နွေပူပူမှာ အေးမြစေမယ့်သစ်ပင်စိမ်းစိမ်းလေးတွေနဲ့ Leaf Café and Plants
mmtimes.com
|
2020-03-11



ဓာတ်ပုံများ - လဲ့ဖြူပြာမျိုးမြင့်

နွေပူပူမှာ အေးမြစေမယ့်သစ်ပင်စိမ်းစိမ်းလေးတွေနဲ့ Leaf Café and Plants


နွေအပူရှောင်ရင်း သစ်ပင်လေးတွေကြားမှာ အေးအေးလူလူ ကော်ဖီထိုင်သောက်နိုင်မယ့်Leaf Café and Plants ဆိုင်လေးအကြောင်း ပြောပြချင်ပါတယ်။ ဒီဆိုင်လေးက လွန်ခဲ့တဲ့ သုံးလလောက်ကမှ ရှင်စောပုဘုရားလမ်း စမ်းချောင်းမြို့နယ်မှာ ဖွင့်ထားတဲ့ဆိုင်လေးပါ။ ဆိုင်အဝင်ဝကနေစပြီး ဆိုင်အတွင်းထဲအထိ ပန်းပင်လေးတွေ သစ်ပင်လေးတွေ စိမ်းစိမ်းစိုစို အေအေးချမ်းချမ်းရှိလှတာမို့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်စာမျက်နှာထက်မှာ တစ်စတစ်စ လူသိများလာတဲ့ ဆိုင်လေးပါ။

ဆိုင်အဝင်လေးမှာကိုက သစ်ပင်စိမ်းစိမ်းလေးတွေ ပန်းပင်လေးတွေအများကြီး ချိတ်ဆွဲထားတာ၊ ပန်းအိုးနဲ့ စိုက်ထားတာ၊ ဝရန်တာက တွဲလောင်းကျနေတာတွေက စိမ်းစိုပြီး ဆိုင်လေးရောက်လိုက်တာနဲ့ အေးမြတဲ့ခံစားမှုကို ပေးပါတယ်။ အပြင်ဝိုင်းတွေမှာ နေပူနေလို့ ထိုင်လို့မရတာနဲ့ အထဲဝင်လိုက်တဲ့အခါ ကိုယ်လို အေးအေးဆေးဆေး အပူရှောင်ချင်သူတွေ များတာမို့ ဆိုင်လေးတစ်ဆိုင်လုံး အပေါ်ထပ် အောက်ထပ် လူအပြည့်ပါပဲ။

စားစရာတွေကတော့ လက်ဖက်ထမင်း၊ ပုန်းရည်ကြီးထမင်း၊ ကင်မ်ချီထမင်းကြော်၊ ကြက်သားကြော်နဲ့ ထမင်းဖြူ၊ အသီးအရွက်ခေါက်ဆွဲပြုတ်၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ ဆေးဘဲဥသုပ်၊ အာလူးသုပ်၊ ထောပတ်သီးသုပ်လို အသုပ်မျိုးတွေအပြင် အာလူးချောင်းကြော်၊ ကြက်သားကော်ပြန့်ကြော်၊ ပေါင်မုန့်မီးကင်တွေနဲ့ ပန်ကိတ်တွေလည်း ရပါတယ်။ သောက်စရာကတော့ ကော်ဖီမျိုးစုံနဲ့ ရာသီအလိုက် အသီးမျိုးစုံ ဖျော်ရည်တွေလည်း ရပါတယ်။ ဈေးနှုန်းတွေကတော့ စားစရာရော သောက်စရာတွေပါ ကျပ် ၂çဝဝဝ ကနေ ကျပ် ၃၅၀ဝ အတွင်းမို့ ဈေးက အတော်ကို သက်သာတယ်လို့ ပြောလို့ရပါတယ်။

လူတွေက တစ်ဆိုင်လုံးအပြည့်မို့ အစားအသောက်ကတော့ တော်တော်လေး စောင့်ရပါတယ်။ နေ့လယ်စာအတွက် ကြက်သားကြော်နဲ့ ထမင်းအဖြူ တွဲထားတာရယ်၊ ကင်မ်ချီထမင်းကြော်၊ လီမွန်တီးအအေးတစ်ခွက် မှာလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဆိုရှယ်စာမျက်နှာက သူတို့ဆိုင်ပေ့ခ်ျမှာ တင်ထားတဲ့ Drip ကော်ဖီမှာတော့ လူများနေလို့ အဆင်မပြေဘူး ဆိုပါတယ်။ ဒီကော်ဖီအရသာ မြည်းကြည့်ချင်လို့ဆိုတော့ အချိန်နည်းနည်းတော့ စောင့်ရမယ်ဆိုတာနဲ့ ထမင်းစားရင်း စောင့်လိုက်မယ်လို့ ဆိုပြီး မှာလိုက်ပါတယ်။ ကင်မ်ချီထမင်းကြော်ကတော့ ကြက်ဥကြော်လေးလည်းပါပြီး စားလို့ ကောင်းပါတယ်။ ထမင်းဖြူနဲ့ ကြက်သားကြော်ကတော့ နည်းနည်းခြောက်နေလို့ ဆီလေး ဆမ်းပေးလို့ရမလားဆိုတော့ နှမ်းဆီမွှေးလေး ဆမ်းပေးတာမို့ စားလို့ ပိုကောင်းသွားပါတယ်။

ထမင်းစားနေတဲ့ တစ်လျှောက်မှာလည်း လာစားကြသူတွေက နိုင်ငံခြားသားတွေရော၊ မြန်မာတွေရော အပြည့်ပါပဲ။ အများအားဖြင့်ကတော့ လူငယ်တွေပါ။ တချို့ဆို နေရာမရှိလို့ ဆိုင်ပြင်မှာတောင် ခဏရပ်စောင့်နေတာတွေ့ရလို့ အံ့တောင်သြမိပါတယ်။ ထမင်းစားပြီးတဲ့အထိ ကော်ဖီမရသေးတာနဲ့ Drip ကော်ဖီမရသေးဘူးဆိုတော့ ကြာဦးမယ်ဆိုတာနဲ့ ကာပူချီနိုပြောင်းမှာပြီး အချိုပွဲအတွက် ချော့ကလက်ပန်ကိတ် မှာလိုက်ပါတယ်။ ဆိုင်က ညီမလေးတစ်ယောက်က ပန်ကိတ်နဲ့ ကော်ဖီလာချပေးရင်း Drip ကော်ဖီမှာတာမရလို့ တောင်းပန်စကားဆိုရင်း အေးေးအးဆေးဆေး ကော်ဖီသောက်ချင် ဓာတ်ပုံရိုက်ချင်ရင် တနင်္လာကနေ သောကြာ ကြားရက်တွေလာဖို့ ပြောပါတယ်။ စနေ၊ တနင်္ဂနွေတွေမှာတော့ ဖွင့်စကတည်းက လူအပြည့်မို့ အဆင်မပြေတာလေးတွေရှိရင် ကြားရက်လာဖို့ ပြောပါတယ်။

အဓိက ပြောချင်တာက ဝန်ဆောင်မှုပါ။ ဒီဆိုင်လေးကတော့ စမ်းချောင်းရပ်ကွက်ထဲက တိုက်ခန်းလေးမှာ အေးအေးဆေးဆေး ဖွင့်ထားတဲ့ ချစ်စရာ ဆိုင်သေးသေးလေးဖြစ်ပေမဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုက တော်တော်လေး ကောင်းပါတယ်။ သူ့တို့ဘက်က အဆင်ပြေအောင် လုပ်မပေးနိုင်ပေမဲ့ စားသုံးသူရဲ့ စိတ်မှာ ကျေနပ် သွားအောင် ပြန်လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှု ကောင်းတာလေးက ကျေနပ်စရာပါပဲ။

သစ်ပင်လေးတွေနဲ့ အေးဆေးပြီး ဝန်ဆောင်မှုကောင်းသလို အစားအသောက်ရော ဈေးနှုန်းပါ မဆိုးတဲ့Leaf Café and Plants ဆိုင်လေးကဝန်ဆောင်မှုအတွက်service charge လည်း မယူပါဘူး။ သစ်ပင်စိမ်းစိမ်းလေးတွေနဲ့ ဒီဆိုင်လေးက အမှတ် ၁၆၊ ရှင်စောပုဘုရားလမ်း၊စမ်းချောင်းမြို့နယ်မှာ ရှိပါတယ်။ ဓာတ်ပုံရိုက်ချင်တယ်၊ အေးဆေးလေးထိုင်ပြီး ကော်ဖီသောက်ချင်တယ် ဆိုရင်တော့ တနင်္လာကနေ သောကြာ ကြားရက်တွေမှာ သွားသင့်တယ်လို့ အကြံပေးချင်ပါတယ်။


#ကော်ဖီ
#ထမင်းဖြူ
#ရှင်စောပု
#စမ်းချောင်း
#ပန်းပင်

Some text some message..