ရန်ကုန်မြို့ရဲ့ညသန်းခေါင် ဗိုက်ဆာတတ်သူတွေအတွက် ဆိုင် ၁ဝ ဆိုင်
mmtimes.com
|
2019-02-14

ပိတ်မိနေတဲ့ နေ့စဉ်အလုပ်ကိစ္စတွေ၊ ကျောင်းစာတွေနဲ့အချိန်ပြည့်အလုပ်ရှုပ်နေသူတွေအတွက်အလုပ်လုပ်နေရင်း တစ်ခါတလေအသက်ဝဝရှူချိန်တောင် မေ့နေတတ်ကြပါတယ်။ ဒါဆို တစ်နေကုန် လုပ်နေရတဲ့အလုပ်တွေအပြီးသတ်ချိန် ညဘက်အပြင်ထွက်ပြီးအပန်းဖြေကြမလား၊ ညသန်းခေါင်ချိန်မှာ ဗိုက်ထဆာတွေအတွက် ဆိုင်ကောင်းကောင်းလေးတွေ ရန်ကုန်မြို့မှာ ရှိနေပါတယ်။ သူ့အကြိုက်ကိုယ့်အကြိုက်မတူကြတာမို့အမျိုးအစားစုံတဲ့ ညသန်းခေါင်စားသောက်ဆိုင်တွေအကြောင်း ရွေးပြီးဖော်ပြပေးလိုက်ပါတယ်နော်။


ပွင့်သစ်စမ်း

ဒါကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ကာရာအိုကေဆိုင် တစ်ဖြစ်လဲ ၂၄ နာရီဖွင့်တဲ့ စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ ကျယ်ဝန်းပြီး သန့်ရှင်းတဲ့ စားသောက်ဆိုင်ကို သီချင်းဆိုခန်းမတွေရဲ့အပေါ်ဘက်မှာ သပ်သပ်ဖွင့်ထားတဲ့အတွက် သီချင်းသံတွေနဲ့အနှောင့်အယှက်ဖြစ်မှာလည်း စိတ်မပူရတော့ပါဘူး။ သီချင်းဆိုပြီးလို့ ဗိုက်ဟာသွားတဲ့အချိန်အိမ်မပြန်ခင် ကီးမားပလာတာနဲ့ လက်ဖက်ရည်အတွဲအစပ်က လူတိုင်းလိုလို နှစ်သက်ကြတဲ့ ပွင့်သစ်စမ်းရဲ့ မီနူးပါ။

လိပ်စာ −အမှတ် ၅၂ဝ/အေ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၃ဝ၄ဝဝ၄ဝ


365 Café

ဒီကော်ဖီဆိုင်ကိုတော့အရင်က သမ္မတဟိုတယ်ရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ထဲ တစ်ဝိုက်က လူတွေရဲ့ ညသန်းခေါင်သွားစားနေကျဆိုင် ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ရန်ကုန်အင်တာနေရှင်နယ်ဟိုတယ်ဝင်းထဲ ပြောင်းဖွင့်ခဲ့ပြီး ဆိုင်ရဲ့ဘာဂါနဲ့အသားညှပ်ပေါင်မုန့် တွေ၊အနောက်တိုင်းဟင်းလျာတွေက လက်ရှိအချိန်ထိအောင် စားသုံးသူကို ဆွဲဆောင်ထားနိုင်ပါတယ်။ ညဘက် ကလပ်သွားတဲ့ ပွဲတွေတက်တဲ့ သူငယ်ချင်းတွေစုပြီး ဗိုက်ဖြည့်တဲ့ဆိုင်လည်းဖြစ်ပါတယ်။

လိပ်စာ −အမှတ် ၃၃ဝ၊အလုံလမ်း၊အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၂၄၃ဝ၃၇


24 Hours Private Planet

အရမ်းတန်တဲ့ ငါးကင်တွေ၊အသီးအရွက်၊ ဝက်သား၊ ကြက်သား၊ ပင်လယ်စာစတဲ့အကင်မျိုးစုံနဲ့အသုပ်တွေ၊ သောက်စရာတွေက "24 Hours Private Planet" ရဲ့ နာမည်ကျော်အစားအစာတွေပဲဖြစ်ပြီး လူငယ်တွေကြားမှာတော့ ရေပန်းစားပါတယ်။ ဆိုင်ရဲ့နာမည်ကျော် တခြားဟင်းလျာတွေလည်းရှိပြီး လတ်ဆတ်တဲ့အသီးဖျော်ရည်အစုံလည်း ရနိုင်ပါတယ်။ ဗမာထမင်းကြော်လည်းရပြီးအိမ်အရောက် ဝန်ဆောင်မှုကလည်း ရှိနေတော့အားလုံးအတွက်အဆင်ပြေမှာပါ။

လိပ်စာ − မီးဒုံးလမ်းထိပ်၊ သံသုမာလမ်း၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၆၉၇၂၆၃ဝ၃၅


မိုးလင်းမိုးချုပ်

သန့်ပြန့် ခေတ်မီသလို ၂၄ နာရီလည်းဖွင့်တဲ့ နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကတော့ 'မိုးလင်းမိုးချုပ်' ပါ။ ကလပ်နဲ့ ဘားတွေရှိတဲ့လမ်းမှာ ဖွင့်ထားတဲ့အတွက်လည်း လူငယ်တွေနဲ့အမြဲလိုလို ပြည့်နေတတ်ပါတယ်။ မိသားစုတွေပါ ညဘက်ထွက်စားလို့ရအောင် မုန့်ဟင်းခါး၊အသုပ်မျိုးစုံနဲ့ ကော်ဖီ၊ လက်ဖက်ရည်အစုံက ဆွဲဆောင်ထားနိုင်ပါတယ်။ မနှစ်ကမှ စဖွင့်ပေမဲ့အသန့်ကြိုက်တဲ့လူတွေအတွက်အဆင်ပြေတာမို့ လူကြိုက်များတဲ့ စားသောက် ဆိုင်တစ်ခုပါပဲ။

လိပ်စာ −အမှတ် ၃၁၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၇၇၇၇၇၈၁၇


New Burger

ဒီဆိုင်ကတော့ ဘာဂါချစ်သူတွေအတွက် ညဘက် ဘယ်လောက် မိုးချုပ်ချုပ်အလွယ်တကူ ဝင်မှာစားနိုင်တဲ့ ဘာဂါဆိုင်ဖြစ်ပါတယ်။အရသာရှိပြီး ဈေးနှုန်းလည်း သိပ်မများလွန်းတဲ့ ဘာဂါတွေအပြင် ထမင်းကြော်၊ ခေါက်ဆွဲအမျိုးမျိုးနဲ့အသီးဖျော်ရည်လတ်လတ် ဆတ်ဆတ်တွေလည်း ရောင်းချပါတယ်။ သန်းခေါင်အချိန်မှာ ဖွင့်ထားလို့ စားမယ့်သူမရှိမှာကိုတော့ စိတ်မပူပါနဲ့၊ သူ့မှာ စားနေကျ ဖောက်သည်တွေရှိပြီးသားမို့အရသာကောင်းကောင်းကြိုက်တဲ့ လူတွေ ပြန်လည်ဆုံတွေ့နိုင်ပါတယ်။

လိပ်စာ − ဦးချစ်မောင်လမ်း (Green Leafဟိုတယ်ဘေး)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။


ရွာမ ထမင်းကြော်

လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ထမင်းကြော်ကို ကြက်သွန်နီရေစိမ်၊ ငရုတ်သီးစိမ်းရေစိမ်လေးနဲ့ ဝက်သားဟင်း ကောင်းကောင်း တွဲစားချင်တယ်ဆိုရင်တော့ ရွာမထမင်းကြော်ဆိုင်ကိုပဲ ညွှန်းချင်ပါတယ်။ ဟင်းပွဲအမျိုးအစား စုံလင်သလို ဝက်သားချည်းပဲ ၁၅ မျိုးရှိတာမို့ ကိုယ့်အကြိုက်ကိုအားမနာတမ်းရွေးလို့ရပြီး လူလည်းမပြတ်တဲ့ ဆိုင်ဖြစ်ပါတယ်။ ညစဉ် ၇ နာရီခွဲကနေ မနက် ၄ နာရီဝန်းကျင်အထိ ဖွင့်ပြီးအရသာရှိတဲ့ ဟင်းလျာတွေကြောင့် နာမည်ကျော်ပါတယ်။

လိပ်စာ − ရွာမလမ်းနဲ့ ဗဟိုလမ်းထောင့်၊အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။


လင်းလင်း ထမင်းကြော်

ညဘက်အပြင်ထွက် ကလပ်ပဲတက်တက်၊ ဘားမှာပဲထိုင်ထိုင်၊ သီချင်းပဲဆိုဆို 'လင်းလင်း' ထမင်းကြော်ကိုတော့အိမ်ပြန်ခါနီး သတိရတတ်ကြပါတယ်။အုန်းအုန်းထနေတဲ့ စားသုံးသူတွေ၊ ပြေးလွှားနေတဲ့အထိအလုပ်များကြတဲ့ စားပွဲထိုးတွေနဲ့ ဝန်ထမ်းတွေကြားမှာ ဟင်းလျာအမျိုး ၅ဝ ဝန်းကျင်က ညသန်းခေါင်လောက်ဆို ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်ကြပါတယ်။ လမ်းဘေးမှာ စတီးခုံလေးတွေ ချခင်းပြီး ရောင်းချတာပေမဲ့ တကူးတက လာစားကြတဲ့ စားသုံးသူတွေကြောင့် စည်ကားနေမြဲပါပဲ။

လိပ်စာ − ရန်ကင်းကလေးဆေးရုံအနီး၊ ကန်ဘဲ့လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။


နှုတ်ခမ်းမွှေးထမင်းကြော်

စမ်းချောင်းသားတွေအသည်းစွဲ ထမင်းကြော်ဆိုင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကတည်းက ဖွင့်ခဲ့တာပါ။သက်တမ်းရှည် ထမင်းကြော်ဆိုင်ရဲ့ ထူးခြားချက်ကအရသာပြောင်းလဲသွားတာမျိုးမရှိဘဲ လူတိုင်းစားနိုင်တဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချနေတာပါ။အငှားယာဉ်မောင်းသမားတွေ၊ မိသားစုလိုက် ညဘက်အပြင်ထွက်စားချင်သူတွေနဲ့ လူတန်းစားအစုံအလင်က ဆိုင်ထဲမှာ နေရာအပြည့်ယူထားတတ်ကြပြီး သန်းခေါင်ကျော်ရင်တော့ ထမင်းကြော်ရော ဟင်းပွဲတွေရော ကုန်နေတတ်ပါပြီ။

လိပ်စာ − ဗဟိုလမ်း၊ ဂွဈေးအနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။


ဦးရေခဲလမ်း မုန့်ဟင်းခါး

မနက်မိုးလင်းခါနီးဖြစ်ဖြစ် ညသန်းခေါင်ပဲဖြစ်ဖြစ် ရုတ်တရက် ငရုတ်သီးစပ်စပ်၊ နံနံပင်နိုင်းချင်း၊အကြော်စုံထည့်ထားတဲ့ မုန့်ဟင်းခါးတစ်ပွဲလောက် တောင့်တမိရင်တော့ ဦးရေခဲလမ်း ဆိုင်ရှိနေပါတယ်။ နှစ်ပေါင်းများစွာ မုန့်ဟင်းခါးရောင်းချတဲ့ မိသားစုဆိုင်လေးက ဦးရေခဲလမ်းမှာတည်ရှိတာကြောင့် ဦးရေခဲလမ်းမုန့်ဟင်းခါးလို့ စားသုံးသူတွေက တညီတညွတ်တည်း ဝိုင်းသတ်မှတ်ခဲ့ကြပါတယ်။ ငါးဖယ်၊ ငါးသလောက်ဥ၊အကြော်စုံ၊အိုးဘဲဥ စတာတွေလည်း ရနိုင်သလို မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်တွေလည်း ရောင်းပါတယ်။

လိပ်စာ − ဦးရေခဲလမ်း၊ ကုလားကျောင်းမှတ်တိုင်နှင့် ခဝဲခြံမှတ်တိုင်ကြား၊ သမိုင်းမြို့နယ်၊ ရန်ကုန်မြို့။


တဝစား

ဒါကတော့ ဆိုင်ဖွင့်ထားတာမဟုတ်တဲ့ ညဘက် ထမင်းကြော်နဲ့ ဟင်းလျာတွေလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုပါ။အိမ်ထဲမှာပဲ လက်ဖက်သုပ်စားချင်လာသူတွေ၊ ပဲပြုတ်ထမင်းကြော်ပူပူလေးကို ငါးရံ့ခြောက်လေးနဲ့ တွဲစားချင်သူတွေ၊အားလုံးအတွက် တဝစား ဝန်ဆောင်မှုရှိနေပြီး ဖွင့်တာသိပ်မကြာသေးပေမဲ့ စားသုံးသူတွေရဲ့ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေရရှိထားပါတယ်။ ညစဉ် ည ၇ နာရီကနေ မနက်ခင်းအထိ မှာယူနိုင်ပြီးအိမ်အရောက်ဝန်ဆောင်မှုလည်း ရှိပါတယ်။

လိပ်စာ −အမှတ် ၂၄၊ သမာဓိ ၁ လမ်း၊ စ/က ရပ်ကွက်၊ သဃင်္န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၇၂ဝဝ၁၆၅၇


#ဦးရေခဲ
#လိပ်စာ
#ဆိုင်
#သန်းခေါင်
#မုန့်ဟင်းခါး

Some text some message..