တစ်ကျော့ပြန် ရုံတင်လာသည့် ယူရီ
mmtimes.com
|
2020-02-12



တစ်ကျော့ပြန် ရုံတင်လာသည့် ယူရီ

ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်၊ မန္တလေး JCVG ရုပ်ရှင်ရုံတွေမှာ တစ်ပတ်သာ ရုံတင်ပြသခဲ့တဲ့ ယူရီရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့တောင်းဆိုမှုတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ တစ်ကျော့ပြန်လည်ပြီး ပြသတော့မှာ ဖြစ်ပါတယ်။

''ယူရီကို တစ်ပတ်ပြသပြီးတော့ လာကြည့်တဲ့အထဲမှာ နာမည်ကြီးအနုပညာရှင်တွေလည်း ပါပါတယ်၊ သူတို့တစ်တွေက ချီးကျူးစကားတွေ ပြောကြတယ်။ ယူရီကို ကြည့်ချင်တယ်လို့ တောင်းဆိုနေတဲ့ နယ်က ပရိသတ်တွေလည်း အများကြီးရှိလာတော့ နောက်တစ်ဖန်ပြသနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အခု ၂ဝ၂ဝ ဖေဖော်ဝါရီလ ၂ဝ ရက်ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ကြီး ၁၁ မြို့က မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ယူရီကိုကြည့်ရှုနိုင်ပါပြီ။ ဒုတိယအကြိမ် ပြန်လည်ပြသခွင့်ရလို့ ဝမ်းသာပါတယ်'' လို့ ဒါရိုက်တာ အာဂသူရက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ယူရီရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ နာမည်ကြီးပုဂ္ဂလိကကျောင်းတစ်ခုမှာ မကျွတ်မလွတ်ဘဲ နေထိုင်နေရတဲ့ သရဲမလေးယူရီနဲ့ ကျောင်းမှာ စာမကြိုးစားဘဲ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကျောင်းသားလေး ဟန့်ခ်တို့ကြားထဲက သံယောဇဉ်ကို ရိုက်ကူးထားပြီး ဇာတ်လမ်းအဆုံးသတ်မှာ ဟန့်ခ်က ယူရီရဲ့ စာသင်ပေးမှုကြောင့်ရော ကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်ပါ တစ်နိုင်ငံလုံးရဲ့ အထူးချွန်ဆုံးကျောင်းသားအဖြစ်နဲ့ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ဇာတ်လမ်းမှာ ဟန့်ခ်ဟာ တကယ်မရှိတာကို စွဲလမ်းနေတဲ့ စိတ်ရောဂါတစ်မျိုး ခံစားနေရဟန်လည်း ပုံဖော်ထားပါတယ်၊ ယူရီဆိုတာ ဟန့်ခ်ရဲ့ကိုယ်တွင်းက မခံချင်စိတ်လေလားလို့ တချို့သော ရုပ်ရှင်ကြည့်ပရိသတ်က ဝေဖန်ပါတယ်။ ယူရီဇာတ်ကားကို ဒါရိုက်တာ အာဂသူရကိုယ်တိုင် ဇာတ်လမ်းဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာဖြစ်ပြီး ဓာတ်ပုံပိုင်းဆိုင်ရာဒါရိုက်တာက မာဂသူရ ဖြစ်ပါတယ်။

သာမန်ချစ်ကြိုက်ကွဲညား ဇာတ်ကားတွေနဲ့မတူဘဲ ဇာတ်သိမ်းပိုင်းမှာ ထင်မှတ်မထားတဲ့ ဇာတ်သိမ်းမျိုးနဲ့ သိမ်းထားတဲ့အတွက် မြန်မာရုပ်ရှင်ကားတွေထဲမှာ တစ်မူကွဲပြားပြီး စိတ်ဝင်စားဖို့ကောင်းနေတယ်လို့လည်း ယူရီကို ပထမအကြိမ်ပြသစဉ်မှာ ကြည့်ရှုခဲ့တဲ့သူတွေက ဆိုပါတယ်။

ယူရီရုပ်ရှင်မှာ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကလည်း ဒါရိုက်တာအာဂသူရရဲ့ ကျောင်းတက်ဖော်သူငယ်ချင်းများဖြစ်ပြီး အဓိကဇာတ်ဆောင်ဟန့်ခ်အဖြစ် Marcel ခေါ် အောင်မျိုးဝင်း၊ ယူရီအဖြစ် ဝင်ဒီမြတ်ထက်ထွန်းတို့က သရုပ်ဆောင်ထားကြပါတယ်။ ဖေဖော်ဝါရီ ၂ဝ ရက် ရုံတင်ပြသတဲ့အခါ ရုပ်ရှင်ထဲမှာပါတဲ့ တေးသီချင်းတွေကိုလည်း official sound track (OST) အဖြစ်နဲ့ အခွေထုတ်ရောင်းချသွားမယ်လို့ ယူရီအဖွဲ့သားတွေဆီက သိရပါတယ်။

ယူရီရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာရော စင်ကာပူနိုင်ငံမှာပါ တစ်ပြိုင်နက်တည်း ရုံတင်ပြသနိုင်အောင် ကြိုးစားခဲ့ပေမဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်ကာပူမှာပြသမယ့်ရက်ကို နောက်ဆုတ်ထားတယ်လို့လည်း ဒါရိုက်တာအာဂသူရက ပြောပါတယ်။

ပထမအကြိမ်ပြသစဉ်က ရရှိခဲ့တဲ့ ဝင်ငွေအားလုံးကို ရန်ကုန်ဆေးရုံကြီး သွေးနဲ့ရောဂါဌာနက ကင်ဆာဝေဒနာဖြစ်နေတဲ့ ကလေးတွေအတွက် လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ပြသတဲ့အခါမှာ ရရှိမယ့်ဝင်ငွေကိုတော့ ဘာလုပ်ရမလဲဆိုတာ တိုင်ပင်နေတုန်းလို့ ယူရီအဖွဲ့သားတွေက ဆိုပါတယ်။


#အာဂ
#သူရ
#ဒါရိုက်တာ
#ရုပ်ရှင်
#ဇာတ်ကား

Some text some message..