
ခုချိန်မှာ သင်္ကြန်ကာလလည်း ရောက်ရှိနေပြီဖြစ်တာကြောင့် သင်္ကြန်ရက်တွေမှာ အပြင်မထွက်ရလည်း သင်္ကြန်စာလေးတွေ လုပ်စားပြီး သင်္ကြန်အငွေ့အသက်တွေကို ခံစားလို့ရပါသေးတယ်နော်။ ဒါကြောင့် ပရိသတ်ကြီးအတွက်ကိုလည်း သင်္ကြန်မုန့်လုပ်နည်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ ကြည့်လိုက်ကြရအောင်နော်။
မုန့်လုံးရေပေါ်
သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ဟာ ခွဲလို့မရတဲ့ အရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ သင်္ကြန်မှာ မုန့်လုံးရေပေါ်ကို အိမ်တိုင်းလိုလို လုပ်စားလေ့ရှိတဲ့ မုန့်တစ်မျိုးပါ။ စတုဒိသာမဏ္ဍပ်တွေမှာလည်း သင်္ကြန်စာအဖြစ် လုပ်တတ်ကြတဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကဲ ဒီတော့ သင်္ကြန်စာ တစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်နော်။
ပါဝင်သောပစ္စည်း
ကောက်ညှင်းမှုန့် - နို့ဆီဘူး ၈လုံး
ဆန်မှုန့် - နို့ဆီဘူး ၂လုံး
ထန်းညက်
အုန်းသီး - တစ်ခြမ်း
မုန့်လုပ်နည်း
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပြီး ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပြီးရင်တော့ သုံးဆောင်နိုင်ပါပြီနော်။
မုန့်လက်ဆောင်း
မုန့်လက်ဆောင်းလို့ ဆိုလိုက်တာနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ တိုက်တဲ့ မုန့်လက်ဆောင်အေးအေးလေးတွေကို တန်းမြင်နေကြပြီမဟုတ်လား။ မုန့်လက်ဆောင်းကို ထန်းညက်ရေနဲ့သာမက အုန်းနို့နဲ့လည်း လုပ်တတ်ကြပါတယ်။ ရေစိုစိုနဲ့ ထန်းညက်ရည်မုန့်လက်ဆောင်းသောက်ရတဲ့ အရသာဟာ သင်္ကြန်ကာလမှာပဲ ရနိုင်တဲ့အရသာလေးပါ။ ဒီနှစ်သင်္ကြန်မှာတော့ ရေမစိုရလည်း မုန့်လက်ဆောင်းတော့ အိမ်မှာလုပ်သောက်လို့ရပါသေးတယ်နော်။ ရင်အေးစေမယ့် မုန့်လက်ဆောင်းလုပ်နည်းလေးကို ပြောပြပေးမယ်နော်။
ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
မုန့်လက်ဆောင်းဖက် - ၁ပြည်
ထန်းညက် - ၄၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း တဝက်
အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ
အုန်းသီး - ၁လုံး (အရည်ညှစ်ထားပြီသား)
သကြား - ၂၀ကျပ်သား
ဆား - လက်ဖက်ရည်ဇွန်း တဝက်
ပြုလုပ်နည်း
လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။ ပြီးလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တဝက်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။ ပြီးမှ မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။ ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။
ထန်းလျက်ရည်နဲ့ကြိုက်သူတွေအတွက်ကတော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီ ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။ ပြီးမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တဝက်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပါ။
မုန့်ကြာစိ
သင်္ကြန်မှာ လုပ်စားကြတဲ့ မုန့်တွေထဲမှာတော့ မုန့်ကြာစိလည်း အပါအဝင်ဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရနိုင်တဲ့ မုန့်လည်းဖြစ်တာကြောင့် သင်္ကြန်ကာလမှာ လုပ်စားဖြစ်ကြတဲ့ မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် - နို့ဆီဗူး ၄လုံး
ဆန်မှုန့် - နို့ဆီဗူး ၁လုံး
(ကောက်ညှင်းမှုန့်နဲ့ ဆန့်မှုန့်သည် လေးချိုး ၁ချိုးဖြစ်သည်။)
ထန်းလျက်ခဲ - ၃၀၀ ဂရမ်
အုန်းသီး - တခြမ်း (ခြစ်ထားပေးပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ
ပြုလုပ်နည်း
အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်)ကို ရောမွှေလိုက်ပါ။ ပြီးလျှင် ရ(၅၀၀ ml) ကို နည်းနည်းထည့်ကာ မုန့်သားများကို မပျော့မမာ အနေထားရောက်သည်အထိ နုယ်ပေးပါ။ ထို့နောက် မုန့်ကြာစေ့အတွက် ပုံတွင် ပါသည့်အတိုင်း မုန့်လုံး သေးသေးလေးတွေ လုံးပေးပါ။ ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်ပေးပါ။ မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။ မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျှက်ခဲများကို ရေဖြင့် မပျစ်မကျဲအနေထား ကျိုထားပေးပါ။ ပြီးနောက် မုန့်လုံးများ၊ ဆားကို ထည့်ကာ ခဏကျိုပေးပြီ အုန်းသီးခြစ်လေးများ ဖြူးပြီ မုန့်ကြာစေ့ပူပူလေးကို စားသုံးနိုင်ပါပြီနော်။
Photo Credit - Original Uploader