ဓာတ်ပုံ - ဦးအေးကြူလေး
အကယ်ဒမီ အေးအေးသင်း (အသက် ၇၅ နှစ်) နှလုံးရောဂါဖြင့် ကွယ်လွန်
မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဇာတ်ပို့ဆု နှစ်ကြိမ်ရရှိခဲ့သော အကယ်ဒမီ အေးအေးသင်း (အသက် ၇၅ နှစ်)သည် နှလုံးရောဂါဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၅မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက မြန်မာတိုင်းမ်သို့ ပြောသည်။
“ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူ့ကတော့ စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်ပါ။ အရင် ၈၈ အရေးခင်းပြီးကတည်းက ဇာတ်ကားတွေ မရိုက်ရတော့ဘူး။ ဇာတ်ကား မရိုက်ပေမယ့်လည်း ဒီအတိုင်းပဲနေတယ်။ ဗေဒင်တွေ ဟောတယ်။ နောက်ပိုင်းမှာ မှော်ဘီ ၂ ဧကလောက်ကျယ်တဲ့ ခြံကြီးဝယ်တယ်။ ဘာသာ ရေးပဲ လုပ်တော့မယ်ဆိုပြီးတော့ ခြံကြီးကို သူ့နေတဲ့နေရာပဲ ချန်ပြီး ဘုန်းကြီးကျောင်းလှူလိုက်တယ်။ သူနေတဲ့ အိမ်ကိုလည်း သူသေရင် တစ်ခါတည်းအပြီး လှူထားခဲ့တယ်။ ဘယ်အရာမှ သံယောဇဉ်တွယ် မထားဘူး။ စိတ်ဓာတ်က အရမ်းခိုင်မာသူ တစ်ယောက်ပါ”ဟု ၎င်းကပြောသည်။
၎င်း၏ ရုပ်အလောင်းကို မှော်ဘီသုသာန်တွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပြီး အကယ်ဒမီ အေးအေးသင်းသည် မကွယ်လွန်မီတွင် မှော်ဘီမြို့၌ အစ်ကိုတစ်ဦး၏ သမီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်သည်။
အကယ်ဒမီ အေးအေးသင်းသည် ၁၉၇၁ ခုနှစ်တွင် ဒါရိုက်တာ စံရွှေမောင် ရိုက်ကူးသည့် “မာယာ ထောင်ချောက်” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကိုလည်းကောင်း ၊ ၁၉၇၃ ခုနှစ်တွင် ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသည့် “ဇာခန်းဆီး နောက်ကွယ်မှာ”ရုပ်ရှင် ဇာတ်ကားဖြင့်ဇာတ်ပို့ဆုကိုလည်းကောင်း နှစ်ကြိမ်တိုင် အကယ်ဒမီ ဆွတ်ခူးထားသူဖြစ်သည်။
၁၉၈၈ ခုနောက်ပိုင်းတွင် ကားရိုက်ကူးခြင်းမရှိတော့ဘဲ မေသုခအမည်ဖြင့် ဗေဒင်ခန်းဖွင့်၍ဟောခဲ့သည်။ မှော်ဘီမြို့တွင် ၎င်းပိုင်ခဲ့သော၂ ဧကခန့်ရှိ မြေအား ဘုန်းကြီးကျောင်းသို့ လှူဒါန်းထားသူလည်း ဖြစ်သည်။ အကယ်ဒမီ အေးအေးသင်းသည် မိမိအိမ်နေရာနှင့် ခြံဝင်းလေးသာ ချန်ထားပြီး အကုန်လှူခဲ့ခြင်းဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် လက်ရှိသူနေထိုင်သော အိမ်နှင့်ခြံကိုပါ ဘုန်းကြီးကျောင်းသို့ တစ်ဆက်တည်း လှူ ဒါန်းသွားခဲ့သည်။ သရုပ်ဆောင်ရာတွင် ထူးချွန်ပြောင်မြောက်သကဲ့သို့ သူ့စိတ်ကိုနိုင်သူတဦးဖြစ်သည်ဟုလည်း ဆိုကြသည်။