ဇာတ်လမ်းတွဲအဖြစ် ပိုနှစ်ခြိုက်မိတဲ့ "အချစ်ဖြင့်လွမ်းစေ"
mmtimes.com
|
2020-02-19



ဇာတ်လမ်းတွဲအဖြစ် ပိုနှစ်ခြိုက်မိတဲ့ "အချစ်ဖြင့်လွမ်းစေ"

မင်းလတ်၊ မိုးမူ၊ ရှင်နှင်းညို ဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူ ဇာတ်ကောင်တွေက မြန်မာဇာတ်လမ်းတွဲအားပေးသူ ပရိသတ်အားလုံးအတွက် ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ အချစ်ဖြင့်လွမ်းစေ ရုပ်ရှင်က အားလုံးအတွက် အစိမ်းသက်သက်မဟုတ်ဘဲ ရုပ်ရှင် မတိုင်ခင် ဇာတ်လမ်းတွဲအဖြစ် ပြီးခဲ့တဲ့နှစ်ထဲမှာ ပြသပြီးသားမို့လို့ပါပဲ။

အော်လန့်အတွက်တော့ ၁၂ နာရီစာ အချစ်ဖြင့်လွမ်းစေ ဇာတ်လမ်း တွဲက အော်လန်ကြိုက်နှစ်သက်ရတဲ့ တစ်ခုတည်းသော ဇာတ်လမ်း တွဲပါ။

အိမ်ပြန်ချိန်မမှန်တဲ့ အော်လန်တို့လို သတင်းသမားတွေအဖို့ ရုပ်သံလိုင်းမှာ အချိန်နဲ့လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကို ပုံမှန်ကြည့်ဖြစ်လေ့မရှိပေမဲ့ လူမှုကွန်ရက်ကနေ အပိုင်းလိုက် ခွဲကြည့်လို့ရတဲ့ ၁၂ ပိုင်း ရှိတဲ့ အချစ်ဖြင့်လွမ်းစေက အော်လန့်ရဲ့ အားလပ်ချိန်ညတွေကို အလွမ်းတွေနဲ့ သိမ်းပိုက်ခဲ့ဖူးပါတယ်။

အော်လန်ငိုခဲ့ရတဲ့ ဇာတ်လမ်းတွဲကိုမှ ၂ နာရီနဲ့ ၁၃ မိနစ်ကြာ ရုပ်ရှင်အဖြစ် ပုံစံပြောင်းကြည့်ရမယ်ဆိုတော့လည်း ရုံအထိ အချိန်ပေး သွားအားပေးဖို့ လက်မရွံ့ခဲ့ပြန်ပါဘူး။

ဒါရိုက်တာနေသန်မောင်နဲ့ ကမာရွတ်မီဒီယာရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ အချစ်ဖြင့်လွမ်းစေကို ဇာတ်လမ်းတွဲအဖြစ် ၂၀၁၉ ခုနှစ်က စတင်ပြသခဲ့သလို လူကြိုက်လည်းများခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဖန်တီးခဲ့တဲ့ အချစ်ဖြင့်လွမ်းစေကို ဆရာမနုနုရည်အင်းဝရဲ့ ဇာတ်လမ်းပေါ်အခြေခံထားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ နေသန်မောင်ပါ။

ဥပဒေကျောင်းသူဖြစ်တဲ့ မိုးမူယာနိုင်က သူငယ်ချင်းဖြစ်သူ နောင်မင်းလတ်ကို သူငယ်ချင်းသံယောဇဉ်ထက်ပိုနေပေမဲ့ မင်းလတ်ကတော့ မနုဿဗေဒကျောင်းသူ ရှင်နှင်းညိုကို စွဲလမ်းသွားတဲ့အခါ တက္ကသိုလ်နောက်ခံ လွမ်းစရာ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာ ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးက အဆောင်နေကျောင်းသူ၊ ကျောင်းသားတွေရဲ့ အချစ်ဇာတ်လမ်းကနေတစ်ဆင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ ကျင်လည်သွားလာနေတဲ့ တက္ကသိုလ်ကြီးရဲ့ အထင်ကရနေရာတွေကို အနှေးပြကွက်တွေ၊ အပေါ်စီးကနေမြင်ရမယ့် ဒရုန်း ရိုက်ချက်တွေ ခပ်မြိုင်မြိုင်နဲ့ မြင်တွေ့ရတဲ့ အချစ်ဖြင့်လွမ်းစေက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း၊ တစ်ဖက်သက် အချစ်ဇာတ်လမ်း ထက်ပိုပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းတွဲထဲမှာ ထိန်လင်း၊ သူရမောင်၊ ကေဆက်နိုင်စတဲ့ တခြားဇာတ်ကောင်တွေကနေတစ်ဆင့် တက္ကသိုလ်ကျောင်းသား ဘဝကို ဇာတ်ကောင်စရိုက်တွေများများမြိုင်မြိုင်ကြီးနဲ့ တွေ့နိုင်ပေမဲ့ ရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်သုံးဦးကိုပဲ အသားပေးထားတာ တွေ့ရပါတယ်။

ဥပမာအားဖြင့်ပြောရရင် သူရမောင်တစ်ယောက် ညဘက်တက္ကစီ မောင်းပြီး ကျောင်းစရိတ်ရှာရတာတွေ၊ အဲဒီလိုအလုပ်လုပ်ရင်း စားသောက်ဆိုင်က အဆိုတော်ကောင်မလေးနဲ့ ချစ်ကြိုးသွယ်တဲ့ အကြောင်းတွေ၊ အီးဒီအမ်ပွဲတွေ သွားတက်တဲ့ ဘောလုံးဝါသနာပါတဲ့ ကေဆက်နိုင်ရဲ့ မိုးမူအပေါ် တစ်ဖက်သတ်အချစ်တွေ အဲဒီလိုအလားတူ အကြောင်းအရာတွေ ပျောက်နေပါတယ်။

အဲဒီလိုအကြောင်းအရာလေးတွေ ပျောက်ဆုံးနေတော့ ရုပ်ရှင်က သုံးပွင့်ဆိုင်အချစ်ကို ပိုပြီးဦးစားပေးသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ပါဝင်လာတဲ့ ဇာတ်ပို့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကောင်စရိုက်တွေ ပီပြင်အောင် ရုပ်လုံးြွကအောင် မလုပ်နိုင်တော့သလို ခံစားမိပါတယ်။

အချစ်ဖြင့်လွမ်းစေကို အော်လန်တို့ သူငယ်ချင်းနှစ်ယောက် အတူကြည့်ဖြစ်တဲ့အခါ တစ်ယောက်က ဇာတ်လမ်းတွဲမကြည့်ဘဲ ရုပ်ရှင်ကိုသာ တန်းကြည့်တော့ သူ့အတွက် တချို့ဇာတ်ကွက်တွေက ဟာကွက်တွေ ဖြစ်နေစေပါတယ်။

သူကတော့ မိုးမူရူးသွားဖို့ လုံလောက်တဲ့ အကြောင်းအရာ ခိုင်ခိုင်မာမာရှိမနေဘူးလို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။ အော်လန်ကတော့ ဇာတ်လမ်းတွဲကိုကြည့်ပြီး မိုးမူရဲ့ တစ်ဖက်သတ်အချစ်အပေါ်မှာ တရှုပ်ရှုပ်ငိုဖူးခဲ့တော့ ဖြည့်တွေးပေးနေနိုင်ပါတယ်။ နောက်ဆုံး မင်းလတ်က မိုးမူကို သူ့ရဲ့ညိုနေရာအစားထိုးပြီး ချစ်ဟန်ဆောင်တဲ့အခန်းတွေ တော်တော်များများ ပါမလာတာ၊ ညိုနဲ့ မင်းလတ်အကြား မိုးမူတစ်ယောက် အောင်သွယ်ပုံစံ လုပ်ပေးရတဲ့အခန်းတွေ မတွေ့ရတာတွေကြောင့် ဖြစ်မယ်ထင်ပါတယ်။ အဲဒီလိုဇာတ်ကွက်တွေ မပါလာတဲ့ အတွက် မကြည့်ဖူးသေးသူတွေအတွက်ကတော့ မိုးမူတစ်ယောက် ရူးသွပ်ဖို့ အကြောင်းပြချက် မခိုင်လုံဘူးလို့ ဆိုနိုင်မှာပါ။

အော်လန့်အမြင်အရတော့ အချိန်ယူပြီး ကြာကြာချက်မှ အရသာ ပိုကောင်း အသားပိုနူးညံ့မယ့် အမဲနှပ်ဟင်းတစ်ခွက်နဲ့ အလားတူပါပဲ။ အခုတော့ အရသာကောင်းပေမဲ့ အသားနူးညံ့ဖို့ လိုနေသလို ဖြစ်နေ ပါတယ်။

၁၂ နာရီစာကနေ ၂ နာရီစာကို ကူးပြောင်းတဲ့အခါ အဆက်ပြတ် သွားတာတွေ၊ ဟာကွက်လေးတွေ ရှိနေပါတယ်။ အဲဒီလိုပဲ တက္ကသိုလ် ကျောင်းသား၊ သူတွေရဲ့ တက္ကသိုလ်ကျောင်းသားဘဝကိုလည်း အပေါ်ယံပဲ ကွက်ပြသွားသလို ခံစားမိပြန်ပါတယ်။

ဒါပေမဲ့ မြန်မာပေါကားတွေရဲ့ အင်းလျားကန်ဘောင်နဲ့ ကန်တင်းမှာပဲ ကွက်ရိုက်သွားတဲ့ ဝေးလားဝါးလား တက္ကသိုလ်နောက်ခံ ဇာတ်ကား တွေထက်တော့ အပုံကြီးသာပါသေးတယ်။

ဇာတ်လမ်းတွဲမှာပါတဲ့ ဥပဒေကျောင်းသူ၊ ကျောင်းသားတွေရဲ့ စာသင်ခန်းမြင်ကွင်းလေး မပါလာတာကိုတော့ နှမျောမိပြီး လက်လွတ်စံပယ်မဟုတ်တဲ့ အားထုတ်မှုတစ်ခုကို ဇာတ်လမ်းတွဲမကြည့်နိုင်သေးတဲ့ ပရိသတ်အတွက် မတင်ပြနိုင်လိုက်တာပါပဲ။

ဒါ့ပြင် အချစ်တွေနဲ့လွမ်းနေတယ် ဇာတ်ဝင်တေး၊ မောင်ပေါက် စည် (မန်းတက္ကသိုလ်)ရဲ့ အချစ်ဖြင့်လွမ်းစေနဲ့ လွမ်းရာသီကဗျာလေး တွေအပါအဝင် အခြားဇာတ်ဝင်တေးလေးတွေကိုလည်း သဘောကျ မိပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ပိုင်ဖြိုးသု၊ ဒေါင်းနဲ့ အိန်ဂျယ်လမုန်တို့က အဓိက ပါဝင်ထားကြသလို မျက်နှာသစ်တွေဖြစ်တဲ့ မာန်ဟိန်းခန့် (ထိန်ထိန်)၊ အာကာစိုး (သူရမောင်)၊ စိုးဝေနိုင်၊ ချစ်စနိုးဆု၊ ဝေမိုးစံ တို့အပြင် ဦးအောင်လွင်၊ မင်းဦးနဲ့ မျိုးသန္တာထွန်းတို့လည်း အားဖြည့်ထားကြပါတယ်။ အော်လန်ကြိုက်မိတာက အချစ်ဖြင့်လွမ်းစေမှာ ပါဝင်လာတဲ့ တက္ကသိုလ်ကျောင်းသားဇာတ်ဆောင်တွေကို တက္ကသိုလ်ကျောင်း သားဆိုပြီး မြင်မိတာပါပဲ။

အော်လန်အြွေကဆုံးကတော့ ဇာတ်သိမ်းပါပဲ။ သိပြီးသားဇာတ်သိမ်းဆိုပေမဲ့ ဘယ်အချိန်ပြန်ကြည့်ကြည့် မျက်ရညြွေ်ကမိခဲ့ပါတယ်။ မင်းလတ်တစ်ယောက် မိုးမူကို သူမြတ်မြတ်နိုးနိုး ချစ်မိနေပြီလို့ သိလိုက်ရတဲ့အချိန်၊ မိုးမူကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပဲ မိုးမူတစ်ယောက် သူ့ကို ခွဲခွာသွားတာက ပရိသတ်တစ်ယောက်အနေနဲ့ အရှိုက်ထိတဲ့ ခံစားချက်ပါ။

အော်လန့်ရဲ့ တစ်ကိုယ်တော်အမြင်အရ သုံးသပ်ရရင်တော့ ဒါရိုက်တာနေသန်မောင်ရဲ့ အချစ်ဖြင့်လွမ်းစေကို ဇာတ်လမ်းတွဲ အဖြစ်ပဲ သဘောကျ နှစ်ခြိုက်မိတယ်ဆိုတာပါပဲ။


#ဇာတ်လမ်း
#တွဲ
#တက္ကသိုလ်
#မိုး
#ကျောင်းသူ

Some text some message..