ကြက်အူထုံး မဆလာချက်နှင့် ချဉ်ပေါင်ဟင်းချို
ဒီတစ်ပတ်တော့ အိမ်မှာချက်စားဖို့ ကရိကထများလို့ အိမ်ရှင်မတွေလက်ရှောင်ကြတဲ့ ကြက်အူထုံးချက်လေးနဲ့ သူနဲ့လိုက်ဖက်တဲ့ ချဉ်ပေါင်ဟင်းချိုလေးတစ်ခွက် ချက်ကြရအောင်ပါ။
ပါဝင်ပစ္စည်းများ
ကြက်အူ ငါးဆယ်သား၊ မန်ကျည်းသီးမှည့်၊ သံပရာသီး၊ ဆား၊ ပျဉ်းတော်သိမ်ရွက်၊ ချဉ်ပေါင်ရွက်၊မျှစ်၊ ရုံးပတီသီး၊ပုစွန်ခြောက်အနည်းငယ်။ဈေးချိုသလောက် ချက်ပြုတ်ရာမှာ လက်ဝင်တာကြောင့် အိမ်ရှင်မတွေရှောင်ကြတဲ့ ကြက်အူ (သန့်စင်ပြီးသား) ကို မန်ကျည်းသီးအမှည့်နဲ့ နယ်ပြီး ဆေးပါမယ်။ အညှီနံ့ရော အကျိအချွဲတွေရောကို မန်ကျည်းသီးက အကုန်အစင်ဖယ်နိုင်တာမို့ သုံးခါလောက် ရေဆေးအပြီးမှာ ဆားများများနဲ့ နှစ်ထပ်ဆေးပါမယ်။ ဆားနဲ့ ဆေးပြီးရင်တော့ သံပရာသီးမှည့်တွေခွဲထည့်ပြီး ကိုယ်စိတ်ကျေနပ်တဲ့အထိ သန့်စင်သွားအောင် ရေဆေးပါ။ ဆေးပြီးသား အူတွေကို ပုံစံအမျိုးမျိုးနဲ့ထုံးပါမယ် အလွယ်ဆုံးက အူရဲ့ထိပ်စနှစ်စကို အဆင့်ဆင့် ခပ်တင်းတင်းချည်နှောင်ရင်း ကျစ်နေအောင်အထုံးထုံး တာပါ။ ပြီးရင် ဆား၊ ကြက်သားမှုန့်၊ မဆလာ၊ နနွင်းမှုန့်တို့နဲ့ နယ်ထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ နီကို ညက်အောင်ထောင်းပြီး ငရုတ်သီးအရောင်တင်မှုန့်နဲ့ ဆီသတ်ပါမယ်၊ မွှေးလာရင်တော့ ကြက်အူထုံးလေးတွေ ထည့်လို့ရပါပြီ။
သတိထားရမှာက ကြက်အူထုံးတွေက ကြာကြာချက်လေ ရေတွေထွက်လာလေမို့ စိတ်လောပြီး ရေ မထည့်လိုက်ဖို့ပါ။နောက်ဆုံး သူ့မှာပါတဲ့ ရေကုန်ပြီး ခပ်မာမာလေးလိုချင်တယ်ဆိုရင်တော့ ရေနွေးအနည်းငယ်ထည့်နိုင်ပါတယ်။ ပြီးရင် ပျဉ်းတော်သိမ်ရွက်ထည့်ပြီး ဆီပြန်တဲ့အထိ ချက်ပါ။ မဆလာနံ့မွှေးမွှေးနဲ့ ကြက်အူထုံးချက်ရပါပြီ။
လိုက်ဖက်တဲ့ ချဉ်ပေါင်ဟင်းချိုအတွက်ကတော့ ကြက်သွန်ဖြူနီကို ပုစွန်ခြောက်အနည်းငယ်နဲ့ ဆီသတ်ပြီး ရေဆူလာရင် မျှစ်၊ ရုံးပတီသီးနဲ့ ချဉ်ပေါင်ရွက်တို့ထည့်ပါ။ အရသာချိန်ဆရင်း ဟင်းချိုပူပူတစ်ခွက်ရပြီမို့ ဒီအတွဲအစပ်ချက်တဲ့နေ့မှာ ထမင်းတော့ များများချက်ထားဖို့လိုပါမယ်နော်။