ဖေဖော်ဝါရီမှာ ရုံတင်ပြသမယ့် ဇာတ်လမ်းတွဲတစ်ဖြစ်လဲ 'အချစ်ဖြင့်လွမ်းစေ'
mmtimes.com
|
2020-01-23

ဖေဖော်ဝါရီလ နီးလေလေ ကိုနေသန်မောင်တစ်ယောက် စိတ်လှုပ်ရှားမှု မြင့်လာလေ ဖြစ်နေပါတယ်။ သူ့ရဲ့ ပထမဦး ဆုံးရုပ်ရှင် ဖြစ်လာမယ့် 'အချစ်ဖြင့်လွမ်းစေ' ရုပ်ရှင် ဇာတ်ကားကို ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာ ရုံတင်တော့မှာကြောင့်ပါ။

ဇာတ်လမ်း နုနုရည်အင်းဝ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းအဖြစ် ကိုနေသန်မောင်၊ ထုတ်လုပ်သူအဖြစ် ကိုဟန်သာငြိမ်းနဲ့ ကမာရွတ်မီဒီယာက တင်ဆက်ထားတဲ့ 'အချစ်ဖြင့် လွမ်းစေ' ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ် မတ်လမှ ဇွန်လအထိ အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့သလို စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့ပြီး ပေါက်ခဲ့တယ်ဆိုတောင် ပြောလို့ပါတယ်။

၁၂ နာရီကျော် ကြာမြင့်ပြီး အပိုင်း ၁၂ ပိုင်းစာ ပါဝင်တဲ့ အချစ်ဖြင့်လွမ်းစေဇာတ်လမ်းတွဲကို နှစ်နာရီစာ ရုပ်ရှင်အဖြစ် ပြသတော့မှာဖြစ်တဲ့အတွက် ကိုနေသန်မောင် အပါအဝင် အချစ်ဖြင့်လွမ်းစေ အဖွဲ့တစ်ဖွဲ့လုံး စိတ်လှုပ်ရှားနေကြမှာ အသေအချာပါပဲ။ အချစ်ဖြင့်လွမ်းစေကို ၂၀၂၀ ပြည့်နှစ်မှာရောက်ရှိမယ့် တက္ကသိုလ်နှစ်ရာပြည့်အတွက် ရည်ရွယ်ပြီး ဂုဏ်သိက္ခာရှိမယ့် ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရိုက်ကူးခဲ့တာဖြစ်တယ်လို့ ကိုနေသန်မောင်က ဆိုပါတယ်။

"အခုနောက်ပိုင်း တက္ကသိုလ်ကျောင်းသားဇာတ်ကောင်တွေဆိုရင် ပုဆိုးတွေ ထဘီတွေ ဆွဲချွတ်တဲ့အထိ ရောက်လာတယ်။ လူထုက တော်တော်စိတ်ဆိုးနေတယ်။ ကျွန်တော်တို့ တကယ်ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်း သားဘဝက ဒီလိုမဟုတ်ဘူး၊ ကျွန်တော်တို့မှာ ခင်မင်ရင်းနှီးခဲ့တဲ့ ချစ်ရတဲ့သူငယ်ချင်းတွေ အများကြီး။ ကျောင်းသင်ခန်းစာတွေကို စိတ်ညစ်တယ်ဆိုရင်တောင် ကန်တင်းမှာတွေ့ရတဲ့ဘဝတွေ၊ မြတ်နိုးရတဲ့ စာပေလှုပ်ရှားမှုတွေ၊ ကဗျာစာအုပ်ထုတ်တာတွေ၊ အဲဒါလေးတွေ လွမ်းလိုက်တာ။ အဲဒီတန်ဖိုးလေးတွေကို ဒီဘက်ခေတ်နဲ့လျော်ညီ အောင် ပြန်ပြချင်တယ်ဆိုပြီး ဆရာမနဲ့တိုင်ပင်ပြီး စဖြစ်ခဲ့တာ" လို့ ဒါရိုက်တာ နေသန်မောင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဆရာကြီးဇော်ဂျီရဲ့ 'တက္ကသီလာ' ဆိုတဲ့ စကားလုံးကို စိတ်ကူးတစ်ခုနဲ့ ၂၀၁၈ မေလမှာ စတင်ခဲ့တဲ့ ဒီဇာတ်လမ်းကို အဲဒီနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာ ပုပ္ပား၊ ပဲခူး၊ ကျောက်ပန်းတောင်း၊ တောင်ကြီးနဲ့ ကလောတို့မှာ ရိုက်ကူးခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လမှာ အွန်လိုင်းက နေတစ်ဆင့် တစ်ပိုင်းစီခွဲပြီး ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ထုတ်လုပ်သူ ကိုဟန်သာညိန်းရဲ့ ပြောပြချက်အရ Pre-production အတွက် ရက်ပေါင်း ၁၅၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။



"နှစ်နာရီစာ ရုပ်ရှင်ရော၊ ဇာတ်လမ်းတွဲအတွက်ရော စုစုပေါင်းဘတ်ဂျက် သိန်း ၃ç၈၀ဝ ဝန်းကျင်လောက် သုံးရတယ်" လို့ ကိုဟန်သာညိန်းက ပြောပါတယ်။

ဒါပေမဲ့ အဲဒီဘတ်ဂျက်အတွင်းမှာ ရုံတင်ဖို့ လုပ်ငန်းစဉ်အတွက် မပါဝင်သေးပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ ပိုစတာတွေ၊ ဗီနိုင်းတွေကိုလည်း ထုတ်လုပ်သူဘက်က ပြင်ဆင်ရသလို ရုပ်ရှင်ဇာတ်ကား လူဝင်ရေးအတွက် ပရိုမိုးရှင်းတွေလည်း ကိုယ်တိုင်လုပ်ရတာဖြစ်တယ်လို့ ဒါရိုက်တာနေသန်မောင်က ဆိုပါတယ်။

"ဟာသကားပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ် အချစ်ဖြင့် လွမ်းစေလို ပရိသတ်သိထားပြီးသား ဇာတ်ပဲဖြစ်ဖြစ် ဖန်တီးသူ၊ ထုတ်လုပ်သူတွေဘက်ကကြည့်ရင် ရှုံးမယ်၊ မြတ်မယ်မသိတဲ့ စွန့်စားခန်းကြီးပဲ။ ကျွန်တော်ကတော့ ကိုယ့်ဘာသာ နည်းပညာ ဘယ်လောက်ကောင်းကောင်း လူထုလက်ခံမှ ဒီအနုပညာက ကျန်ခဲ့တာ။ ဇာတ်လမ်းတွဲ တုန်းက အနုပညာအရ လူထုလက်ခံတယ်။ ရုံတင်တဲ့အခါ အနုပညာအရ လက်ခံပေမဲ့ စီးပွားရေးအရ လက်ခံလား။ လူထုသာ လက်ခံရင် ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်မယ်။ လူတိုင်းက ကိုယ့်ကားကိုယ် အောင်မြင်အောင်၊ လူဝင်များအောင် ကြိုးစားရတာဖြစ်တဲ့အတွက် ပြေးပွဲပြိုင်ပွဲဝင်နေရသလိုပါပဲ။ အတတ်နိုင်ဆုံး လူထုလက်ခံနိုင် ဖို့ပဲ ကြိုးစားတယ်။ အဲဒီစွန့်စားခန်းကိုလည်း အဲဒီဒီဂရီနဲ့ပဲ တိုင်းတာတယ်" လို့ နေသန်မောင်က ဆိုပါတယ်။

အချစ်ဖြင့်လွမ်းစေကို အစကနဦးကတည်းက နှစ်နာရီစာ ရုပ်ရှင်အဖြစ် ရိုက်ကူးပြီးမှ ၁၂ နာရီစာပုံစံအဖြစ် ပြန်လည်ဖန်တီးခဲ့တာပါ။ အဲဒီအတွက် ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ အရံဇာတ်ကောင်တွေကို ဇာတ်ကောင်စရိုက်ပီပြင်အောင် အခြားအရံဇာတ်ကောင်တွေ ထည့်သွင်း ပြုလုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

"၁၂ နာရီစာနဲ့ ငိုရတဲ့ကားကို နှစ်နာရီမှာ ဘယ်လောက်လွမ်းနိုင်မလဲဆိုတဲ့ တင်ဆက်ပုံတစ်မျိုးနဲ့ လူထုကို ခံစားစေချင်တာ" လို့ ဆိုပါတယ်။ ဇာတ်ကောင်တွေအနေနဲ့ ဇာတ်ညွှန်းကို ၉၀ ရာခိုင်နှုန်းအထိ ပုံဖော်နိုင်ခဲ့တယ်လို့ ဒါရိုက်တာက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ရန်ကုန်တက္ကသိုလ်ရိပ်ခိုနေတဲ့ မိုးမူယာနိုင်(ပိုင်ဖြိုးသု)၊ နောင်မင်းလတ်(ဒေါင်း)နဲ့ ရှင်နှင်းညို (အိန်ဂျယ်လမုန်)တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ကျောရိုးယူ တင်ဆက်ထားသလို သူရမောင်၊ ထိန်လင်း၊ ကေဆက်နိုင်စတဲ့ ဇာတ်ကောင်တွေကနေ တစ်ဆင့် ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အဆောင်နေကျောင်းသူ၊ ကျောင်းသားတွေရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေနဲ့ ထုံမွမ်းထားပါတယ်။ အဓိကဆိုလိုချက်ကတော့ တက္ကသိုလ်ဆိုတာ ပညာရပ်၊ ဘာသာရပ် အတတ်ပညာတွေကို သင်ကြားပေးသလို တက္ကသိုလ်ကမ္ဘာထဲမှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ လူမှုဆက်ဆံရေး၊ စာပေ၊ ဂီတ၊ အားကစားနဲ့ စုပေါင်းလုပ်ဆောင်တတ်ဖို့၊ အချင်းချင်း ရိုင်းပင်းကူညီတတ်မှုတွေနဲ့အတူ လူကြီး တစ်ဦးအဖြစ် မွေးထုတ်ပေးလိုက်တဲ့ နေရာတစ်ခုလိုမျိုး မြင်တွေ့ရမှာပါ။

ဇာတ်လမ်းတွဲတစ်ခုလုံးအတွက် ရန်ကုန်တက္ကသိုလ်မှာ နှစ်လကြာ ရက်ရှည်ရိုက်ကူးခဲ့ရသလို အင်းလျားဆောင်၊ ရတနာဆောင်၊ စာကြည့်တိုက်၊ ယောကျာ်းလေးဆောင် စတဲ့ တကယ့်နေရာတွေအပြင် ရွက်လှေအသင်းစတဲ့ တကယ့်နေရာတွေမှာ သွားရောက်ရိုက်ကူးထားတာပါ။ ဒါ့ပြင် RC (Roman Catholic) ကျောင်းသူတစ်ဦးအဖြစ် ပါဝင်တဲ့ ရှင်နှင်းညိုဇာတ်ကောင်အတွက် ဘုရားကျောင်း တက်ဖို့အတွက် စိန့်မေရီဘုရားကျောင်းအတွင်းမှာ ရိုက်ကူးဖို့ ရိုမန်ကက်သလစ်အသင်းရဲ့ ခွင့်ပြုချက်တွေလည်း ရယူခဲ့ရတာပါ။ အခက်ခဲဆုံးဖြစ်တဲ့ တက္ကသိုလ်နယ်မြေကို ဒရုန်းနဲ့ရိုက်ကူးပြသခွင့်တွေ ရဖို့အတွက် အစိုးရဌာနတွေ၊ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်တွေကို အဆင့်ဆင့် ခွင့်ပြုချက်ရယူခဲ့ရပါသေးတယ်။

"ကျွန်တော့်မှာ ရန်ကုန်တက္ကသိုလ်ကြီး ရိုက်ခွင့်ရတာရယ်။ စိန့်မေရီဘုရားကျောင်းကြီးမှာ အာစီသီလရှင်ဖြစ်လာမယ့်ဇာတ်ကောင်ကို ပုံဖော်ခွင့်ရတာရယ် အဲဒီနှစ်ခုနဲ့ ကျွန်တော့်အတွက် တော်တော်ကျေးဇူးတင်နေပြီ။ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးရုပ်ရှင်ကို မြန်မာပြည်မှာ ရိုက်တဲ့အခါ တကယ့်အကြီးမားဆုံးဆိုတဲ့ အခက်အခဲ နှစ်ခုကို ကံကောင်းခြင်းများစွာနဲ့ ရခဲ့တဲ့အတွက် တန်ဖိုးထားတယ်" လို့ သူက ဆိုပါတယ်။

"အဲဒီတော့ အချစ်ဖြင့်လွမ်းစေလို့ ပြောလိုက်ရင် ဆရာမ နုနုရည်အင်းဝနဲ့ နေသန်မောင် နှစ်ယောက်တည်းကို ပြေးမမြင်စေချင်ဘူး။ ဒါက team အယောက် ၄၀ ကျော်ရဲ့ စုပေါင်းဖန်တီးမှုပါ။ teamwork က မကောင်းရင် ဒီလို လက်ရာ ထွက်လာမှာမဟုတ်ဘူး" လို့ ထပ်လောင်းပြော ပါတယ်။

ရုံတင်ပြသဖို့ တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းပြီးတဲ့အခါမှာတော့ အချစ်ဖြင့်လွမ်းစေ team တစ်ခုလုံး ရင်ခုန်ရမယ့် အချိန် ရောက်လာပြန်ပါပြီ။ အချစ်ဖြင့်လွမ်းစေ ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ JCGV ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

အနုပညာအရ အားပေးမှုမြင့်ခဲ့တဲ့ ဇာတ်လမ်းတွဲကို စီးပွားဖြစ်အရ ရုပ်ရှင်ဇာတ်ကားအဖြစ် တင်ဆက်တဲ့အခါ မှာ အခက်အခဲ ကြီးကြီးမားမားမရှိပေမဲ့ ရုံတင်ဖို့လုပ်ငန်းစဉ်တွေကိုတော့ နားလည်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ နေသန်မောင် နေသန်မောင်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ စိန်ရတုနှစ် ၁၉၉၅ ခုနှစ်မှာ ပထမနှစ်ကျောင်းသားလေး တစ်ဦး ဖြစ်ခဲ့ဖူးပေမဲ့ တက္ကသိုလ်နယ်မြေမှာ နှစ်နှစ်ကြာသာ ပညာသင်ယူခဲ့ရပါတယ်။ ၁၉၉၆—၉၈ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် အသက် ၂၀ စွန်းစွန်းနဲ့ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အကျိုးဆက်က ကိုနေသန်မောင်တစ်ယောက် နယ်စပ်ဒေသတွေနဲ့ ထိုင်းနိုင်ငံအထိ ပြည်ပြေးတစ်ဦးအဖြစ် ရောက်ရှိစေခဲ့ပါတယ်။ သူ့လို ဘဝတူကျောင်းသားတွေ အဖမ်းဆီး ထိန်းသိမ်းခံနေရချိန်မှာတော့ ကိုနေသန်မောင်တစ်ယောက် သတင်းအမှောင်ချမှုတွေအပေါ် စောင့်ကြည့်လေ့လာရင်း သူ့ရဲ့ရည်းစားဦးဝါသနာဖြစ်တဲ့ သတင်းစာပညာရပ်ကို စတင်လေ့လာခဲ့တာပါ။

၂၀ဝ၁-–၂၀ဝ၂ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ သတင်းစာပညာရပ်ကို လက်တွေ့ကျကျလေ့လာခဲ့ပြီး သတင်းစာပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ ပါတယ်။

၂၀ဝ၅ ခုနှစ်မှာတော့ သူ့အတွက် သူ့ရဲ့နောက်ထပ် ဝါသနာရပ်ဖြစ်တဲ့ ရုပ်ရှင်ပညာရပ်ကို နိုင်ငံရေးသိပ္ပံပညာရပ်နဲ့တွဲပြီး အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် University of North Carolina at Greensboro တက္ကသိုလ်မှာ ခြောက်နှစ်ကြာ သင်ကြားခဲ့ပြန်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမာရွတ်မီဒီယာကို စတင်တည်ထောင်ခဲ့ ပါတယ်။


#ဇာတ်လမ်း
#တက္ကသိုလ်
#တွဲ
#ရုပ်ရှင်
#ပညာရပ်

Some text some message..