ကြက်ကရင်သုပ်
mmtimes.com
|
2020-03-26



ကြက်ကရင်သုပ်

ဒီတစ်ပတ်တော့ အိုးသူကြီးက နေ့လယ်စာအဖြစ်ရော၊ ညစာအတွက်ပါ ချက်ရလွယ်ပြီး အရသာလည်းရှိ၊ အားလည်းပြည့်မယ့် ကြက်ကရင်သုပ် လုပ်နည်းလေးကို ပြောပြချင်ပါတယ်။


ပါဝင်ပစ္စည်းများ

ကြက်တစ်ကောင်၊ ငရုတ်ပွခြောက် အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ သံပုရာသီးနဲ့ ဆား အနည်းငယ်။ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်ပူရ၊ နွေပူပူကြောင့် နေလို့မပျော်၊ ခံတွင်းပျက်နေသူတွေအတွက် ကြက်သား (အိမ်ကြက်ဆိုရင် စီပီထက် အသားနည်းပေမဲ့ ပိုချိုပါတယ်)ကို ရေစင်စင်ဆေးပြီး ပြုတ်ပါမယ်။ ပထမ ရေဆူချိန်မှာ အမြုပ်ထွက်လာရင် ခပ်ထုတ်ပြီး ကြာကြာလေး ဆူပွက်အောင် ထားပါမယ်။ ကြက်သွန်ဖြူ သုံးမွှာလောက် ဓားပြားရိုက်ပြီး ကြက်ပြုတ်အိုးထဲ ထည့်ပါမယ်။ ကရင်တိုင်းရင်းသားတွေကတော့ ဆန်စေ့နည်းနည်း ထည့်ပြုတ်တဲ့ ဓလေ့ရှိပါတယ်။

ရေစိမ်ထားတဲ့ ငရုတ်ပွတွေကို ဆားနည်းနည်းထည့်ပြီး ထောင်းပါမယ်။ ကြက်သွန်နီနည်းနည်း ထည့်ထောင်းရင် အနှစ်ပိုရပါမယ်။ ကြက်ပြုတ်နူးပြီဆိုရင် ဆယ်ပြီး အသားထွင်မယ်၊ ငရုတ်ထောင်းထားတာနဲ့ ကြက်သွန်နီလှီးထားတာ ထည့်မယ်၊ အရသာလေးလေး ကြိုက်ရင်တော့ ကြက်သားမှုန့်ထည့်နိုင်ပြီး ဘာမှ ထပ်မထည့်လည်း အရသာက ကောင်းပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီးထည့်၊ ရှောက်ရွက် ပါးပါးလှီးထားတာလေး ထည့်၊ သံပုရာရည် ရွှဲရွှဲညှစ်ပြီး နယ်သုပ်လိုက်တာနဲ့ ကြက်ကရင်သုပ် ရပါပြီ။ကြက်ပြုတ်ရည်ကို လှီးထားတဲ့ ရှောက်ရွက်နည်းနည်းခပ်ပြီး ဟင်းရည်အဖြစ် တွဲဖက်သုံးဆောင်နိုင်ပါတယ်။


#ကရင်
#ငရုတ်
#ကြက်သွန်နီ
#အရသာ
#အိုးသူကြီး

Some text some message..