
အခုအချိန်မှာ ဆိုင်တွေလည်း ပိတ်၊ အပြင်လည်း မသွားရတဲ့အချိန်ဆိုတော့ ကိုယ်စားချင်တာလေးတွေကို ကိုယ့်အိမ်မှာပဲ လုပ်စားကြမယ်။ ကိုယ်တိုင် အိမ်မှာပြုလုပ်တဲ့အခါ သန့်ရှင်းလတ်ဆတ်တာမို့ ကျန်းမာရေးနဲ့ မညီညွတ်မှာကိုလည်း စိတ်ပူစရာ မလိုပါဘူးနော်။ ဒီတစ်ခါတော့ အိမ်မှာပဲ ကိုယ်တိုင် လုပ်စားလို့ရအောင် စပါကတီလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

shutterstock/ Valeria Aksakova
ပါဝင်ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ထောပတ်၊ ကြက်သွန်ဖြူ၊ ငရုပ်သီး အကြမ်းမှုန့်၊ ပဲငံပြာရည်၊ oyster sauce, cheese နဲ့ ကြက်သွန်မြိတ် စတာတွေ လိုအပ်ပါတယ်။

shutterstock/ Valeria Aksakova
ပြုလုပ်ရမယ့် နည်းလမ်းက အရင်ဆုံး ကြက်သွန်ဖြူ ခြောက်တက်လောက်ကို ပါးပါးလှီးပြီး သံလွင်ဆီ သို့ ပဲဆီ လေးဇွန်းလောက်ထည့်ပြီး ဆီသတ်ပေးရမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူတွေ ရဲရဲလေးဖြစ်လာရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။

shutterstock/ nadianb
ပြီးရင်တော့ ရေထဲကို ဆားအနည်းငယ်ထည့်ပြီး ရေဆူပွက်လာတဲ့အခါ ခေါက်ဆွဲကို ထည့်ပေးလိုက်ပါ။ စပါကတီလုပ်မယ့် ခေါက်ဆွဲက နူးအိနေမှ ကောင်းတာမို့လို့ ခဏလောက် အချိန်ထားပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ်လုပ်ရမှာက ကြက်သွန်ဖြူအနည်းငယ်ကို နုတ်နုတ်စင်းထားလိုက်ပါ။ အိုးထဲမှာ ထောပတ်ကို အပူပေးရမှာဖြစ်ပြီး စောစောက နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပေးရမှာပါ။ နောက်ပြီး အဲဒီထဲကို ငရုပ်သီးအကြမ်းမှုန့် အနည်းငယ်၊ ပဲငံပြာရည်နဲ့ oyster sauce တို့ကို ထပ်ထည့်ပြီး အနံ့မွှေးအောင်ထိ တည်ထားပေးရမှာ ဖြစ်ပါတယ်။

shutterstock/ TMON
နောက်ဆုံးမှာတော့ ပြုတ်ထားတဲ့ ခေါက်ဆွဲကို ထည့်ပြီး သေချာလေး မွှေပေးရမှာပါ။ ပြီးရင်တော့ cheese ခဲကို ခြစ်ထည့်ပြီး cheese တွေ ပျော်သွားအောင်အထိ စောင့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ စပါကတီလေးက အဆင်သင့်အနေအထားကို ရပါပြီ။ ပန်းကန်ထဲထည့်ပြီးရင် အပေါ်က ဆီသတ်ထားတဲ့ ကြက်သွန်ဖြူကြော်လေးနဲ့ ဆီလေးရယ်၊ ကြက်သွန်မြိတ်လေးရယ်၊ နောက်ပြီး ခြစ်ထားတဲ့ cheese အနည်းငယ်လေးကို ဖြူးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အရသာရှိလှတဲ့ စပါကတီလေးကို ရပါပြီ။
Khin