အဆိုတော် ရတနာမိုင်။ ဓာတ်ပုံ-ရတနာမိုင်
မိုင်လေးချစ်တဲ့ ပရိသတ်အတွက် အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်
ဒီဇင်ဘာ ၂၇ ရက်တွင် V7 Entertainment ထွက်ရှိမည့် 'MAMA အထာ' Music Video အကြောင်း၊ Online Live Sale ရောင်းနေသည့်အကြောင်း၊ ဂီတပိုင်းနဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်မည့်အကြောင်းနှင့်စပ်လျဉ်း၍ အဆိုတော်ရတနာမိုင်အား မေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-
‘MAMA အထာ’ ဆိုတဲ့ သီချင်းလေး ဖန်တီးဖြစ်တာကို ပြောပါဦး။
တကယ်တော့ ဒီသီချင်းက ကိုဗစ်မတိုင်ခင်ကတည်းက ဆိုထားတာပါ။ မိုင်လေး ထွက်မယ့်အချိန်မှာ ကိုဗစ်က စဖြစ်တယ်။ ၂၀၂၀ မတ်လပိုင်းထဲက သီချင်းက ပြီးနေတာပါ။ တေးရေးကတော့ ဝေကြီးပေါ့။ ကိုဗစ် Second Wave ဖြစ်ပြီးတော့ နည်းနည်းလုပ်လို့ရတယ့်အချိန်မှာ ထွက်ဖြစ်မှာပါ။ မိုင်လေးက ‘MAMA အထာ’ ဆိုတဲ့ သီချင်းလေးကို ဒီဇင်ဘာ ၂၇ ရက်မှာ V 7 Entertainment ကနေ ဖြန့်မယ်။ မမတွေအတွက် ရည်ရွယ်ပြီးတော့ ဆိုထားတဲ့ သီချင်းလေးပါ။ ဒီသီချင်း Music Video ကိုတော့ ဒါရိုက်တာပြည့်ဖြိုးနိုင်၊ အဆိုတော် မောင်လေး အုပ်စိုးခန့်နဲ့ ရိုက်ကူးထားပါတယ်။
Music ကရော မိုင်လေး ဆိုနေကျ ပုံစံမျိုးလေးလား။ ကိုဗစ်ကာလမှာ Music Video ထွက်ရတယ်ဆိုတော့ ပြောပါဦး။
တကယ်တော့ ဒီသီချင်းပုံစံ မိုင်လေး မဆိုဖူးသေးဘူး။ ပုံစံလေးက တစ်မျိုးလေးမို့ ပရိသတ်တွေ နားဆင်ကြည့်ပါလို့ ပြောချင်ပါတယ်။ မိုင်လေးက ဒီသီချင်းကို Music Video ထွက်မယ်ဆိုတော့ ရှုတင်မှာ အသည်းအသန် ဖုတ်ပူမီးတိုက် အကပိုင်းတွေ တစ်ခါတည်းသင်၊ တစ်ခါတည်းကပြီး ရိုက်ဆိုတော့ မိုင်လေးအတွက် နည်းနည်းလေးတော့ အခက်အခဲရှိပေမယ့် နောက်ပိုင်းအဆင်ပြေသွားပါတယ်။
လက်ရှိ မိုင်လေးအနေနဲ့ Live Sale ရောင်းဖြစ်တယ်ဆိုတော့ ပြောပါဦး။
မိုင်လေး Live Sale ရောင်းချိန်မှာ ပရိသတ်တွေနဲ့ နီးနီးစပ်စပ် ထိတွေ့ခွင့်ရတယ်။ တချို့ဆိုရင် မိုင်လေး ပရိသတ်တွေက မိုင်လေးဝတ်ထားတဲ့ဟာကို လက်ဝတ်ရတနာတစ်လုံးကို ဘာမပြော ညာမပြော ယူကြတယ်။ မိုင်လေး ဝတ်ထားတာလေးဆိုပြီး လက်ကောက်တို့ လက်စွပ်တွေ နားကပ်တွေ အကုန် ပုသိမ်ကဆိုရင် တစ်ခါတည်း ဝယ်သွားတယ်။ သူတို့ မိသားစုက အမြဲဝယ်ယူအားပေးကြတယ်။တစ်ခုကောင်းတာက ကိုယ့်ရဲ့ ချစ်ပရိသတ်တွေနဲ့လည်း စကားပြောရတယ်။ ရတနာဆိုတာ တန်ဖိုးကြီးတယ်ဆိုပေမယ့် ကိုယ့်ပရိသတ်က အားပေးကြလို့ ပျော်တယ်။ ပိုကောင်းပါတယ်။
ကိုဗစ်ကာလမှာ ဂီတပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ဖြစ်တာရှိမလဲ။
အိမ်မှာနေချိန်တော့ ပီယာနိုတီးတွေ ပြန်လေ့ကျင့်ဖြစ်တယ်။ လက်ရှိတော့ မိုင်လေး အသံတွေဝင်နေတယ်။ မိုင်လေးက တကယ်တော့ အပုဒ် ၃၀ ဆိုရရင် အသံဝင်လေ့မရှိဘူး။ Live Sale ကျတော့ ရောင်းသူဝယ်သူအဆင်ပြေအောင် ပေါင်းကူးတံတားလေးလို့ ညှိပေးရတော့ အသံတွေဝင်ကုန်ရော။ အရင် စတိတ်ရှိုးတွေ ပွဲတွေကူးဆိုတုန်းက အသံဝင်လေ့ဝင်ထမရှိဘူး။ ဘယ်လိုလုပ်အသံဝင်လည်း မသိပါဘူး အံသြမိပါတယ်။ ညှိနှိုင်းရင်း အသံဝင်သွားတယ်ထင်ပါတယ်။
ကိုဗစ်ကာလက အချိန်ဘယ်လောက်ကြမလဲ မသိသေးဘူးဆိုတော့ မိုင်လေးအနေနဲ့ ဂီတပိုင်းမှာ ပရိသတ်အဆက်အပြတ်အောင် ဘယ်လိုစဉ်းစားထားတာရှိမလဲ။
မိုင်လေးက ပရိသတ်နဲ့ အဆင်မပြတ်အောင်တော့ MAMA အထာ ထွက်မယ်။ နောက် သီချင်းလေးတွေလည်း ခြောက်လတစ်ခါ ဆက်ထုတ်သွားဖို့ စဉ်းစားထားပါတယ်။ တစ်နှစ်ကို Single Song နှစ်ပုဒ်ထွက်မှာပါ။ မိုင်လေး တစ်ကိုယ်တော်အတွက်ကတော့ မိုင်လေးမေမေရဲ့ သီချင်းတွေကို Selection အနေနဲ့ထွက်သွားဖို့ ရှိပါတယ်။ ကိုဗစ်ကြောင့် နည်းနည်းနောက်ကျသွားတာပါ။ သင်္ကြန်လွန်ပြီးမှပဲ ထွက်ဖို့ မထွက်ဖို့ စဉ်းစားရမှာပါ။
မိုင်လေးကို အားပေးတဲ့ ပရိသတ်တွေကို ဘယ်လိုအားပေးစကားပြောချင်လဲ။
ကိုဗစ်ကာလမို့ ပရိသတ်တတ်နိုင်သလောက် အိမ်ထဲမှာ နေပေးကြပါလို့ ။ တကယ်လို့ လိုအပ်လို့ အ ပြင်ထွက်ရင် Mask တပ်ပါ။ အကာအကွယ်နဲ့ သွားလာကြပါလို့ ကျန်းမာရေး စကားလက်ဆောင်ပါးချင်ပါတယ်။ မိုင်လေးကို အားပေးတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မိုင်လေး ချစ်ပရိသတ်အတွက် အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ MAMA အထာကို နားဆင်မယ့် မမတွေလည်း ကိုယ့် Crust ကလေးတွေနဲ့ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။
ပရိသတ်အတွက် နှစ်သစ်ဆုမွန်တောင်းစကားလေး ပြောပေးပါဦး။
ပရိသတ်တွေအတွက် Happy New Year ပါလို့ ကိုဗစ်မြန်မြန်ပြီးသွားပါစေ။ ကိုဗစ်ဆိုတဲ့ ရောဂါဆိုးကြီးက ၂၀၂၀ ခုနှစ်မှာ ကျန်ခဲ့ပြီးတော့ လာမယ့် နှစ်သစ် ၂၀၂၁မှာ ပရိသတ်တွေ စီးပွားရေးတွေ ဒီရေအလား တိုးတက်ပါစေ၊ ကျန်းမာရေးတွေ ကောင်းပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေလို့ ပြောချင်ပါတယ်။