Kissing Booth မင်းသားက စူပါမန်းအသစ်ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေကို ဒါရိုက်တာ ငြင်းဆို
yoyarlay.com
|
2023-01-16

Kissing Booth ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသားဂျက်ကော့ အဲလော်ဒီဟာ စူပါမန်းအသစ်ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေကို ဒါရိုက်တာ ဂျိမ်းစ်ဂန်က ငြင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလက ပီတာ ဆာဖရန်နဲ့အတူ DC Studios ရဲ့တွဲဖက်စီအီးအိုအဖြစ် တာဝန်ယူခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဒါရိုက်တာ ဂျိမ်းစ်က ဇာတ်ညွှန်းမပြီးမချင်း ဘယ်သူ့ကိုမှ ဇာတ်ကောင်အဖြစ် ရွေးချယ်ဦးမှာမဟုတ်ကြောင်းအခိုင်အမာပြောကြားခဲ့တာပါ။

စူပါမန်းခန္ဓာကိုယ်ပေါ်မှာ မင်းသား ဂျက်ကော့ရဲ့မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ဓာတ်ပုံနဲ့ပို့စ်ကို ဒါရိုက်တာဂျိမ်းစ်က အခုလို တုံ့ပြန်ရေးသားခဲ့ပါတယ်။ “စူပါမန်းအဖြစ် သရုပ်ဆောင်ဖို့ ဘယ်သူကိုမှ မရွေးချယ်ရသေးပါဘူး။ ဇာတ်ညွှန်းပြီးတာနဲ့ (ဒါမှမဟုတ်) ဇာတ်ညွှန်းပြီးခါနီးမှာ လူရွေးမှာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ အကြောင်းအရာတချို့ကို ကျွန်တော်တို့ ကြေညာမှာပါ။ ဒါပေမဲ့ စူပါမန်းအတွက် လူရွေးချယ်တာတော့မပါဝင်ပါဘူး”

စူပါမန်းအဖြစ် သရုပ်ဆောင်လာခဲ့တဲ့ ဟင်နရီ ကာဗေးလ်ဟာ စူပါမန်းအဖြစ် သူပြန်လာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြောခဲ့ပေမဲ့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ DC Studios စီအီးအိုတွေဖြစ်တဲ့ ဒါရိုက်တာဂျိမ်းစ်၊ ပီတာဆာဖရန်တို့နဲ့ဆွေးနွေးခဲ့ပြီး စူပါမန်းအဖြစ် ပါဝင်မှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာပါ။ ဒါရိုက်တာ ဂျိမ်းစ် ဂန်ကလည်း သူကိုယ်တိုင်ရေးသားနေတဲ့ ဒီဇာတ်ကားဟာ စူပါမန်းဘဝရဲ့အစောပိုင်းကာလအပေါ် အဓိကထားသွားမှာဖြစ်တဲ့အတွက် စူပါမန်းဇာတ်ကောင်ကို ဟင်နရီ ကာဗေးလ် သရုပ်ဆောင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Ref: AsiaOne “‘No one has been cast’: James Gunn dismisses speculation that Jacob Elordi is the new Superman”

WL (ရိုးရာလေး)


#ဒါရိုက်တာ
#စူပါမန်း
#ဂျိမ်းစ်ဂန်
#ဂျက်ကော့အဲလော်ဒီ
#KissingBooth

Some text some message..