ဘဲပေါင်းပဲငါးပိ အချိုချက်နဲ့ မုန်လာဥနီ ချဉ်စပ်သုပ်
ဒီတစ်ပတ်တော့ တရုတ်စတိုင် အချိုဟင်းလေးတွေ ကြိုက်နှစ်သက်သူ တွေ အတွက် ဘဲပေါင်းပဲ ငါးပိ အချိုချက်လေးနဲ့ အအီပြေ မုန်လာဥနီနဲ့ ချဉ်စပ်သုပ်အတွဲအစပ်လေး ဖန်တီး ချက်ပြုတ်ထားပါတယ်။ ရာသီဥတုကလည်း ပူတော့စားနေကျ ပုံမှန်ဟင်းပွဲအစပ် တွေထက်စာရင် ဒီလို အချို၊ အချဉ်၊ အစပ် အတွဲအစပ်လေးက ပိုအဆင်ပြေလိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်းများ
ဘဲပေါင်းအတွက် ဘဲသား ၃ဝ ကျပ်သား၊ ပဲငါးပိစားပွဲတင်ဇွန်း နှစ်ဇွန်းခွဲ၊ သကြား စားပွဲတင်ဇွန်း လေးဇွန်း၊ ဆီ ငါးကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ချင်းမှုန့်အနည်းငယ် ကြက်သွန်နီ သုံးဥ။မုန်လာဥနီ ချဉ်စပ်သုပ်အတွက် မုန်လာဥနီအကြီး တစ်ဥ၊ ခရမ်းချဉ်သီး တစ်လုံး၊ ကြက်သွန်နီ တစ်ဥ၊ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်၊ လက်ဖက်သုပ်ထဲထည့်တဲ့ အကြော်စုံထောင်းထားတာ အနည်းငယ်၊ ဆီချက် စာပွဲတင်ဇွန်း တစ်ဇွန်းခွဲနဲ့ မန်ကျည်းရည် စားပွဲတင်ဇွန်း တစ်ဇွန်း။
အရင်ဆုံး ဘဲသားကို ရေဆေးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ချင်းမှုန့်၊ သကြားတို့နဲ့ နယ်ပြီး နှစ်နာရီလောက်ကြာအောင် နှပ်ထားပါ။ ကြက်သွန်နီ သုံးဥကို ကြိတ်ထားပါ။ ဘဲပေါင်းဖြစ်လို့ အသားနူးအိနေအောင် ကြာကြာပေါင်းလို့ရအောင် ဟင်းအိုးနဲ့ မသုံးဘဲ rice cooker ကိုပဲ သုံးပြီးပေါင်း ပါတယ်။ အရသာတွေ ထည့်နယ်ပြီး နှပ်ထားတဲ့ဘဲသားကို နှစ်နာရီလောက်ကြာတဲ့အခါ ကြိတ်ထားတဲ့ ကြက်သွန်နီတွေ၊ ဆီနဲ့ရောပြီး ဘဲပေါင်းနူးလောက် မယ့် ရေအတန်အသင့်ထည့်ကာ ပေါင်းထားလိုက်ပါ။
တစ်ချိန်တည်းမှာပဲ ပဲငါးပိ စားပွဲတင်ဇွန်း နှစ်ဇွန်းခွဲကို ရေနွေးနဲ့ ဖျော်ပြီးထားပါ။ ဘဲပေါင်း နူးပြီးမွှေးလာတဲ့အခါမှာ ပဲငါးပိ ဖျော်ထားတဲ့ အရည်ကို ဘဲပေါင်းထဲ လောင်းထည့်လိုက်ပါ။ ပဲငါးပိအရည်တွေက ဘဲပေါင်းထဲ စိမ့်ဝင်ပြီး ပဲငါးပိနံ့ မွှေးလာတဲ့အခါ အရသာ အနေတော် ရှိမရှိ၊ အဆင်ပြေမပြေ၊ ဘဲပေါင်းနူမနူးနဲ့ ပဲငါးပိအရသာက ဘဲပေါင်းထဲ ဝင်မဝင်ဆိုတာ သိရအောင် တစ်ချက် မြည်းကြည့်ပါ။ အနံ့ လည်း မွှေးလာပြီ ပဲငါးပိအရသာလည်း ဘဲပေါင်းထဲဝင်ပြီ အရသာလည်း ရှိပြီဆို ဆီကျန်ရေကျန် အနေလေးမှာ ဟင်းအိုးကို ချလိုက်လို့ရပါပြီ။ ပဲငါးပိနံ့သင်းနေတဲ့ ဘဲပေါင်း ချိုချိုလေးကို အရည်လေးဆမ်းစား ရတာဟာ မွှေးပြီး ချိုမြနေမှာ အသေအချာပါပဲ။
ချိုအီမွှေးနေတဲ့ ဘဲပေါင်းပဲငါးပိရဲ့အအီကို ပြေသွားအောင် မုန်လာဥနီချဉ်စပ်သုပ်လေး ဖန်တီးလိုက်ပါမယ်။ မုန်လာဥနီကို သေးသေးလေးတွေ ခြစ်ထား၊ ခရမ်းချဉ်သီးကို ခပ်သေးသေး လှီးပြီး ကြက်သွန်ကို ပါးပါးလှီးထားပါ။ လက်ဖက်ထဲထည့်တဲ့ အကြော်စုံအနည်းငယ်ကို ထောင်းထားပါ။ အသုပ်အတွက် ကြက်သွန်နီ နည်းနည်းကြော်ပြီး ဆီချက်ချက်လိုက်ပါ။ ဆီချက်ရရင် အားလုံးရောထည့်ပြီး သုပ်လိုက်ပါ။ အချဉ် အတွက် ရေနွေးနဲ့ ဖျော်ထားတဲ့ မန်ကျည်းရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်တွေထည့်ပြီး အရသာအနေတော် ဖြစ်မဖြစ် မြည်းကြည့်ပါ။ အစပ်အတွက်တော့ ငရုတ်သီးသုံးတောင့်လောက် လှီးထည့်ပါ။ ချဉ်ချဉ်စပ်စပ်ကြိုက်ရင်တော့ အချဉ်နဲ့အစပ်ကို ပိုထည့်နိုင်ပါတယ်။ အချဉ် အစပ် အငန် အရသာအနေတော်ဆို စားလို့ရပါပြီ။
ဟင်းပွဲတစ်ပွဲအတွက် စားချင်စဖွယ်ဖြစ်မှုဟာ အရေးပါလှတာမို့ ဟင်းချက်ပြီးရင် ပန်းကန်ထဲထည့်ကာ စားချင်စဖွယ်ဖြစ်အောင် အလှဆင်ဖို့လည်း မမေ့ပါနဲ့နော်။ ဘဲပေါင်းပဲငါးပိကို ပန်းကန်ထဲမထည့်ခင် ဆလတ်ရွက်လေးခင်းပြီး ဘဲပေါင်းကို လှအောင်ထည့်ကာ အပေါ်ကနေ ပဲငါးပိအနှစ်အရည်လေး ဆမ်းပါ။ ပြီးရင် မုန်လာဥနီလေးတွေကို ခပ်ရိုးရိုးပန်းပွင့် အဝိုင်းပုံလေးတွေ လှီးပြီး အလှဆင်ပေးလိုက်ပါ။ ဆလပ်ရွက်အစိမ်းပေါ်က ဘဲပေါင်းဟင်းဟာ လိမေ္မာ်ရောင် မုန်လာဥနီလေးတွေကြောင့် ပိုပြီး စားချင့်စဖွယ်ဖြစ်စေသလို ပန်းကန်ပြားထဲက ငရုတ်သီးတောင့်လေးတွေနဲ့ အလှဆင်ထားတဲ့ မုန်လာဥနီ ချဉ်စပ်သုပ်ကလည်း အနီအစိမ်းအရောင်လေးတွေနဲ့ အမြင်လေး ပိုလှသွားမှာ သေချာပါတယ်။ နောက်တစ်ပတ်မှာ Time & Life ရဲ့ အိုးသူကြီးဘာတွေများ ချက်မလဲလို့ စောင့်မျှော်ကြပါဦးနော်။