
ဂျပန်လို Sekihan လို့ခေါ်တဲ့ ကောက်ညှင်းပေါင်း
ဂျပန်နိုင်ငံမှာ ရိုးရာအခမ်းအနားပွဲ၊ အရင်အချိန်တုန်းက မင်္ဂလာပွဲတွေမှာ အမြဲပါလေ့ရှိတဲ့ Sekihan လို့ခေါ်တဲ့ ပဲကောက်ညှင်းပေါင်းပြလုပ်နည်းကို ပြောပြပေးသွားမှာပါ။
Sekihan ဆိုတာကတော့ အနီရောင်ထမင်းလို့ အဓိပ္ပာယ်ရပါတယ်။
ပဲလွမ်း(azuki) ပဲကို ပြုတ်ပြီးမှ ရလာတဲ့ အနီရောင်အရည်နဲ့ ကောက်ညှင်းကို အရောင်ဆိုးပြီး ပဲလွမ်းနှင့် ကောက်ညှင်းပေါင်းမှာ ဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ
ကောက်ညှင်းဆန် – ၃၀၀ဂရမ် (နိုးဆီဘူး ၁ ဘူး)
ပဲလွမ်း -၄၀ ဂရမ်
ဆား -လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
– နှမ်းထောင်းပြုလုပ်ရန်အတွက်-
နှမ်းနက် – စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း – ၄ ပုံ ၁ပုံ
ကောက်ညှင်းပေါင်းနည်း
၁) ပထမဆုံး ပဲလွမ်းတွေကို ဆန်ကာထဲထည့် ရေဆေးပြီး စစ်ထားပါ။ပြီးလျှင် အိုးထဲမှာ ပဲတွေကို ထည့်ပြီး ရေကို ပဲမြုပ်အောင် ထည့်ရပါမယ်။ အဲ့ဒီနောက် ရေဆူလာသည်အထိ ပဲကို ပြုတ်လိုက်ပြီး ရေနွေးတွေကို သွန်ပြီး စစ်ထားလိုက်ပါ။
၂) ပြီးလျှင် နောက်တစ်ကြိမ် ပဲတွေကို အိုးထဲပြန်ထည့်ပြီး ရေ နို့ဆီဘူး ၂ ဗူးကျော်လောက်ထည့်လိုက်ပြီး မီးအနေတော်ဖြင့် ပြုတ်လိုက်ပါ။ ရေနွေးဆူလာတာနဲ့ မိနစ် ၂၀ လောက်နှပ်ထားပေးပါ။ ပဲတွေကပ်မသွားအောင်လို့ မီးအပူချိန်ကို အနိမ့်ဆုံးထားပြီး မီးအေးအေးနဲ့ နှပ်ရပါမယ်။
၃) မိနစ် ၂၀ လောက်ကြာသွားရင် အဖုံးကိုဖွင့်ပြီး ပဲနူးပြီလားလို့ ပဲတစ်စေ့လောက်ကို စားကြည့်လိုက်ပါ။ ပဲစေ့အလယ်က မကျက်သေးတဲ့ အနေအထားမှာ မီးကို ပိတ်လိုက်ပါ။
၄) ဇလုံတစ်လုံးထဲ ဆန်ကာကို ထပ်ပြီး ကျက်သွားပြီဖြစ်တဲ့ ပဲပြုတ်တွေကို ရေစစ်လိုက်ပြီး ပဲပြုတ်ရည်ကိုတော့ သီးသန့်ဖယ်ထားရပါမယ်။ ပဲပြုတ်ရည်တွေကို ခြောက်မသွားအောင် ပလတ်စတစ်အပါးလေးနဲ့ ဖုံးထားပါ။ ဒါမှမဟုတ် အဖုံးနဲ့ အုပ်ထားပါ။
၅) ပဲပြုတ်ရည်ထည့်ထားတဲ့ ဇလုံကို ရေအေးဖြည့်ထားတဲ့ ဇလုံအကြီးထဲကို ထည့်လိုက်ပြီး အအေးခံထားရပါမယ်။ပြီးလျှင် ယောက်ချိုဇွန်းနဲ့ ပဲပြုတ်ရည်ကို ခပ်ယူလိုက် ပြန်လောင်းချလိုက် ပြုလုပ်ပြီး ပဲပြုတ်ရည်ကို လေနဲ့ ထိတွေ့ပေးလိုက်မယ်ဆိုရင် ပဲပြုတ်အရည်က အရောင်စိုစိုလေး ဖြစ်လာစေပါမှာ။
၆) ဆန်ကို ဆန်ကာထဲထည့်လိုက်ပြီး ဖွဖွလေးရေဆေးပြီးမှ ဆန်စေ့တွေကို လက်နဲ့ ၁၀ ကြိမ်လောက် သမသွားအောင် ဆေးရပါမယ်။ ၂ ခါလောက်ဆေးပေးပြီးနောက်မှာတော့ ဆန်ခါထဲမှာ ၁၀ မိနစ်လောက် ရေစစ်ထားပါ။
၇) ပဲပြုတ်ရည်ကို အအေးခံထားတာ နဲနဲနွေးနွေးလေးဖြစ်သွားချိန်မှာတော့ အိုးထဲကို ဆန်ထည့်ပြီး ပဲပြုတ်ရည် – နို့ဆီဗူး ၁ လုံးကျော်ကျော်လောက် လောင်းထည့်လိုက်ပါ။ ပဲပြုတ်ရည်က ၃၃၀ မီလီလီတာ မပြည့်ဘူးဆိုရင် ရိုးရိုးရေနှင့် အဲ့ဒီပမာဏ ပြည့်အောင် ထပ်ပေါင်းထည့်ပေးပါ။
၈) မိနစ် ၃၀ ကနေ ၄၀ လောက် ပဲပြုတ်ရည်နဲ့ ရေစိမ်ထားပြီး ကောက်ညှင်းဆန်ပွ လာပြီဆိုရင် ဆားထည့်ပြီး မွှေလိုက်ပါမယ်။ ပြီးလျှင် ပဲလွမ်းတွေကို ကောက်ညှင်းဆန်အပေါ်မှာ တင်ပြီးတော့ အိုးအဖုံးကို ပိတ်လိုက်ပြီး အပူချိန်အနောတော်လောက်နဲ့ ချက်ရပါမယ်။
၉) အိုးတည်ပြီးနောက် စပြီးဆူပွက်လာပြီဆိုရင် အပူချိန်ကို လျှော့ပြီး မီးအေးအေးနှင့် ၁၂ မိနစ်လောက် ဆက်ချက်ပါ။ ထို့နောက်မှာတော့ မီးပိတ်လိုက်ပြီး အိုးအဖုံးကို မဖွင့်ပဲ ရေနွေးငွေ့ဖြင့် ၁၀ မိနစ်လောက် ဆက်ပေါင်းထားလိုက်ပါ။
နှမ်းထောင်းပြုလုပ်နည်း
ဒယ်အိုးအပြားပေါ်မှာ နှမ်းနက်နှင့် ဆားကို ထည့်ပြီး မီးအေးအေးဖြင့် လှော်ရပါမယ်။ ၁ မိနစ်လောက် လှော်လို့ အနံ့လေးမွှေးလာပြီဆိုရင် စာရွက်ပေါ်တင်ပြီး အအေးခံထားလိုက်ပါ။
ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းရဲ့ အပေါ်မှာတင်ပြီး ပေါင်းထားတဲ့ ပဲလွမ်းကို ခပ်ယူပြီး ကောက်ညှင်းချည်းပဲ အထက်အောက်မွှေပေးပါ။ ထို့နောက်မှာ လင်ပန်းကျယ်ကျယ်ထဲမှာ ကောက်ညှင်းပေါင်းကို ဖြန့်ခင်းလိုက်ပြီး ပဲကို အပေါ်ကနေ ဖြူးပြီးရင်တော့ ပန်ကာလေလေးနဲ့ ဖြစ်ဖြစ် အအေးခံထားလိုက်ပါ။ လုံးဝ အေးသွားပြီဆိုရင်တော့ ပန်းကန်လုံး(သို့) ဂျပန်လို juubako လို့ခေါ်တဲ့ ယွန်းဘူးထဲကိုထည့်ပြီး အပေါ်မှ နှမ်းထောင်းလေးဖြူးပြီး စားသုံးနိုင်ပါပြီ။
Ref;NHK-WORLD JAPAN