ယိုးဒယား အပ်မှိုထောင်းလုပ်စားကြမယ်...
mmload.com
|
2023-06-09

ယိုးဒယား အပ်မှိုထောင်းလုပ်စားကြမယ်...

လူငယ်တွေကြားမှာ အကြိုက်များတဲ့ အပ်မှိုကို ဒီတစ်ခေါက်မှာ ကင်မစားပဲ ယိုးဒယားထောင်းလုပ်စားကြည့်ရအောင်နော်... လုပ်နည်းက အရမ်းမခက်ပဲ ဒီနည်းအတိုင်း တခြားကိုယ်ထောင်းချင်တဲ့ သင်္ဘောသီးတို့ ၊ သခွားသီးတို့၊ ပြောင်းဖူးတို့ကိုလည်းထောင်းစားလို့ရတယ်နော်

ပါဝင်ပစ္စည်းများ


-အပ်မှို တစ်ထုပ် (1350 ks)

- ခရမ်းချဉ်သီး အနေတော် တစ်လုံးခွဲ (ကြိုက်ရင် နှစ်လုံးထည့်လို့ရပါတယ်)

- ထန်းလျက်ခဲ တစ်ခဲ (အနေတော်လုံး)

- မြေပဲ ထမင်းစားဇွန်း တစ်ဇွန်းစာ (ချိန်ဆပါ. မြေပဲများရင် အီပြီး စားမကောင်းပါ)

- ငရုတ်သီးစိမ်း (အစပ်ကြိုက်ရင် အသေးလေးတွေ သုံးပါ. အတောင့်ကြီး ၁၃~၁၅ တောင့်)

- သံပုရာသီး တစ်လုံး (သံပုရာသီး မရှိလို့ ရှောက်သီးထည့်လိုက်ရတယ် 😁)

- ပုစွန်ခြောက် အနည်းငယ် (အကောင်းကြိုက်သူများ လိုသလောက်သာထည့်စား)

- ငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း


- အချိုမှုန့် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း အဆင့်ဆင့်

- အပ်မှိုကို အမြစ်ဖြတ် ရေစင်စင်ဆေးပြီး ရေနွေးဖျောပါ (ရေနွေးအဆင်သင့်မရှိရင် ပြုတ်ပါ. ၅ မိနစ်)

- ပြုတ်ထားတုန်း မြေပဲ, ထန်းလျက်, ငရုတ်သီးစိမ်းတို့ကို ရောထောင်းပါ.

- ညက်သွားရင် ခရမ်းချဉ်သီး လေးစိတ်လှီးထည့်ပြီး ခဏထောင်းပေးပါ.

- ရေနွေးကြောင့် ပူနေတဲ့ အပ်မှိုလေးတွေကို ရေအေးခဏစိမ်ပေးပါ.(သပ်သပ်မစိမ်ချင်လည်း အပူခံနိုင်ရင် ရေနွေးထဲကဆယ်ပါ. လှီးတဲ့အခါ မပူရအောင် ရေအေးစိမ်ခိုင်းခြင်းပါ)

- အပ်မှိုလေးများကို တစ်၀က်ဖြတ်ကာ အထက်ပါ ထောင်းထားသည်များနှင့်ရော,

ငံပြာရည်, အချိုမှုန့်, သံပုရာရည်ညှစ်ပြီး သုပ်ကာ ပုစွန်ခြောက်လေးဖြူးပြီး စားသုံးနိုင်ပါပြီရှင်

အသားလုံးလေးတွေနဲ့တွဲပြီး သုပ်စားလည်းရတယ်နော် 

အရမ်းကိုအရသာရှိပြီးစားလိုကောင်းတဲ့ အထောင်းတစ်ခွက်မလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်


#သံပုရာရည်
#ငရုတ်သီး
#ငံပြာရည်
#အပ်မှို
#ပုစွန်ခြောက်

Some text some message..