ရုရှား ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံး ဒါရိုက်တာဆု ‘နို့ဘီလူး’ ရုပ်ရှင်ဇာတ်ကားမှ လူမင်း ဆွတ်ခူး
mmtimes.com
|
2020-11-29



ဓာတ်ပုံ-နို့ဘီလူး

ရုရှား ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံး ဒါရိုက်တာဆု ‘နို့ဘီလူး’ ရုပ်ရှင်ဇာတ်ကားမှ လူမင်း ဆွတ်ခူး

ရုရှားနိုင်ငံ မော်စကိုအခြေစိုက် “ Eurasia International Monthly Film Festival” တွင် Best Director Winner အကောင်းဆုံး ဒါရိုက်တာဆုအနေဖြင့် ‘နို့ဘီလူး’ ရုပ်ရှင်ဇာတ်ကားမှ လူမင်း ရွေးချယ်ခံရ ကြောင်း သိရသည်။

“အစ်ကိုကတော့ ဒီဆုတွေရတာကို အတိုင်းမသိ ဝမ်းသာပါတယ်။ အမှန်အတိုင်းပြောရရင် ဆုတွေရ တာကို ကိုယ့်တစ်ယောက်တည်း အကွက်ပြီးတော့ ဝမ်းသာတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ့် လုပ်ဖော်ကိုင်ဖက် တစ်ဖွဲ့သားလုံးအတွက် ဝမ်းသာပါတယ်။ အောင်သီရိက ထုတ်လုပ်သူ၊ ဇာတ်ပို့ ဇာတ်ရံအစ သရုပ်ဆောင်တွေအကုန်လုံးကလည်း ကိုယ်ကျရာနေရာမှာ ဒါရိုက်တာဖြစ်တဲ့ ကိုယ်လိုချင်တဲ့အတိုင်း ကွက်တိဖြစ်အောင် သရုပ် ဆောင်ပေးကြတယ်။ ဒီအတွက် အားလုံးအတွက် ကျေနပ်ပီတိဖြစ်ရပါတယ်”အကယ်ဒမီ လူမင်းက ပြောသည်။

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော် ၁၁ ခုသို့ ပေးပို့ ယှဉ်ပြိုင်ထားသည်ဟုသိရသည်။ အဆိုပါပေးပို့ ယှဉ်ပြိုင်ထားသည့် ရုပ်ရှင်ပွဲတော်များအနက် ရုပ်ရှင်ပွဲတော် ၂ ခုတွင် နို့ဘီလူး ဇာတ်ကားက ဆု များ ရရှိခဲ့ပြီးဖြစ်သည်။

ယင်းသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ရုပ်ရှင်များအနက် နိုဝင်ဘာလအတွင်း ဘူတန်နိုင်ငံ၌ ကျင်းပသော Druk International film festival (DIFF) ဆုချီးမြှင့်သည့် 16th Season Sept 2020 Competition တွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု စသည့် ထူးချွန်ဆု (၄)ဆုကို ရရှိထားသည်။ ၎င်းပွဲတော်တွင် နို့ဘီလူး ဇာတ်ကားသည် အမေရိကန် ၊ ဂျာမနီ ၊ ပြင်သစ်၊ စပိန် ၊ အင်္ဂလန် ၊ ဂျပန် ၊ အိန္ဒိယ ၊ထိုင်ဝမ် စသည့်နိုင်ငံများမှ ဇာတ်ကားများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ Calcutta International Cult Film Festival တွင် အကောင်း ဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု ၊ အမျိုးသားဇာတ်ဆောင်ဆု ၊ အမျိုးသမီးဇာတ်ပို့ဆု နှင့် ထုတ်လုပ်သူဆု ၅ ဆု ကို ဆွတ်ခူးထားသည်။

၎င်းဇာတ်ကားသည် ၂၀၂၁ ခုနှစ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ထပ်မံကျင်းပမည့် Eurasia Festival live screening event (ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ) အတွက်လည်း ဆန်ခါတင်အဖြစ် ဆက်လက်ရွေးချယ်ခံထားရ ကြောင်း သိရသည်။ နို့ဘီလူးဇာတ်ကားသည် အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇာတ်လမ်း ပန်းချီရွှေအေးကို၊ ဇာတ်ညွှန်း ဦးငြိမ်းမင်း၊ ဒါရိုက်တာ လူမင်းက ရိုက်ကူးထားပြီး သရုပ်ဆောင်အနေဖြင့် လူမင်း၊ ဇေရဲထက် ၊ရွှေမှုံရတီ၊ဒေါ်မြတ်မွန် စသည့် အနုပညာရှင်များ ပါဝင်သည်။

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ရုံတင် ပြသခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆန်ကာတင် စာရင်း၌ ပါဝင်ခဲ့သည်။ လက်ရှိ ရုရှားနိုင်ငံမှ ရရှိခဲ့သောဆုဖြင့် နို့ဘီလူး ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာဆုသည် တတိယမြောက် ဆုဖြစ်ပြီး ဒါရိုက်တာ လူမင်းအတွက်လည်း အကောင်းဆုံး ဒါရိုက်တာဆု ၃ ဆု တိတိ ဆွတ်ခူးရရှိထားပြီးဖြစ်သည်။


#လူမင်း
#ဘီလူး
#ဇာတ်ကား
#ဒါရိုက်တာ
#ရုပ်ရှင်

Some text some message..