
မင်မင်ကတော့ မြန်မာမုန့်တွေထဲမှာ အကြိုက်ဆုံးကတော့ သေးသေးမျှဉ်းမျှဉ်းလေးတွေနဲ့ချစ်စရာကောင်းတဲ့ မုန့်ဗိုင်းတောင့်ပါ။ အုန်းသီးမှုန့်လေးနဲ့ ဖြူးစားတာ ကောင်းသလိုအုန်းနို့ရည်လေးနဲ့ တွဲဖက်စားရင် အရသာရှိတဲ့ မုန့်ပါ။ လုပ်ရတာလည်း လွယ်ကူပြီး ကုန်ကျငွေကလည်းအရမ်းမများတာကြောင့် မင်မင်ကတော့ မကြာခဏ လုပ်စားဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ မြန်မာမုန့်တွေကိုကြိုက်သူတွေအတွက် မုန့်ဗိုင်းတောင့် အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းလေးကို မျှဝေသွားမှာဖြစ်ပါတယ်။

မုန့်လုပ်နည်းကို မပြောခင်မှာ အရင်ဆုံး ပါဝင်ပစ္စည်းတွေကိုပြောပြပါမယ်..
(၁) ဆန်မှုန့်
(၂) ကောက်ညှင်းမှုန့်
(၃) အုန်းသီး
(၄) သကြား နှင့် နှမ်းအဖြူတို့ ဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်...
ပထမဆုံး ဆန်မှုန့် ၊ ကောက်ညှင်းမှုန့် နှင့် ဆား တို့ကိုခွက်တစ်ခုထဲမှာ ရောသမအောင်မွှေပါ။ ပြီးလျှင် ရေအနည်းထည့်ပြီး ဆန်သားစီးလာသည်အထိ နယ်ပေးရပါမယ်။နယ်ပြီးသွားရင်တော့ ချစ်စရာမုန့်ဗိုင်းတောင့်လေးတွေဖြစ်အောင် နယ်ထားတဲ့ မုန့်အသားကိုအနေတော်လောက် လက်နဲ့ လိပ်ပြီး ပြုလုပ်ထားပေးပါ။
မုန့်ကိုပြုလုပ်ဖို့အတွက် နည်း (၂)နည်းရှိပါတယ်။ ပေါင်းအိုးရှိတဲ့သူတွေကတော့ ပေါင်းစားလို့ရသလို ၊ ပေါင်းအိုးမရှိတဲ့ သူတွေအနေနဲ့ကတော့ မုန့်လုံးရေပေါ်လုပ်သလိုမျိုး ရေပွတ်ပွတ်ဆူလာတဲ့အထိတည်ပြီး ဆူနေတဲ့ ရေနွေးအိုးထဲကို စောစောက လုပ်ထားတဲ့မုန့်ကိုထည့်ပေးပါ။ မုန့်တွေကျက်ရင်တော့ အပေါ်ကို တက်လာပါလိမ့်မယ်။ တက်လာတဲ့ မုန့်များကိုဆယ်ယူပြီး ရေအေးထဲကို ထည့်ထားပေးပါ။ ပြီးလျှင် ဇကာဖြင့် ရေစစ်ပေးထားပြီးအခြောက်ခံထားပါ။

မုန့်လုပ်လို့ပြီးသွားရင် နှမ်းကိုလှော်ပြီး ဆား ၊ သကြားနှင့် နှမ်းထောင်းလုပ်ပါ။ပြီးရင် အုန်းသီးကို အနေတော် ခြစ်ထားပါ။
ဒါတွေအားလုံးပြီးရင် အခြောက်ခံထားတဲ့ မုန့်ကိုယူ နှမ်းထောင်းလေးဖြူး၊အုန်းသီးမှုန့်လေးဖြူးပြီး အရသားတဲ့ မုန့်ဗိုင်းတောင့်ကို စားလို့ရပါပြီ။ ကဲ. ..မုန့်လုပ်တဲ့နည်းလမ်းကလည်း အရမ်းကို လွယ်ကူတာကြောင့် အိမ်မှာ ကိုယ်တိုင်လုပ်စားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖
Source- ZinGyi