‘မာလာမြိုင်မိုးရာသီ’ သဘင်ပွဲတော်၌ အဂ္ဂါမိုးဝင်းနှင့် အေးမြဖြူတို့က လာရောက်ပူးပေါင်း ကပြ ဖျော်ဖြေ ပေးမည်
mmtimes.com
|
2020-11-20



‘မာလာမြိုင်မိုးရာသီ’ သဘင်ပွဲတော်၌ အဂ္ဂါမိုးဝင်းနှင့် အေးမြဖြူတို့က လာရောက်ပူးပေါင်း ကပြ ဖျော်ဖြေ ပေးမည်

ကိုဗစ်ကာလအတွင်း ပရိသတ်များ စိတ်အပန်းပြေစေမည့် ‘မာလာမြိုင်မိုးရာသီ’ သဘင်ပွဲတော်တွင် ဇာတ်မင်းသားများဖြစ်သည့် တင်မောင်ဆန်းမင်းဝင်းနှင့် ဟန်ဇာမိုးဝင်းတို့က နိုဝင်ဘာ ၂၁ နှင့် ၂၂ ရက်တို့တွင် အဂ္ဂါမိုးဝင်းနှင့် အေးမြဖြူတို့က လာရောက်ပူးပေါင်း ကပြဖျော်ဖြေ တင်ဆက်ပေးမည်ဖြစ်ကြောင်း တင်မောင် ဆန်းမင်းဝင်းက မြန်မာတိုင်းမ်သို့ ပြောသည်။

“ကျွန်တော်တို့ သဘင်ဖျော်ဖြေပွဲအနေနဲ့ တစ်ပတ်ကို နှစ်ရက်တော့ တင်ဆက်ပေးမှာပါ။ ကျွန်တော်တို့ ဒီအပတ်တော့ အဂ္ဂါမိုးဝင်းရယ် အေးမြဖြူရယ်က ပါဝင်တင်ဆက်ကြမှာပါ။ ဒီအပတ် အေးမြဖြူနဲ့ ကျွန်တော်က နှစ်ပါးသွားကမှာပါ။ ကျွန်တော်တို့ ကရက်နှစ်ရက်တိုက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ နှစ်ပါးသားခွင်ကို တစ်ခါမှမက ဖူး ဘူး။ ငယ်ငယ်တုန်းက ကဖူးမှာပေါ့။ ကျွန်တော်တို့ နှစ်ပါးခွင့် တစ်ခွင့်စာကို အားလုံးစုပြီး ကျွန်တော် ကိုယ်တိုင် သေချာသင်ပေးထားပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေအကုန်လုံးက Quarantine ဝင်ပြီးတော့ အလုပ်လုပ် ကြပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သဘင်ပွဲတော်တွင် ‘ဒေဝစ္စတာ’သီချင်းဖြင့် တင်မောင်ဆန်းမင်းဝင်း နှင့် အေးမြဖြူတို့က ကပြ ဖျော်ဖြေမည်ဖြစ်ပြီး ‘ရွှေမိုးငွေမိုး’ နှင့် အောင်ပါစေ သီချင်းကို ဟန်ဇာမိုးဝင်း ၊ တင်မောင်ဆန်းမင်းဝင်း နှင့် အေး မြဖြူတို့က သီဆိုဖျော်ဖြေကြမည် အပြင် အော်ပရာ ၊ ပြဇာတ်တချို့ပါဝင်မည်ဖြစ်သည်။ မာလာမြိုင်မိုးရာသီ သဘင်ပွဲတော်ကို ရပ်နားပြီး ‘ဆောင်းရာသီသဘင်ပွဲ’ အမည်ဖြင့် အပတ်စဉ်အပြင်မှ နာမည်ကြီး အနုပညာရှင်များဖြင့် ပူးပေါင်း တင်ဆက် ကပြသီဆိုဖျော်ဖြေ ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ကိုဗစ်ကာလဆိုပေမယ့် ပရိသတ်ကို စေတနာနဲ့ စိတ်အပန်းဖြေဖို့ ဖျော်ဖြေပေးတာပါ။ တကယ်လို့ ဘာမှမလုပ်ပဲထိုင်နေလို့လည်း ရပါတယ်။ ပွဲတွေကဖို့က ကြာဦးမှာမို့ ပွဲမကပေမယ့်လည်း အွန်လိုင်းက ရသလေးတစ်ခုပေးနိုင်လို့လည်း ပျော်ပါတယ်။ ကြည့်ရတဲ့ပရိသတ်အနေနဲ့လည်း ထိထိမိမိ မေတ္တာနဲ့သေချာ ဖျော်ဖြေ တင်ဆက်တာပါ။ အိမ်မှာ Stay Home နေရသူတွေအတွက် ပျင်းနေမယ့်အစား မာလာမြိုင်ပွဲလေးကို ကြည့်ပါလို့ ပြောချင်ပါတယ်။ အနုပညာနဲ့ ကုသိုလ်ယူနေချင် တမျိုးပါပဲ ၊ မာလာမြိုင်ဆောင်းရာသီလည်း ထပ်တိုး ကပြဖျော်ဖြေပေးမှာပါလို့ ပြောချင်ပါတယ်။ အိမ်မှာနေရင် ပျော်အောင်နေလို့ရတယ်လို့ ကျန်းမာရေးစကားလက် ဆောင်ပါးချင်ပါတယ်”ဟု တင်မောင်ဆန်းမင်းဝင်းက ဆက်လက်ပြောသည်။

၎င်းသဘင်ပွဲကို နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီတွင် အဂ္ဂါမိုးဝင်း ကလည်းကောင်း၊ နိုဝင်ဘာ ၂၂ ရက် တွင် အေးမြဖြူ တို့ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး Marlarmyaing Group Page ၊ Myanmar Media 7 Page ၊ 7th Sense Creation Page တို့မှ တိုက်ရိုက်Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ကာ Channel K ရုပ်သံလိုင်းမှ ည ၉ နာရီ တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။


#အဂ္ဂါမိုးဝင်း
#သဘင်
#မာလာ
#ဟန်ဇာမိုးဝင်း
#ပွဲတော်

Some text some message..