ပိန္နဲသီး ဆူးပုတ်ချက်
mmtimes.com
|
2020-06-26



ပိန္နဲသီး ဆူးပုတ်ချက်

ဈေးထဲသွားပြီး တစ်နေ့တစ်နေ့ ဟင်းမည်မထပ်အောင် စဉ်းစားရတာလည်း အိုးသူကြီးတွေ ခေါင်းပူရတဲ့ ကိစ္စတစ်ခုပါပဲ။ ဈေးထဲမှာ ဒီရက်ပိုင်း ဆူးပုတ်လေးတွေ ပေါပေါများများတွေ့တာနဲ့ လိုက်ဖက်မယ့် ဟင်းလေးတစ်မည် ခေါင်းထဲပေါ်လာတာကြောင့် အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဒီဟင်းလေးက စာရေးသူအတွက်တော့ အသားဟင်းတွေနဲ့တောင် မလဲနိုင်တဲ့ ပိန္နဲသီး ဆူးပုတ်ချက်လေးပါပဲ။


ပါဝင်ပစ္စည်းများ

ချက်ရတာ အချိန်ကုန်သက်သာပြီး လွယ်လည်း အလွန်လွယ်ပါတယ်။ ဒီဟင်းချက်ဖို့အတွက် ဖြူဖွေးပြီးလတ်ဆတ်တဲ့ ပိန္နဲသီးစိမ်းကို အသုံးပြုဖို့က အဓိကပါပဲ။ ပိန္နဲသီး မလတ်ရင် အရောင်လည်းမလှသလို ဘယ်လောက် ချက်ချက်နူးအိမသွားဘဲ ဆတ်တောက်တောက် ဖြစ်နေတတ်ပါတယ်။ တခြားလိုအပ်တာတွေကတော့ ကြက်သွန်နီ၊ ဆီအနည်းငယ်၊ ငံပြာရည်၊ ပုစွန်ခြောက်၊ ဆနွင်းအနည်းငယ် ဖြစ်ပါတယ်။ တချို့က ငါးပိနဲ့ ချက်ကြ တာလည်း ရှိပါတယ်။ ငါးပိသုံးရင်တော့ ဟင်းအရောင် သိပ်မလှလို့ အိုးသူကြီးကတော့ ငံပြာရည်လေးနဲ့ပဲ ချက်လိုက်ပါတယ်။

အပြင်အခွံသင်ထားတဲ့ ပိန္နဲသီးစိမ်းတွေကို ရေစင်အောင်ဆေး အူတိုင်တွေ ဖြတ်တောက်ပစ်ပြီး အရွယ်တော်အတုံးလေးတွေ တုံးပြီး အိုးထဲထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးထည့်ပါ။ ဆီကို ထမင်းစားဇွန်းတစ်ဇွန်း ထည့်ပါ။ ဆနွင်းမှုန့်၊ ငံပြာရည် ထည့်ပါ။ ပုစွန်ခြောက် ထောင်းထည့်ပါ။ အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်း နည်းနည်းထည့်နိုင်ပါတယ်။ အားလုံးကို သမအောင် ရောမွှေပြီး ပိန္နဲသီးစိမ်း မြုပ်ရုံရေထည့်ပြီး မီးဖိုပေါ်မှာ တည်ပါ။ ဆူးပုတ်ရွက်လေးတွေကို စိမ်းစိမ်းလေးဖြစ်နေအောင် ပိန္နဲသီး ရေခန်းခါနီးမှထည့်ပါ။ ရေခန်းလို့ ပိန္နဲသီးတွေ နူးအိလာပြီဆိုရင်တော့ အရသာမြည်းပြီး မီးဖိုပေါ်က ချလို့ရပါပြီ။ထမင်းဝိုင်းမှာ ဆူးပုတ်နံ့မွှေးမွှေးလေးနဲ့ ဆိမ့်ဆိမ့်အိအိ ပိန္နဲသီးချက်လေး ပါတဲ့နေ့က အိုးသူကြီးအတွက်တော့ ထမင်းလိုက်ပွဲယူရတဲ့ နေ့ပါပဲ။


#အိုးသူကြီး
#ငံပြာရည်
#ဟင်းလေး
#ပုစွန်ခြောက်
#ဆနွင်း

Some text some message..