ဝဋ်လည်ခြင်း
mmtimes.com
|
2020-12-27



ဝဋ်လည်ခြင်း

ဝဋ်လည်တယ်ဆိုတဲ့ သဘောတရားကို မြန်မာလူမျိုးတိုင်း နားလည်ကြပါတယ်။ လက်ခံကြပါတယ်။ ကြက်ကလေး၊ ငှက်ကလေးတွေကို နာကျင်အောင် လုပ်တာမျိုးကအစ ကြီးမားတဲ့ မကောင်းမှုမျိုးအထိ 'ဝဋ်လည်တတ်တယ်' လို့ လူကြီးသူမများက ပြောဆိုဆုံးမလေ့ရှိတာပါ။ ချက်ချင်းလက်ငင်း တုံ့ပြန်ခံစားရတာမျိုးရှိသလို နောင်ကာလကြာမှ ခံစားရတာမျိုးလည်း ရှိတဲ့အတွက် ဝဋ်လည်မှာကို မကြောက်တဲ့လူတွေ များပါတယ်။

ကြုံဖူးတဲ့လူတွေကတော့ ထိတ်လန့်ကြလို့ နောင်ဝဋ်မလည်အောင် ရှောင်ကြတယ်။ ဝဋ်လည်တယ်ဆိုတာ ကိုယ်လုပ်ခဲ့တဲ့အတိုင်း ကိုယ်ပြန်ခံရတာလို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်နိုင်မယ် ထင်ပါတယ်။ သူတစ်ပါးချစ်ခြင်းကို ခွင်းရဖို့ ကိုယ်လည်း ကိုယ့်ချစ်သူနဲ့ ကွဲရတတ်တာမျိုး၊ သူတစ်ပါးကိုလိမ်ရင် ကိုယ်လည်း အလိမ်ခံရတာမျိုးဖြစ်သဖြင့် 'မကောင်းမှု' တွေအတွက်ပဲ ညွှန်းတာဖြစ်ပါတယ်။ တူသောအကျိုး ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကို ပြောချင်ပါတယ်။

အခု ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မိတ်ဆွေရဲ့ကိုယ်တွေ့ပါ။ သူက အဆိုတော်ဖြစ်ပါတယ်။ နာမည် သိပ်ကျော်တာ မဟုတ်ပေမယ့် ပွဲအတော်အသင့်ရတဲ့ အဆိုတော်ပါ။ ခေတ်ဟောင်း ခေတ်သစ် သီချင်းအစုံရတယ်။ သူ့ခင်ပွန်းက တေးရေးသူတစ်ဦးဖြစ်ပြီး တူရိယာအဖွဲ့တစ်ဖွဲ့ ထောင်ထားတယ်။ စီးပွားရေး အသင့်အတင့် အောင်မြင်ပါတယ်။ သူတို့မှာ ရှားရှားပါးပါး သားလေးတစ်ယောက် ရပါတယ်။ အဲဒီအခါ သူ့ခင်ပွန်းက သားလေးကို ရှင်ပြုတဲ့အခါ မိဘနှစ်ပါးစလုံးလည်း သင်္ကန်းဝတ်၊ သီလရှင်ဝတ်ကြမယ်လို့ ဆုံးဖြတ်ထားသတဲ့။

အဆိုတော် မိန်းကလေးနဲ့ ကျွန်မက အိမ်ချင်းလည်း နီးတယ်။ သူ့မိသားစုကိစ္စ ကိုယ့်အတွင်းရေး တိုင်ပင်လို့ရတယ်။ အထူးသဖြင့် ၁၉၈၈ မတိုင်ခင် ကျွန်မလုပ်ခဲ့တဲ့ 'လွတ်လပ်ရေးတိုက်ပွဲဝင်တေးများ' ဟောပြောတင်ဆက်ပွဲမှာ သူ့ကို အမာခံအဆိုတော်အဖြစ် အားထားခဲ့ရတာပါ။ သူက အရွယ်ကောင်းတုန်း၊ အလှကြွယ်တုန်း ပြင်လိုက်၊ ဆင်လိုက်ရင် ကြွရွနေတာဖြစ်ပေမယ့် ယိုယွင်းချက် တစ်ခုကတော့ ဆံပင်အတော်ပါးခြင်းပါပဲ။ ထိပ်ပြောင်လုခမန်း၊ ပလူမွေး ပလူတောင် ဆံပင်ပါ။ ဆံပင်အတုလည်း ခေတ်မစားသေး။ သူ့ခမျာ သူ့ဆံပင် နီကျဲကျဲ၊ ကျဲပါးပါးလေးလို အားမလိုအားမရနဲ့ဘဲ ပွဲဝင်ခဲ့ရရှာပါတယ်။

သူတို့သားရှင်ပြု မိဘနှစ်ပါး သာသနာ့ဘောင်ဝင်တဲ့ အလှူကိုလုပ်တော့ သွားရောက်ပါဝင်ခဲ့ရပါတယ်။ အဲဒီနောက် နှစ်လကြာမှ ပွဲဖျော်ဖြေမယ့်ကိစ္စပေါ်လို့ သူ့ဆီ ကျွန်မ သွားရတယ်။ (အဲဒီခေတ်က ဘယ်သူ့မှာမှ ဖုန်းမရှိ) ဒီအခါ သူ့ကို မြင်မြင်ချင်း ဟမ်ခနဲ ဖြစ်ရပါလေရော။ မြင်ရတဲ့သူ့ပုံစံက သီလရှင်ဝတ်စဉ် ခေါင်းတုံးရိတ်ခဲ့တဲ့နေရာမှာ ပြန်ပေါက်နေတဲ့ ဆံပင်တွေက အံ့သြစရာကောင်းလောက်အောင် ထူထဲနက်မှောင်ပြီး ဘောလုံးပန်းကြီးလို သန်မာထွားကျိုင်းနေလို့ပါပဲ။

မနေနိုင်ဘဲ အံ့သြကြောင်း ပြောမိတဲ့အခါ သူပြန်ပြောတဲ့ ဇာတ်လမ်းက ထူးဆန်းလှပါရဲ့။ သူ့ဟာသူသိတယ်တဲ့။ သူဟာ အိမ်ထောင်မကျခင်လောက်က မြေညီခန်း အိမ်နောက် မီးဖိုဆောင်မှာ ထမင်းအိုး ငှဲ့နေတာတဲ့။ ဒီအချိန်မှာပဲ စားကြွင်းစားကျန် ရှာဖွေလေ့ရှိတဲ့ ခွေးတစ်ကောင်က သူ့မီးဖိုနား ရောက်လာသတဲ့။ သူက ခွေးကို အမြင်ကပ်ကပ်နဲ့ အင်တုံထဲထည့်ပြီးခါစ ထမင်းရည်ပူပူတွေနဲ့ လှမ်းပြီးပက်လိုက်ဆိုပဲ။ ခွေးခမျာ ပူလွန်းလို့ အော်တောင်မအော်နိုင်ရှာဘူး။ မကြာခင်မှာတော့ တစ်ကိုယ်လုံးအရေခွံတွေ ကွာကျကုန်တယ်တဲ့။

နောက်ပိုင်းမှာ သူ့ဆံပင်တွေ ကျွတ်တော့တာတဲ့။ ဘယ်ဆေးနဲ့မှ ဆံပင်ပြန်မပေါက်လို့ သူ 'ဝဋ်လည်' တာလို့ သိနေခဲ့တယ်တဲ့။ အဲဒီကနေ အခု သာသနာ့ဘောင်ဝင် (အဝတ်လဲ) လိုက်ပြီးတဲ့အခါ ဝဋ်ကြွေးကျေသွားပုံရတယ်။ ဆံပင်တွေ အံ့မဆုံး ပေါက်လာတာတဲ့။ ကျွန်မလည်း သူပြောတာကို ယုံကြည်ခဲ့ပါတယ်။ ကျွန်မမှာလည်း (ခုထိ ဝဋ်ကြွေးမကုန်သေးတဲ့) မကောင်းမှုတစ်ခု ရှိခဲ့ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပြီဖြစ်ပေမယ့်။ အခုထိ ဝဋ်က မကျေသေးကြောင်း၊ ကိုယ့်ဘာသာ သိနေပါတယ်။ စာဖတ်သူများအတွက် အကျိုးရှိမယ်ထင်လို့ ပြောပြချင်ပါတယ်။

ဝတ္ထုရေးတဲ့ စာရေးဆရာ အတော်များများဟာ သူတို့ရဲ့ ကိုယ်ရေးအကျဉ်းမှာ 'ဘယ်ဝတ္ထုကို ရုပ်ရှင်ရိုက်ခဲ့ကြောင်း' ဂုဏ်ယူပြီး ဖော်ပြလေ့ ရှိပါရဲ့။ ကျွန်မမှာတော့ အဲဒီလို တစ်ခုမှမဖော်ပြနိုင်ခဲ့ဘူး။ ရုပ်ရှင်သမားတွေ မဝယ်လို့လားဆိုတော့ ဝယ်ပါတယ်။ ဝယ်တာမှ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော် ၁၉၆၈ ခုနှစ်ကတည်းက ဝယ်ကြတာ။ အခု ၂ဝ၂ဝ ပြည့်နှစ်အထိ မကြာမကြာ အဝယ်ခံရသော်လည်း ရုပ်ရှင် ဖြစ်မလာပါ။ သေးသေးလေးဖြစ်တဲ့ 'ဝတ္ထုတို' ဇာတ်လမ်းတိုလေးတောင် မစွံပါ။ ကျွန်မက မအံ့သြပါဘူး။ အတွေ့အကြုံများလှပြီမို့ ဒီကိစ္စကို 'ဝဋ်' အဖြစ် သဘောပေါက်ပါတယ်။

၁၉၉၈ ခုနှစ်ကပါ။ အဲဒီကာလ ကျွန်မက ဗန်းမော်မှာ ဆရာမလုပ်တုန်း။ ရှုမဝမှာ ဝတ္ထရှည် 'ရာသီငယ်နွေ' ဆိုတာ ရေးခဲ့တယ်။ နိုင်ငံခြားဝတ္ထုတစ်ပုဒ်ရဲ့ ကျောရိုးကိုယူပြီး မြန်မာမှုပြုခဲ့တာ။ အလွမ်းဇာတ်၊ အပျော်နိဂုံးနဲ့ပါ။ အဲဒီဝတ္ထုက ဇာတ်ကွက်ဆန်းကျယ်လှပတယ်။ မြင်းကြီးစီးလာတဲ့ ဇာတ်လိုက်မင်းသား။ မွန်ရည်တဲ့ ဆရာမလေး။ အချစ်ဇာတ်၊ လျှို့ဝှက်သည်းဖို၊ အဲဒီဝတ္ထုကို ရုပ်ရှင်ကုမ္ပဏီတစ်ခုက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းပါတယ်။ ဗန်းမော်မှာ ရန်အောင်မောင်မောင်လည်း ရှိနေစဉ် သူနဲ့ တိုင်ပင်ပြီး လက်ခံကြောင်း စာပြန်လိုက်တယ်။ ကုမ္ပဏီနာမည်ကောင်းကောင်း မမှတ်မိဘူး။ ပါဠိလိုပါ။

ရက်မကြာခင်မှာတော့ ရှုမဝကိုဆွေတင့်က ကြေးနန်းရိုက်ပါတယ်။ 'ထိုဝတ္ထုကို မိုးရုပ်ရှင်ကလည်း ဝယ်မယ်' တဲ့။ ပထမကုမ္ပဏီကို ရောင်းထားတာ ကိုဆွေတင့်ကိုလည်း ပြောထားတာမို့ 'မိုးရုပ်ရှင်ကလည်း' လို့ ပြောတာပါ။ ဖြစ်ပုံက ပထမကုမ္ပဏီဟာ ဇာတ်လမ်းဖတ်ပြီး မွန်ရည်တဲ့ ဆရာမလေးအဖြစ် 'ခင်ယုမေ' ကို သွားငှားတာတဲ့။ ခင်ယုမေက ဖတ်လည်းပြီးရော မင်းသားကြီးနေရာက ကျော်ဆွေနဲ့အံကိုက်မို့ သူတို့နှစ်ဦးပိုင် 'မိုးရုပ်ရှင်' က ရိုက်ချင်ရော။ ကျွန်မ ဘာလုပ်မယ် ထင်ပါသလဲ။

ကျော်ဆွေနဲ့ဆို ပျော်တာပေါ့။ ချက်ချင်း လေယာဉ်လက်မှတ်ဝယ်ပြီး ရန်ကုန်ဆင်းတယ်။ မိုးနဲ့ စာချုပ်တယ်။ (ရှုမဝရုံးခန်းမှာပါ) ပထမလက်ခံထားတဲ့ ကုမ္ပဏီကို ဘာမှအကျိုးအကြောင်း မပြောပါ။ မလိုဘူးပေါ့လေ။ ၁၉၇၁ ခုနှစ်မှာ ကျွန်မ ရန်ကုန်ပြောင်းလာတယ်။ ဘယ်တော့ ရိုက်မလဲလို့ မိုးကို ဖုန်းဆက်တော့ ကျော်ဆွေကိုယ်တိုင် ဖုန်းပြောပါတယ်။ ရိုက်မှာပါတဲ့။ (ကျော်ဆွေကို ကျွန်မက ၁၁ နှစ်သမီးကတည်းက စွဲခဲ့တာလေ။ ဖုန်းထဲမှာ သူ စကားတိုးတိုးလေးပြောတာ ကြားရတော့ ရင်တွေဖိုလို့...။)

ဒါပေမဲ့ မရိုက်ဖြစ်ခဲ့ပါဘူး။ သူတို့ချင်း ကွဲသွားကြတာ အားလုံးအသိပဲလေ။ ကိုယ်က ဘာပြောလို့ ရပါ့မလဲ။ ၁၉၇၂ ခုနှစ်လောက်မှာ မြန်မာ့အသံကလွှင့်တဲ့ ကျွန်မရဲ့ အသံလွှင့်ဇာတ် (ကျောက်စိမ်းဇာတ်လမ်း) ကို ကောလိပ်ဂျင်နေဝင်းတို့ မိသားစုပိုင်တဲ့ ရုပ်ရှင်ကုမ္ပဏီက ဝယ်ပါတယ်။ စာချုပ် ချုပ်တော့ ပျဉ်းမနားမောင်နီသင်းတောင် သက်သေအဖြစ် လက်မှတ်ထိုးခဲ့ပါသေး။ အဲဒါကို ဇာတ်လမ်း စိစစ်ရေးတင်ပြတော့ ရိုက်ခွင့်မရတဲ့။ နောက်ပိုင်း နှစ်ပုဒ်၊ သုံးပုဒ်ရိုက်မလို့ ဝယ်ကြပါသေး။ အကြောင်းတစ်ခုခုနဲ့ ပျက်တာပဲ။

လွန်ခဲ့တဲ့ ခုနစ်နှစ်ကဆိုရင် လုံးချင်းတစ်အုပ် ဆယ်သိန်းတောင်ရတယ်။ လူမျိုးခြားကုမ္ပဏီပါ။ မရိုက်ဖြစ်။ နောက်သုံးနှစ်ကြာတော့ အဲဒီဝတ္ထုကိုပဲ မြန်မာပိုင်ကုမ္ပဏီက ဆယ်သိန်းနဲ့ လက်လွှဲဝယ်။ သုံးနှစ်ထိ မရိုက်ဖြစ်။ သူတို့လောကမှာ ဝယ်ပြီး သုံးနှစ်ဆို အလိုလိုပျက်ပြယ်တယ်ဆိုပဲ။ ဒါနဲ့ မနှစ်ကတစ်ဦး ဒီဝတ္ထုကိုပဲ ဝယ်ပြန်တယ်။ ဒီအခါ ၁၅ သိန်း။ ကျွန်မက ပြုံးနေမိတယ်။ ရိုက်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်နေတယ်။ ထင်တဲ့အတိုင်း ခုဆို ကပ်ရောဂါနဲ့မို့ မေးစရာမလို။

ကျွန်မ ပိုက်ဆံတွေရပေမယ့် ကိုယ်ရေးအကျဉ်းမှာ ရုပ်ရှင်ရိုက်ခဲ့တဲ့ ဝတ္ထုအမည် အခုထိ မဖော်ပြနိုင်သေးဘူး။ ဝဋ်ကြွေးက ဘယ်တော့မှ ကျေမလဲမသိ။ တစ်ခုတော့ မြတ်ပါတယ်။ ကျွန်မ ကတိဖျက်တာမျိုး ဘယ်တော့မှ မလုပ်ရဲတော့တာပါ။ မိတ်ဆွေများလည်း မကောင်းသော ဝဋ်ကြွေးများ မလုပ်မိပါစေနဲ့လို့ ဆုတောင်းလျက်။


#ဝတ္ထု
#ဝဋ်ကြွေး
#ဆံပင်
#ဝဋ်
#ရုပ်ရှင်

Some text some message..