ပြင်ဦးလွင်အနီးစခန်းနားက ထန်းရိပ်ညိုကဖေး
mmtimes.com
|
2018-12-17

လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ပြီးခဲ့တဲ့ တစ်ပတ်က မန္တလေးသွားရင်း ပြင်ဦးလွင်ကိုလည်း သွားတဲ့အခါအနီးစခန်း လေဆိပ်နားမှာရှိတဲ့ Café Htan Yeik Nyo ကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်။အောက်တိုဘာလဆန်းလောက်ကမှ စဖွင့်တာမို့အသစ်စက်စက်ဆိုင် တစ်ဆိုင်ဖြစ် ပြီး ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ကော်ဖီသောက်ရင်း၊ နေ့လယ်စာစားရင်း နာမည်ကြီး ပန်းချီဆရာဦးမျိုးခင်ရဲ့ ပန်းချီလက်ရာတွေ၊အင်စတော်လေး ရှင်းလက်ရာတွေနဲ့ ပန်းပုတွေကို ခံစားနိုင်တာပါပဲ။

ကော်ဖီဆိုင်နေရာကအနီးစခန်းလေဆိပ်အနီး၊ ရပ်ကွက်ကြီး ၁၆၊ မန္တလေး - ပြင်ဦးလွင်လမ်းမကနေ စည်သာ ၅ လမ်းထဲချိုးဝင်လိုက်ရင် သုံးခြံမြောက်ဟာ Café Htan Yeik Nyo ခြံပါပဲ။ ထန်းရိပ်ညိုအနုပညာပြခန်းခြံဝင်းကျယ်ကြီးကနေ မြေနေရာတစ်စိတ်တစ်ပိုင်းခွဲပြီး ဖွင့်ထားတာဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာရှိမနေပေမဲ့အေးအေးဆေးဆေး ကော်ဖီသောက်ရင်းအနုပညာလက်ရာတွေကို ခံစားချင်သူတွေအတွက်ကတော့ ဒီဆိုင်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာအမှန်ပါပဲ။

ဆိုင်ခြံဝင်းထဲ ဝင်လိုက်တာနဲ့အရောင်တင်ထားတဲ့ သစ်သားတုံး နှစ်ခုကို တစ်ခုပေါ်တစ်ခု ဆင့်တင်ထားတာ တွေ့လိုက်ရပါတယ်။အပေါ်မှာရှိနေတဲ့ သစ်သားပြားပေါ်မှာတော့ ဆိုင်ဆိုင်းဘုတ်ကို ထွင်းထုထားပါတယ်။ ဒါကလည်း ဆိုင်ရှင် ဆရာဦးမျိုးခင်ရဲ့လက်ရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဆိုင်အဝင်ဝမှန်တံခါးရဲ့ တစ်ဖက်တစ်ချက်မှာလည်း သဘာဝပန်းပုလိုဖြစ်နေတဲ့ သစ်ပင်ပင်စည်တွေကိုအရောင်တင်ထားတာကလည်း တော်တော်လေးလှပါတယ်။

မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တာနဲ့အထဲမှာ ရွှေဆေးနဲ့အနက်ရောင်သုတ်ထားတဲ့အီဂျစ်ရုပ်ပန်းပု နှစ်ခုက တစ်ဖက်တစ်ချက်စီမှာရှိနေပြီးအလယ်မှာ မြန်မာဆန်ပြီးလှပတဲ့ မှန်စီရွှေချဟင်္သာတံခွန်တိုင်တစ်ခုနဲ့အလှဆင်ထားတာ တွေ့ရပါတယ်။

အဲဒီကနေအထဲကိုဆက်ဝင်သွားရင်တော့အထဲမှာ ပန်းချီဆရာကြီး ဦးထွန်းစိန် လက်ရာပန်းချီကားတချို့၊ ရုရှား ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားတစ်ကားနဲ့ ဦးမျိုးခင်ရဲ့ ၇ ပေ x ၃၅ ပေ ပန်းချီကားကြီးတွေ၊ ၄ ပေ x ၇ ပေ ပန်းချီ ကားကြီးတွေနဲ့ ဆိုင်အတွင်းပိုင်းကိုအလှဆင်ထားတာ တွေ့ရပါတယ်။

စာရေးသူက ကော်ဖီကြိုက်သူမို့ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာ ကော်ဖီဆိုင်ကောင်းကောင်းကို လိုက်ရှာတတ်လို့ ကော်ဖီဆိုင်တော်တော်များများကို ရောက်ဖူးပေမဲ့ ဒီလိုပန်းချီကားအကြီးကြီးတွေနဲ့အလှဆင်ထားတဲ့ ဆိုင်မျိုးကိုတော့ တစ်ခါမှမတွေ့ဖူးပါဘူး။ ပန်းချီဆရာကိုယ်တိုင်ဖွင့်ထားတဲ့ ကော်ဖီဆိုင်မို့ ပန်းချီကားတွေအပြည့်နဲ့အနုပညာအငွေ့အသက်တွေ လွှမ်းခြုံထားတာလည်း ဖြစ်နိုင်ပါတယ်။

ထိုင်ခုံအခင်းအကျင်းကတော့ ကော်ဖီသောက်၊ မုန့်စားပြီးအပန်းဖြေရုံအေးအေးဆေးဆေး ထိုင်ချင်သူတွေအတွက် သက်သောင့်သက်သာထိုင်လို့ရတဲ့ ဆက်တီခုံတွေမှာ ထိုင်လို့ရသလိုအလုပ်အကြောင်းပြောရင်းဆိုရင်း နေ့လယ်စာ၊ ညစာစားချင်သူတွေအတွက်ကတော့ ရွေးချယ်စရာ မတ်တတ်စားပွဲကုလားထိုင်တွေ ရှိပါတယ်။

အပြင်မှာ ထိုင်ချင်တဲ့သူတွေအတွက်တော့ သစ်ပင်ပန်းပင်တွေကြားမှာ ဆောက်ထားတဲ့ ဝါးအိမ်လေး သုံးလုံးရှိတာ တွေ့ရပါတယ်။အဲဒီဝါးလုံးအိမ်လေးတွေဆီ သွားတဲ့ လမ်းမှာ ကျောက်စိမ်းပန်းပု၊ စကျင်ကျောက်ပန်းပု၊ သစ်သားပန်းပုတွေလည်းအများကြီးရှိသလို နှင်းဆီပန်းနဲ့ ရောင်စုံပန်းပင်တွေလည်းရှိတာမို့ မျက်စိပသာဒဖြစ်စရာ၊ စိတ်ကြည်နူးစရာပါပဲ။ ခြံဘေးနံရံတစ်လျှောက်မှာလည်း ပန်းချီဆရာ၊ စာရေးဆရာတချို့ရဲ့ ပန်းချီလက်ရာတွေ ရှိနေသေးတာမို့အနုပညာချစ်သူတွေအတွက်တော့ မြင်မြင်သမျှက သဘောကျစရာတွေချည်းပါပဲ။

အစားအသောက်မှာဖို့ မီနူးကို ကြည့်လိုက်တော့ ရနိုင်တာတွေက တော်တော်လေး စုံပါတယ်။အနောက်တိုင်းစာတွေဖြစ်တဲ့အမဲမိုးခိုသားချိစ်ပေါင်မုန့်၊ ကြက်သားချိစ်ပေါင်မုန့်တို့လိုမျိုးအမည်တွေအပြင် ပုစွန်တန်ပူရာ၊ ငါးအသားပြားကြော်၊ ကြက်ကြော်၊အာလူးချောင်းကြော်လိုမျိုး ပေါ့ပေါ့ပါးပါးစားလို့ရတဲ့အမည်တွေကိုလည်း တွေ့ရပါတယ်။ ဈေးနှုန်း ကတော့ ကျပ် ၃,ဝဝဝ ဝန်းကျင်ကနေ ၁၀,ဝဝဝ ဝန်းကျင်လောက်အထိ တွေ့ရပါတယ်။

ချဉ်ချဉ်စပ်စပ်အရသာပြင်းပြင်းကြိုက်သူတွေအတွက်တော့ ကိုရီးယားစာတွေလည်း ရှိပါတယ်။ ကင်မ်ချီခေါက်ဆွဲကြော်နဲ့ ခေါက်ဆွဲပြုတ်၊ မြေအိုးချဉ်စပ်၊ ရှူးရှဲခေါက်ဆွဲ၊ ပင်လယ်စာခေါက်ဆွဲ၊အာလူးခေါက်ဆွဲတွေရပြီး ဈေးနှုန်းက ကျပ် ၃,ဝဝဝ နဲ့ ၃,၅၀ဝ ဝန်းကျင်လောက် ရှိပါတယ်။

စာရေးသူကတော့ ထူးထူးခြားခြားလေးကို မြည်းစမ်းချင်တာနဲ့ မေးကြည့်လိုက်တဲ့အခါ ကြက်လက်ဖက်ထမင်းနဲ့ တိုဟူးမွှေးထမင်းရတယ်ဆိုလို့ လက်ဖက်ကြိုက်သူပီပီ ကြက်လက်ဖက်ထမင်း မှာလိုက်ပါတယ်။ ကြက်သားကို လက်ဖက်အရသာဝင်အောင် ခပ်သေးသေးလေးတွေတုံးပြီး လက်ဖက်အညွန့်လေးတွေနဲ့ ရောချက်ထားတာဖြစ်ပါတယ်။ တွဲစားဖို့အတွက် ထမင်းဖြူပန်းကန်လုံး တစ်လုံးပေးပါတယ်။ ဟင်းအရသာကတော့ ကြက်သားထဲမှာ လက်ဖက်အရသာဝင်ပြီး ခါးဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ ဈေးနှုန်းကတော့ တစ်ပွဲကို ကျပ် ၃,ဝဝဝ ပါ။

နောက်ထပ်ထူးခြားတာတစ်မျိုးကတော့ မြန်မာ့ရိုးရာဟန်နဲ့ ဖန်တီးထားတဲ့ Pan cake ပါ။ သူကအောက်ခံမုန့်သားက ပန်ကိတ်လုပ်တဲ့ ကိတ်သားဖြစ်ပြီးအထဲမှာပါဝင်တဲ့အရာတွေကတော့ မြန်မာမုန့်ပျားသလက်တို့၊ လမ်းသရဲမုန့်တို့မှာ ပါဝင်တဲ့ ဂေါ်ဖီ၊ စားတော်ပဲပြုတ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်းမှုန့်တို့ ပါဝင်ပါတယ်။ သူ့အရသာကတော့ မုန့်ပျားသလက်လို ဆန်နဲ့လုပ်ထားတာမဟုတ်ဘဲ ပန်ကိတ်အသားနဲ့ လုပ်ထားတဲ့အတွက် နူးညံ့ပြီး မြန်မာဆန်တဲ့အရသာ စပ်စပ်မွှေးမွှေးလေးပါ။ တစ်ပွဲကို ကျပ် ၂,၅၀ဝ ဖြစ်ပြီး တစ်ပွဲမှာ ပန်ကိတ်ခပ်ပါးပါး သုံးချပ် ပါဝင်ပါတယ်။

နောက်ထပ်အရှေ့တိုင်းနဲ့အနောက်တိုင်းအရသာတွေ ပေါင်းစပ်ဖန်တီးထားတာတွေထဲမှာ ဆီထမင်းဘာဂါနဲ့ လက်ဖက်စိမ်းပီဇာတို့လိုအမည်တွေလည်း တွေ့ခဲ့ရပါတယ်။အရသာကိုတော့ မြည်းတော့မကြည့်ခဲ့ပါဘူး။

စာရေးသူနဲ့အတူပါတဲ့ မေမေကတော့ ခရီးပန်းလာလို့ ထမင်းမစားချင်ဘူးဆိုတာနဲ့ ပုစွန်ချိစ်ပီဇာတစ်ပွဲနဲ့ ပန်းသီးစိမ်းဆိုဒါဖျော်ရည် သောက်ပါတယ်။ ပုစွန်ချိစ်ပီဇာက ချိစ်တွေအများကြီးပါသလို ငရုတ်ပွခပ်ပါးပါးလေးတွေနဲ့ သံလွင်သီးလေးတွေလည်း ပါပါတယ်။ ပုစွန်တုပ်ကိုအကောင်လိုက်တင်ထားပေးပြီးအပေါ်ကနေ ချိစ်တွေ ထပ်လောင်းထားပါတယ်။ မုန့်သားကလည်း ကောင်းသလို စားရတာလည်း ချိစ်ရဲ့အရသာနဲ့ ပုစွန်ရဲ့အရသာပေါင်းကာ မွှေးပြီး စားလို့ကောင်းပါတယ်။ ပုစွန်ချိစ်ပီဇာကတော့ တစ်ပွဲကို ကျပ် ၁၃,ဝဝဝ ပါ။

ပန်းသီးစိမ်းဆိုဒါဖျော်ရည်လေး မြည်းကြည့်တော့လည်း ပန်းသီးစိမ်းနံ့လေးမွှေးပြီး ပီဇာနဲ့တွဲစားရတာအစပ်အဟပ် တည့်လှပါတယ်။ ပန်းသီးစိမ်းဆိုဒါဖျော်ရည်ကတော့ တစ်ခွက်ကို ကျပ် ၃,ဝဝဝ ပါ။

နောက်ထပ်မှာစားဖြစ်ခဲ့ပြီး တော်တော်လေးကြိုက်ခဲ့တဲ့အမည်ကတော့ ကိုကာကိုလာကြက်တောင်ပံကြော် (ကျပ် ၅,၅၀ဝ) ပါ။ သူ့နာမည်အတိုင်းပဲ ကိုကာကိုလာနဲ့ နှပ်ပြီး ကြော်ထားတာမို့ စားရတာအထူးနူးညံ့လှပြီးအရသာကလည်း ချိုမြမြလေးပါ။ မှာထားတာတွေ မြည်းစမ်းစားသောက်ကြည့်ပြီးတဲ့နောက်မှာ ကော်ဖီသမားမို့ ကော်ဖီကောင်းကောင်းလေး

သောက်ချင်မိတာနဲ့ ကော်ဖီမီနူးကိုကြည့်မိတော့ စက်နဲ့ ဖျော်ပေးတဲ့ ကော်ဖီတွေရနိုင်တာမို့ စာရေးသူကတော့ ထုံးစံအတိုင်း ကာပူချီနိုမှာလိုက်ပါတယ်။ ကော်ဖီတွေကတော့ တစ်ခွက်ကို ကျပ် ၂,၅၀ဝ ပါ။

လာချတော့ ကော်ဖီက ခါးခါးလေးနဲ့အရသာက သောက်လို့ ကောင်းတာနဲ့ ဘာကော်ဖီမှုန့်သုံးလဲဆိုတော့ နယူးဇီလန်ကလာတဲ့ Nespresso ကော်ဖီမှုန့်အထုပ်လေးတွေကိုပဲ သုံးတယ်လို့ ဆိုပါတယ်။


ထန်းရိပ်ညိုကဖေး။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ဒီဆိုင်ကပန်းချီကားတွေ၊ ပန်းပုလက်ရာတွေ စတဲ့အနုပညာလက်ရာတွေရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်သလို ပန်းချီဆရာကြီး ဦးမျိုးခင်ကိုယ်တိုင် ဖွင့်ထားတယ်ဆိုလို့သာ ပြင်ဦးလွင်သွားရင်း ရောက်တုန်းရောက်ခိုက် သွားကြည့် ဖြစ်ခဲ့ပေမဲ့အစားအသောက်တွေကိုတော့ ကောင်းလိမ့်မယ်လို့ သိပ်တော့မျှော်လင့်မထားခဲ့ပါဘူး။ တစ်ခုပဲပြောစရာ ရှိတာက လတ်တလောမှာ ယမကာမရနိုင်သေးတာကတော့ သောက်တတ်သူတွေအတွက် နည်းနည်းတော့အဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ရောက်သွားတဲ့အချိန်မှာ မှာသမျှအစားအသောက်တွေအားလုံးက စိတ်ပျက်စရာ မရှိအောင်အဆင်ပြေတာကို တွေ့ရပါတယ်။ ဆိုင်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်းအမှတ်ပြည့်ပါပဲ။

ဆိုင်တစ်ဆိုင် ရေရှည်အောင်မြင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ရေရှည်ထိန်းထားနိုင်ဖို့တော့ လိုပါတယ်။အစားအသောက်တွေ မှာထားတုန်းခဏမှာ စောင့်ရင်း မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအတူတူ ဓာတ်ပုံ ရိုက်နိုင်ဖို့ selfie stick နဲ့ လက်ဆေးဖို့ hand gel နဲ့ တစ်ရှူးလေးတွေကို ခြင်းတောင်းလေးထဲထည့်ပြီး ချပေးတာလည်း ဒီဆိုင်ရဲ့ထူးခြားတဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။

စာရေးသူကတော့ ကိုယ်တိုင်ကြုံခဲ့ရတာကို ရေးခဲ့တာဖြစ်ပေမဲ့ စာဖတ်ပရိသတ်ကြီးအနေနဲ့ တကယ်ရော ဟုတ်ရဲ့လား၊အစားအသောက်ကောင်းမှ ကောင်းရဲ့လား၊ ပန်းချီကားတွေက ဘယ်လို လက်ရာတွေလဲ၊ ဘယ်လိုပန်းပုတွေ ရှိနေလဲဆိုတာတွေကို ကိုယ်တိုင်ခံစားကြည့်ချင်တယ်ဆိုရင်တော့ Café Htan Yeik Nyo ကို ကိုယ်တိုင်သွားကြည့်ဖို့အကြံပေးချင်ပါတယ်။



Some text some message..