သရုပ်ဆောင် နန်းဆုရတီစိုး။ ဓာတ်ပုံ-နန်းဆုရတီစိုး
ကိုယ်ချစ်တဲ့သူဆိုရင် ကိုယ့်ဘက်က ဘာတွေလုပ်ပေးရမလဲ၊ သူ့ရဲ့အောင်မြင်မှု ပျော်ရွှင်မှုတွေ့ရင် ကိုယ်က ပီတိဖြစ်နေတာ
ကြေကွဲမိုးတိမ်ဇာတ်ကားတွင် မိုးအေးအေး ကာရိုက်တာဖြင့် ပါဝင်သရုပ်ဆောင်ထားသည့်အကြောင်း၊ ဂီတပိုင်းမှ သရုပ်ဆောင်ပိုင်း ပြန်လည်ဝင်ရောက်လာသည့်အကြောင်း၊ မင်းအနားမှာ သီချင်း ပရိသတ်အားပေးမှု ရရှိထားသည့်အကြောင်းနှင့်စပ်လျဉ်း၍ သရုပ်ဆောင် နန်းဆုရတီစိုးအား မေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-
ကြေကွဲမိုးတိမ်ဇာတ်ကားကို နန်းဆု လက်ခံဖြစ်တာကို ပြောပါဦး။
နန်းဆု ဒီဇာတ်ကို လက်ခံဖြစ်တာက ဇာတ်လမ်းကြောင့်လည်းပါတယ်။ နန်းဆု ဒီနှစ်ထဲမှာ ပရိသတ်တွေအတွက် အလုပ်တွေပြန်ကြိုးစားမယ်ဆိုပြီးတော့ ဖြေထားတော့လေ။ ဒီနှစ်ထဲမှာ ဇာတ်လမ်းတွေရော ဇာတ်လမ်း တွဲတွေရော လက်ခံထားပါတယ်။ ဇာတ်ကားတွေ ပြန်ရိုက်မယ်။ ဒီကားကို လာပြချိန်မှာ ကဗျာလေးတစ်ပုဒ်ပါတယ်။ ကဗျာဆရာက နန်းဆုကိုရေးပေးတဲ့ ကဗျာလေးပေါ့နော်။ ဒီကဗျာကို အရမ်းသဘောကျလို့ လက်ခံဖြစ်တာလည်းပါပါတယ်။ ဇာတ်လေးလည်း သဘောကျပါတယ်။
ဒီဇာတ်ကားမှာ ကဗျာဆရာတစ်ယောက်နဲ့ ကောင်လေးသုံးယောက် ဆုံမယ်ဆိုတော့ ပြောပါဦး။
နန်းဆုက မိုးအေးအေး ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ ကဗျာဆရာလေးက မအောင်မြင်ခင်မှာ နန်းဆုက Support လုပ်ပေးရတာပေါ့။ သူမအောင်မြင်ခင် ဂရုစိုက်ပေးရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။
တက်သစ်စ ကဗျာဆရာကို ဘယ်လို Support ပေးသွားမလဲ။
ဒီကားထဲမှာ သူ့အောင်မြင်ဖို့အတွက် ကိုယ်လုပ်နိုင်စွမ်းသလောက် ကြိုးစားပြီး ပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ထွက်လာမှ ကြည့်စေချင်တယ် နောက်ဆုံးမှာတော့ နန်းဆုအပိုင်းက ဒရာမာဖြစ်သွားတာပေါ့။ ဝမ်းနည်းစရာ စိတ်မကောင်းစရာလေးနဲ့ ဇာတ်သိမ်းရမှာပါ။
တက်သစ်စအနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ ဒီကားက နန်းဆုအတွက် ဘယ်လိုဖြစ်မလဲ။
ဇာတ်အရကြည့်ရင်မယ်ဆိုရင် နန်းဆုအပေါ်မှာ အများကြီးတာဝန်ရှိပါတယ်။ ဒါပေမယ့် တက်သစ်စကလေးဆိုပေမယ့် အတွေ့အကြုံတချို့ ရှိထားတာတွေရှိတယ်။ အထွေအထေူးတော့ မရှိပါဘူး။ ဇာတ်ပေါ်မှာပဲ အားလုံးကြိုးစားသရုပ်ဆောင်ကြရမှာပါ။ ဇာတ်အရဆိုတော့ နန်းဆုမှာ အများကြီး တာဝန်ရှိပါတယ်။ အများကြီး နန်းဆုကြိုးစားပါမယ်။ ကျန်တဲ့ အနုပညာအားလုံးနဲ့လည်း ပူးပေါင်းပြီး အပေးအယူမျှမျှနဲ့ သရုပ်ဆောင်သွားမှာပါ။
ဂီတပိုင်းကနေ သရုပ်ဆောင်ပိုင်းပြန်ရောက်လာပြီးဆိုတော့ ဘယ်လိုကာရိုက်တာတွေနဲ့ ပရိသတ်ကို တင်ဆက်မလဲ။
ကာရိုက်တာကတော့ လာပြောတဲ့ ဇာတ်တွေအပေါ်မှာမူတည်ပြီး ကိုယ်နဲ့လိုက်ဖက်တယ်ဆိုမှ လာ အပ်ကြတယ်။ ကိုယ်နဲ့ရော လိုက်ဖက်လား၊ ကိုယ်လုပ်နိုင်လားဆိုတာကတော့ သေသေချာချာ ပြန်ရွေးချယ်ရမှာပေါ့။ ဇာတ်ကားရိုက်တဲ့အချိန်မှာ နန်းဆုက အများကြီး ရိုက်ချင်တာမျိုးမဟုတ်ဘဲ ကိုယ်နဲ့တကယ်လိုက်ပြီးတော့ ပရိသတ်ကို တစ်ခုခုရသပေးနိုင်ဖို့ ရွေးချယ်ရိုက်ကူးသွားမှာပါ။ အများကြီးတော့ ပြန်ရိုက်ဖြစ်မယ်မထင်ပါဘူး။ နည်းနည်းလေးနဲ့ ဇာတ်လမ်းကောင်းကောင်းကို ကိုယ်ပြချင်တဲ့အကြောင်းအရာလေးတွေ တကယ်လုပ်နိုင်မယ့်ဇာတ်ကို ရွေးချယ်လုပ်မှာပါ။
မင်းအနားမှာ သီချင်းလေးကလည်း Million နဲ့ချီ အားပေးကြတယ်ဆိုတော့။
နန်းဆုအနေနဲ့ Performance ဆိုလည်း ကိုဗစ်ကာလမှာလုပ်ရတာမို့ အရမ်း Heavy လည်းဖြစ်ပေမယ့် အများကြီးကြိုးစားထားတယ်။ ကိုယ်တိုင်ကြိုးစားထားလို့ ပရိသတ်ဆီကမျှော်လင့်ပါတယ်။ အများကြီးလည်း မမျှော်လင့်ရဲပါဘူး။ ဒီကာလမှာ ထွက်ရတာမို့ပါ။ ထွက်လာချိန်မှာ မျှော်လင့်တာထက် ပိုအားပေးလို့ ဝမ်းသာပါတယ်။ Facebook၊ Online ပေါ်တင်မဟုတ်ဘဲ အပြင်မှာ ကြိုက်ကြတယ်လို့ပြောလို့ ဝမ်းသာပါတယ်။ ဒီသီချင်းထွက်ချိန်မှာ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အပြင်လူတွေလည်း ဖုန်းတွေဆက်ကြတယ်။ ဒီ မင်းအနားမှာသီချင်းပတ်သက်ပြီး Feedback အများကြီးရပါတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။
ဒီသီချင်းထဲက ကောင်မလေးက ပေးဆပ်ချစ်တတ်တယ်ဆိုတော့ နန်းဆုကရော အပြင်မှာအဲလိုပဲလား။
နန်းဆုကတော့ အချစ်ကိုပေးဆပ်ပြီး ချစ်တတ်တဲ့ ကောင်မလေးတို့ထက်စာရင် ကိုယ့်ချစ်တဲ့သူဆိုရင် ကိုယ့်ဘက်က ဘာတွေလုပ်ပေးရမလဲ။ သူ့ရဲ့အောင်မြင်မှု၊ ပျော်ရွှင်မှုတွေ့ရင် ကိုယ်က ပီတိဖြစ်နေတာဆိုတော့လေ။ ကိုယ့်ဘက်က ဘာကဘယ်လိုကူညီပေးရမလဲ၊ သူပိုပြီးအောင်မြင်လာဖို့ ကိုယ့်ဘက်က ဘယ်လိုပံ့ပိုးပေးရမလဲ။ လူတွေကြားထဲ ပိုပြီးထင်ပေါ်ဖို့ အစစအရာရာ ဘာလုပ်ပေးရမလဲ အသေးစိတ်ကအစ ကူညီဖို့ ဒီစိတ်တွေပဲရှိပါတယ်။ နန်းဆုရဲ့အချစ်မှာ တစ်ယောက်ရဲ့ပျော်ရွှင်မှု၊ တစ်ယောက်ရဲ့ ကွက်လပ်တွေကို ကိုယ်က ဖြည့်ဆည်းပေးတာပဲလေ။ ဒီသဘောအတိုင်း နန်းဆု နေထိုင်ပါတယ်။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုကို ကိုယ်လုပ်ပေးလိုက်ရလို့ ပီတိဖြစ်ရတာ အချစ်လို့ နန်းဆု ခံစားရပါတယ်။