘိုဘိုကာတွန်းစာအုပ်ပေါင်း ၁၅၀ ကျော် ၂၀၀ နီးပါးထွက်ရှိပြီးဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမင်းဇော်ဟာ လက်ရှိမှာ ဘိုဘိုကာတွန်းကို ဖန်တီးရေးဆွဲခဲ့တဲ့ သက်တမ်းက အနှစ် ၃၀ ဝန်းကျင်ရှိနေပါပြီ။ ကလေးဘဝက ရတဲ့မုန့်ဖိုးတွေထဲကအချို့ကို စာအုပ်ငှားခအဖြစ် အသုံးပြုခဲ့တဲ့ လက်ရှိ လူလတ်ပိုင်းအရွယ်ရောက်နေသူတို့ရဲ့ ငယ်စဉ်မှတ်ဉာဏ်တွေထဲတော့ သူငယ်တန်းအရွယ် ဘိုဘိုကောင်လေး အမြဲရှိနေမှာပါ။