ငါးသံပရာပေါင်း
စားသောက်လို့ အမြိန်ဆုံးအချိန်ဟာ ဗိုက်ဆာနေတဲ့အချိန်နဲ့ကိုယ်စားချင်တဲ့ အစားအသောက် စားလိုက်ရတဲ့တစ်ထပ်တည်း ကျတဲ့အချိန်ဖြစ်ပါတယ်။ အခုလို ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှုကြောင့် စတေးဟုမ်းတွေ လုပ်လိုက်ရတဲ့အချိန်မှာတော့အစားအသောက်ချစ်သူတွေအတွက် ပုံမှန်စားနေကြ ထမင်းဟင်းတွေအပြင် မာလာရှမ်းကောလေး စားချင်တာလိုလို၊ ရခိုင်ပင်လယ်စာထောင်းလေး၊ ဒံပေါက်ထမင်းလေး စားချင်တာလိုလိုနဲ့ အာသီသတွေတစ်ထွေး ကြီးရတတ်ကြပါတယ်။
အခုအပတ်တော့ ကိုယ့်စိတ်ကြိုက်အရသာလည်းစားရ၊ စိတ်တိုင်းကျလည်းများများစားနိုင်ဖို့ ကိုယ်တိုင်ချက်ထားတဲ့ငါးသံပရာပေါင်းကို မိတ်ဆက်လိုက်ပါတယ်။ ကိုယ်တိုင်လုပ်တဲ့အတွက်သန့်သန့်ရှင်းရှင်းစားရသလိုအစားအသောက် လာပို့မယ့်အချိန် တစ်မျှော်မျှော်နဲ့စောင့်ရတဲ့အလုပ်လည်းအေးသွားတာပေါ့။
ငါးသံပရာပေါင်းဖို့အတွက်ကကတစ် ငါးက အကောင်းဆုံးပါပဲ။ဒါပေမယ့် ဆလားဗီးယား ငါးကပဲဈေးထဲမှာ အလွယ်တကူ ရှာရလွယ်တာကြောင့် ဆလားဗီးယားကိုပဲ အသုံးပြုလိုက်ပါတယ်။ ဈေးသည်ကိုလည်း တစ်ခါတည်းအကြေးအညှိတွေ ဖယ်ပေးဖို့ ပြောလို့ရပါတယ်။အိမ်ရောက်ရင်တော့ ဆားနဲ့ ပြောင်အောင် ထပ်ဆေးလို့ရသလိုအသန့်ကြိုက်တဲ့သူတွေသုံးတဲ့ တချို့နည်းတွေဖြစ်တဲ့ သံပရာ၊မန်းကျည်းရည်တွေနဲ့ ပွတ်တိုက်ဆေးလို့ရပါတယ်။
အကြေးအညှိတွေ ပြောင်စင်ပြီဆိုရင်တော့ ငါးကို ပေါင်းအိုးနဲ့ ပေါင်းဖို့ပြင်လို့ရနေပါပြီ။ ရေဆေးသန့်စင်ပြီး ငါးကို ကြက်သားမှုန့်၊ ဆားတို့နဲ့နှပ်ထားပါမယ်။ တစ်ဖက်ကလည်း ကိုယ်ကြိုက်တဲ့ နည်းနဲ့ပေါင်းဖို့အရွက်တွေ ပြင်ထားပါတယ်။ ကြက်သွန်ဖြူသေးသေးနုတ်နုတ်လေးစင်းထားပါတယ်။ ငရုတ်သီးတွေရော စင်းထားပါမယ်။ နောက်ပြီးတော့ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက်၊ ရှမ်းနံနံ့ရွက်တို့ကို အချိုးကျ နုတ်နုတ်လေးတွေစင်းထားပြီး အားလုံးရောထားပါတယ်။ သူတို့အရွက်သုံးမျိုး ပေါင်းလုပ်တဲ့အရသာက တမူထူးခြားပါတယ်။ (ကြက်ကချင်ဟင်းတွေ ချက်ရင် အခုအရွက်သုံးမျိုးရောပြီး ချက်ပါတယ်)ဒီနေရာက တချို့က ငါးအညှီနံ့ပျောက်ဖို့ ချင်းကို အသုံးပြုကြသလိုတချို့ကလည်း စပါးလင် အသုံးပြုကြပါတယ်။ ဆလားဗီးယား ငါးကိုအသုံးပြုပြီး ငါးသံပရာပေါင်း လုပ်တဲ့သူတွေကိုတော့ စပါးလင်ပဲအသုံးပြုဖို့ အကြံပေးပါရစေ။
စပါးလင်ကို အချောင်းလိုက် ဖြစ်ဖြစ်၊ခွဲခြမ်းပြီးတော့ပဲဖြစ်ဖြစ် ငါးရဲ့ ဗိုက်ထဲ၊ ပါးဟက်တွေထဲ ထည့်ပါတယ်။ပေါင်းအိုးနဲ့ ပေါင်းကြသလို စာရေးသူကတော့ရေပွက်ပွက်ဆူတဲ့ အိုးထဲမှာ ကြွေးပန်းကန်လေး ထည့်ပြီး ပေါင်းပါတယ်။ ၁၅မိနစ်ဝန်းကျင်ပေါင်းလိုက်ရင်တော့ အညှီရေတွေ ထွက်လာပါတယ်။ကျွန်မကတော့ အညှီရေတွေ ထွက်လာရင်သွန်ပစ်ပါတယ်။တစ်ပြိုင်နက်တည်း တခြားတစ်ဖက်မှာ အိုးတစ်အိုးထဲမှာ ရေနွေးတည်ထားပါတယ်။ကြက်သားမှုန့်ထည့်ပါတယ်။ ငံပြာရည်၊သကြားထည့်ပါတယ်။ နောက်အရွက်သုံးမျိုးနုတ်နုတ်စင်းထားတာရယ်၊ ကြက်သွန်ဖြူ၊ ငရုပ်သီး နုတ်နုတ်စင်းထားတာရယ် ထည့်ပါတယ်။ ပြီးရင် သံပရာရည်ထည့်ပါမယ်။ ပြောချင်တာက သိပ်ကြာကြာ မီးဖိုပေါ် တင်မထားပါနဲ့။ စိတ်ကြိုက်အရသာရရင် ငါးပေါ်လောင်းချပြီး အရသာ ချဉ်ဖြုန်းဖြုန်းအနံ့မွှေးမွှေးနဲ့ ခံတွင်းရှင်းစေတဲ့ ငါးသံပရာပေါင်းကို စားနိုင်ကြပါပြီ။
ကုန်ကျငွေက အလေးချိန် ၃၅ ကျပ်သားခန့်ရှိတဲ့ ဆလားဗီးယားငါးတစ်ကောင်ကို ကျပ် ၂,ဝဝဝ၊ အဆာပလာက ကျပ် ၄ဝဝ၊ ဘာညာထည့်တွက်ရင်တော့ ကျပ် ၂,၅ဝဝ ကုန်ကျပါတယ်။ အရွက်တွေပြင်ဆင်တာ၊ အဆာပလာ ပြင်ဆင်ချိန်က ၂၅ မိနစ် ခန့်မှန်းပါတယ်။
ချက်ချိန် ၁၅ မိနစ်သာသာ ဖြစ်ပါတယ်။အခုလို ငါးသံပရာပေါင်းလုပ်နည်းအမျိုးမျိုးထဲမှာ အခုနည်းဟာငါးသံပရာပေါင်းအစစ်အရသာလို့ နှစ်သက်ကျတဲ့သူတွေအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ အိမ်တွင်းမှာချက်ပြုတ်စားသောက်ကြနိုင်ကြပါပြီ။