
မကြာခင်မိုးရာသီရောက်တော့မှာဆိုတော့ မိုးနဲ့အတူ မှိုလေးတွေလဲ ပြန်ပွင့်ကြတော့မှာပါ။မိုးရွာတဲ့အချိန်မှာဆို ချဉ်ချဉ်စပ်စပ် ဟင်းရည် တစ်ခွက်ကပူပူနွေးနွေး ထမင်းပူလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။
မှိုချဉ်စပ်ဟင်းရည်ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
မှို
စပါးလင်
ရှောက်ရွက်
ကြက်သွန်ဖြူ
စိမ်းစားငါးပိ
သံပုရာရည်
ငရုပ်သီးစိမ်း(အစပ်ကြိုက်ရင် ကြိုက်သလောက်ထည့်နိုင်ပါတယ်)
ငရုပ်ကောင်း
ကြက်သွန်မြိတ်
ဆူးပုပ်ရွက်
ပင်စိမ်းရွက်တို့ကို လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းရည်အိုးထဲထည့်မယ့် အသီးအရွက်တွေကို တခါစား အရွယ်လေးတွေ ပြင်ဆင်ပါ။ ဟင်းရည်တည်မယ့် အိုးထဲကို ရေ၊ စပါးလင်၊ ငရုပ်သီးစိမ်း၊စိမ်းစားငါးပိ၊ အနည်းငယ်ထည့်ပြီး ဆူပွတ်လာတဲ့အထိ တည်ထားပေးပါ။ စိမ်းစားငါးပိ ထည့်တာ မကြိုက်ရင် သူ့အစား ပဲငံပြာရည်ထည့်လို့ရပါတယ်။
အိုးဆူလာပြီဆိုရင် ကြက်သွန်ဖြူခတ်ပြီး ရေနဲ့စင်အောင်ဆေးထားတဲ့ မှိုမျိုးစုံကို ထည့်ပါ။ ပြီးရင် ဆူးပုပ်ရွက်၊ ပင်စိမ်းရွက် ထည့်ပါ။ အပေါ့အငန်အတွက် ဆားအနည်းငယ်ထည့်ပြီး မြည်းကြည့်ပါ။ ၅ မိနစ်လောက်ကြာရင် မှိုတွေ နူးအိစပြုလာ ပါလိမ့်မယ်။
မီးဖိုပေါ်က ဟင်းချိုအိုးချခါနီးမှ ရှောက်ရွက်နဲ့ ငရုတ်ကောင်းခတ်ပါ။ သောက်မယ့် ဟင်းချိုပန်းကန်လုံးထဲကို သံပုရာရည်နဲ့ ကြက်သွန်မြိတ်လေးခတ်လိုက်ရင် အနံ့ရတာနဲ့တင် စားချင်စိတ်ဖြစ်ပေါ်စေမယ့်ချဉ်စပ်မှိုဟင်းရပါပြီ။