ကြက်မွန်ဟင်း
မြန်မာတိုင်း(မ်) ဂျာနယ်ကနေ ကဏ္ဍအသစ်အနေနဲ့ ဖော်ပြလိုက်တဲ့ အိုးသူကြီးရဲ့ လက်ရာ အစီအစဉ်မှာ ပထမဆုံးအနေနဲ့ စာဖတ်ပရိသတ်တွေကို အိုးသူကြီးက ကြက်မွန်ဟင်းချက်ပြမှာပဲ ဖြစ်ပါတယ်။ ကြက်မွန်ဟင်းက မွန်ဒေသမှာ အဓိကစားသုံးကြတဲ့ မွန်ဟင်းလျာတွေထဲက ဟင်းတစ်မျိုး ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
မရမ်းပြား ငါးပြားမှ ခုနစ်ပြား။ မွန်ရိုးရာဟင်းတစ်ခွက်ဖြစ်တဲ့အတွက် မရမ်းပြားကတော့ အဓိကလိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဗမာကြက် သုံးဆယ်သား၊ စပါးလင်နှစ်ပင်၊ ပုစွန်ငါးပိအနည်းငယ်၊ ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူငါးမြွှာ၊ ရှမ်းနံနံတစ်စည်းနဲ့ ငရုပ်သီးတောင့်(အနီ) ခြောက်တောင့်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ဆားက စားပွဲတင်ဇွန်းတစ်ဇွန်းစာ၊ ရေနွေးနှစ်လီတာနဲ့ဆီစားပွဲတင်ဇွန်း နှစ်ဇွန်း။
ပထမဦးဆုံး ကြက်သားကို အနေတော်အတုံးလေးတွေ တုံးပြီး ပါးပါးသေးသေး လှီးထားတဲ့ ကြက်သွန်အနီနဲ့ အဖြူ ထည့်ပါမယ်။ နနွင်းမှုန့်နဲ့ ဆား ထည့်ပါမယ်။ ပြီးရင် စပါးလင် အနည်းငယ်ကို ပါးပါးလေး လှီးပြီးထည့်ပါမယ်။ ပြီးရင် သမအောင်မွှေနယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားရပါမယ်။
တစ်ချိန်တည်းမှာ ငရုပ်သီးတောင့်အနီ၊ ရှမ်းနံနံရွက်တို့ကိုကိုယ်ကြိုက်တဲ့ပုံစံအတိုင်း လှီးထားရပါမယ်။ ပုစွန်ငါးပိ၊ ဒါမှမဟုတ် မျှင်ငါးပိကို ရေနွေးနဲ့ ဖျော်ထားရပါမယ်။
ကြက်သားနှပ်ပြီးရင် ဟင်းအိုးထဲကို ဆီထည့်ပြီး ဆီပူလာပြီဆိုတာနဲ့ နှပ်ထားတဲ့ ကြက်သားတွေကို ထည့်ပြီး တစ်မိနစ်လောက် မွှေကြော်ပေးရပါမယ်။ ကြက်သားဟင်းအိုး ပူလာလို့ ရေတွေ ခန်းစပြုလာပြီဆိုရင်တော့ ရေနွေးကို ဇွန်းသုံးဇွန်းစာလောက် ထည့်ပါမယ်။ ဒီနေရာမှာ ရေအေးကို ဘာလို့ မသုံးလဲဆိုတော့ ကြက်သားပူနေတဲ့အချိန် ရေအေးထည့်လိုက်ရင် ကြက်သားတွေ ကျုံ့ကုန်မှာ စိုးလို့ပါ။ ရေနွေးထည့်ပြီးရင် ရေနဲ့ဖျော်ထားတဲ့ ပုစွန်ငါးပိ အနည်းငယ် ထည့်ပြီး မီးပြင်းပြင်းထဲမှာ ငါးမိနစ်လောက် အဖုံးအုပ်ထား ရပါမယ်။ ငါးမိနစ်ပြည့်ရင် ရေခန်းသွားပါပြီ။ ဒါဆိုရင် မရမ်းပြား၊ တစောင်းလှီးထားတဲ့ ငရုတ်သီး အနီနဲ့ ပါးပါးလှီးထားတဲ့ ရှမ်းနံနံလေးတွေကို ထည့်ပါမယ်။ ပြီးရင် ရေနွေးကို ကြက်သားမြုပ်လောက်တဲ့အထိ လောင်းထည့်ပြီး မိနစ် ၂၀ လောက် ချက်ရပါမယ်။ မိနစ် ၂၀ ပြည့်ရင် ကြက်သားတွေလည်း နူးသွားပါပြီ။ ဟင်းလည်းကျက်သွားပါပြီ။ စပါးလင်၊ ရှမ်းနံနံအနံ့လေးတွေလည်း ဟင်းအိုးထဲကနေ တစ်အိမ်လုံးကို သင်းနေပါပြီ။ ဟင်းရည်ကို မြည်းကြည့်ရင် မန်ကျည်းသီးနဲ့မတူတဲ့ မရမ်းပြားရဲ့ အချဉ်အရသာ၊ ငရုပ်သီးရဲ့ အစပ်အရသာနဲ့ ဗမာကြက်ရဲ့အချိုအရသာကို ဟင်းရည်ထဲကနေတစ်ပြိုင်တည်းရမှာပါ။
တကယ်လို့ ကိုယ်ချက်နေတာက နေ့လယ်စာအတွက်ဆိုရင် အိမ်မှာရှိတဲ့လူတွေဟာ သူတို့ လုပ်လက်စအလုပ်တွေကိုပစ်ပြီး မီးဖိုချောင်ဝင်လာပြီး ထမင်းခူးခပ်စားဖို့အထိ ကြက်မွန်ဟင်းနံ့က လူတွေကို သေချာပေါက် ဗိုက်ဆာစေမှာပါ။ ထမင်းမြိန်စေတဲ့ ဟင်းလျာဖြစ်တာကြောင့်လည်း ခါတိုင်းနေ့ထက် ထမင်းပိုချက်ထားဖို့လိုပါလိမ့်မယ်။