သစ်တိုသီးပုစွန်ကြော်
ဒီတစ်ခါမှာတော့ အိုးသူကြီးက မိုးတွင်းမှာ ဖောဖောသီသီရတဲ့ ပုစွန်နဲ့ နွေအကုန်ပိုင်းတုန်းက ခူးပြီး ဆားသိပ်ထားတဲ့ သစ်တိုသီးကို ချဉ်စပ်လေးကြော်ပြမှာဖြစ်ပါတယ်။ ဒီဟင်းက သစ်တိုသီးတွေ ဖောဖောသီသီရတဲ့ မွန်၊ ကရင်၊ တနင်္သာရီတိုင်းလိုမျိုးဒေသတွေမှာ မကြာခဏချက်စားလေ့ရှိတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ သစ်တိုသီးကို ရန်ကုန်မှာလွယ်လွယ်မရနိုင်ပေမယ့် တကယ်လို့ ရလာတဲ့အခါမှာကြော်နိုင်ဖို့ ချက်ပြမှာဖြစ်ပါတယ်။
သစ်တိုသီးနဲ့ ပုစွန်ကြော်ဖို့အဓိကလိုတဲ့ ပစ္စည်းတွေက သစ်တိုသီး၊ ရေချိုပုစွန် (၂ဝ) သား၊ ငရုတ်သီးအစိမ်းမှုန့် နှစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ ၁ဝ မွှာ၊ မိုးမျှော်သီးငရုတ်သီးစိမ်း ၁၅ တောင့်၊ ကြက်သားမှုန့်၊ ဆီ၊ ငပိနဲ့ ငံပြာရည်တို့ပဲဖြစ်ပါတယ်။ သစ်တိုသီးရဲ့ အချဉ်ကို ငပိတစ်မျိုးတည်းကပဲ လေးသွားအောင် ထိန်းနိုင်တာဖြစ်တဲ့အတွက် ဒီဟင်းမှာ ဆားကိုလုံးဝမသုံးပါဘူး။
ပထမဆုံး သစ်တိုသီးကိုရေညှစ်ပြီး ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငပိနဲ့ရောနယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူ ငါးမွှာကိုလည်း ဓါးနဲ့ ရိုက်ပြီး မိုးမျှော်သီးတောင့်တွေကို တစ်စောင်းလှီးထားရပါမယ်။ ပြီးရင်ကြက်သွန်ဖြူနီကို ငရုပ်သီးအရောင်တင်မှုန့်နဲ့ ရောထောင်းရပါမယ်။ ထောင်းပြီးရင် ဆီသတ်ရပါမယ်။ ဆီသတ်ပြီးရင် နှပ်ထားတဲ့ သစ်တိုသီးကို အရင်ကြော်ပါမယ်။ ဒီနေရာမှာ သတိထားရမှာက သစ်တိုသီးက ဆီစုပ်တဲ့အတွက်ကြောင့်မို့ ဆီကိုခပ်များများလေးသုံးပေးရမှ အဆင်ပြေမှာပါ။ သစ်တိုသီးကြော်နေတုန်းမှာလည်း ရေကိုဟင်းချက်ဇွန်း နှစ်ဇွန်းစာလောက်ထည့်ပြီး ကြော်ရပါမယ်။ ရေခန်းစပြုပြီဆိုရင် ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ကို ပုစွန်နဲ့ တစ်ခါတည်းရောပြီးထည့်ရပါမယ်။ ငံပြာရည်ကို ကိုယ်လိုသလောက် ဖြည့်စွက်ပြီး လေးမိနစ်နီးပါး မွှေကြော်ပေးပြီးရင် ချဉ်ချဉ်စပ်စပ် သစ်တိုသီးပုစွန်ကြော်တစ်ခွက်ရမှာပဲဖြစ်ပါတယ်။