ပေါ့ပေါ့ပါးပါး ရယ်မောနေရမယ့် ဟာသကား
mmtimes.com
|
2021-01-14



ပေါ့ပေါ့ပါးပါး ရယ်မောနေရမယ့် ဟာသကား

ဒီတစ်ပတ်မှာတော့ ဓာတ်ရှင်က ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲမို့ ကြည့်မိသူတွေအနေနဲ့ ငါတော့ မကောင်းတဲ့ကားကိုကြည့်မိလို့ အချိန်အလဟဿဖြစ်ရပြီဆိုတဲ့ နောင်တမရစေရဘူးလို့ အာမခံရဲပါတယ်။

ဒီကားရဲ့ဇာတ်ကားအကြောင်း အနည်းငယ် ပြောမပြရသေးခင် ထူးခြားချက်ကလေးတွေကို အရင်ပြောပြချင်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက ကိုရီးယားဇာတ်ကားကြည့် ပရိတ်သက်တွေအနေနဲ့ ဇာတ်ရံအဖြစ် သိရှိထားတဲ့သူတစ်ယောက်ကို ဒီကားမှာ အဓိကမင်းသားအဖြစ် တွေ့မြင်ရမှာပါ။

သူကတော့ ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအဖြစ် မကြာမကြာ မြင်တွေ့နေရတဲ့ Yoo Hae –jin ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားနဲ့လည်း အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိထားပါတယ်။

နောက်ထပ် သူနဲ့အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Lee Joon ပါ။ မင်းသမီးတွေကလည်း မြန်မာနိုင်ငံက ရုပ်ရှင်ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ Joo Yoon-hee, Lim Ji-yeon နဲ့ Jeon Hye- bin တို့ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Yoon Jae –sung ဆိုတဲ့ လူငယ်လေးဟာ ရှုံးနိမ့်မှုတွေ၊ အကြွေးတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့ ဆုံးဖြတ်ထားတဲ့အထိပါ။ တစ်နေ့တော့ အများသုံးရေချိုးကန်မှာ ချမ်းသာပုံရတဲ့ Choi Hyung –wook က ချော်လဲပြီး ဆေးရုံရောက်သွားပါတယ်။

Choi Hyung –wook ချော်လဲသွားတဲ့ အချိန်မှာ Yoon Jae –sung က Locker သော့ကိုလဲလိုက်ပြီး Locker ထဲမှာတွေ့ရတဲ့ ပိုက်ဆံအိတ်ထဲက ငွေနဲ့ အကြွေးတွေဆပ်၊ ကားတွေယူမောင်း၊ အိမ်ကိုသွားပြီး ပျော်ပျော်ကြီးနေနေပါတယ်။

Yoon Jae –sung က ဆေးရုံလိုက်သွားပြီး ပစ္စည်းတွေပြန်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ချော်လဲပြီး အတိတ်မေ့နေတဲ့ Choi Hyung –wook ကို တွေ့လိုက်ရတဲ့အခါ ပစ္စည်းတွေ ပြန်မပေးတော့ဘဲ သူဟာ လူချမ်းသာ Choi Hyung –wook အဖြစ် ဆက်ပြီးအယောင်ဆောင် နေလိုက်ပါတော့တယ်။

အမှန်မှာတော့ သူလူစားထိုးပြီးလဲလိုက်တဲ့သူက ကြေးစားလူသတ်သမားပါ။ သတ်သေဖို့ကြိုးစားခဲ့တဲ့ အရှုံးသမားတစ်ယောက်အဖြစ် သူကိုယ်သူယုံကြည်သွားတဲ့ ကြေးစားလူသတ်သမားကရော ဘာတွေဆက်ဖြစ်မလဲ။

ရှုံးနိမ့်နေတဲ့ ဘဝကြီးကို အောင်မြင်လာအောင် ဘယ်လိုတွေ ကြိုးစားမလဲ ဆိုတာကလည်း ရုပ်ရှင်ကြည့်ရင်း တစ်ချက်မှ ပျင်းမသွားရအောင် တစ်ခန်းပြီးတစ်ခန်း ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်ပါတယ်။

ကြေးစားလူသတ်သမားနေရာ ဝင်ပြီးနေထိုင်နေတဲ့ လူငယ်လေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသဆန်ဆန် ကြည့်မြင်ရမှာပါ။ ရုပ်ရှင်ကြာမြင့်ချိန်က ၁၁၂ မိနစ်ဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း အောင်မြင်မှုရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။

ဓာတ်ရှင်ကတော့ ဒီဇာတ်ကားကြည့်ပြီးချိန်မှာ အရည်အချင်းကို အဓိကကြည့်ပြီး ဇာက်ကောင်နေရာကို သင့်တော်တဲ့သူ ရွေးချယ်အသုံးပြုတဲ့ ကိုရီးယားရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအသိုင်းအဝိုင်းကို သဘောကျမိပါတယ်။

မြန်မာနိုင်ငံက အရည်အချင်းရှိတဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း ဒီလိုအခွင့်အရေးမျိုးရရှိရင် ကောင်းမှာပဲဆိုတဲ့အတွေးလည်း ဝင်မိပါတယ်။


#ကြေးစား
#ဓာတ်ရှင်
#ဇာတ်ကား
#ဟာသ
#ရုပ်ရှင်

Some text some message..