ဈေးကဝယ်လာတဲ့အသီးအရွက်တွေအသားငါးတွေကိုရေစင်အောင်ဆေးလိုက်မယ်၊ သက်တမ်းကုန်သွားတဲ့ နို့ဘူးတွေကိုလွှင့်ပစ်လိုက်တာနဲ့တင်အစားအသောက်တွေ စိတ်ချရမှုကိုသင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ရေဆေးရုံမကောင်းတာကိုလွှင့်ပစ်လိုက်ရုံနဲ့အစားအသောက်တွေအားလုံးသန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာမှားနေလဲဆိုတာကြည့်ရအောင်။ ။ချက်တဲ့နေရာမှာလားသန့်စင်တဲ့နေရာမှာလားသိမ်းတဲ့နေရာမှာလား။
အသားစိမ်းတွေနဲ့အခြားအသင့်စားအစားအစာတွေ ကိုတစ်ပန်းကန်ထဲထားမိတဲ့အခါ။
ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေအများဆုံးကို ဖြစ်နိုင်တာကအသားစိမ်းတွေနဲ့ ချက်ပြီးသားအသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလိုတစ်ပန်းကန်ထဲတူတူထားမိတဲ့အခါအသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲအလွယ်တကူရောက်သွားနိုင်လို့အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ကိုတစ်ပန်းကန်ထဲမဟုတ်ဘဲခွဲထားဖို့ လိုတာပါ။
ခဲနေတဲ့အသားတွေကိုအခန်းအပူချိန်မှာအရည်ပျော်အောင် ဒီတိုင်းထားလိုက်တဲ့အခါ။
Defrosting လို့ခေါ်တဲ့အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°Cအတွင်းအခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်း မီးဖိုချောင်ထဲမှာထားလိုက်တဲ့အခါ မိနစ် ၂၀အတွင်း ဘက်တီးရီးယားပေါက်ပွားမှုအဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲရေခဲရေနဲ့အသားကြားထဲကရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲထည့်ပြီးခဲနေတာကိုအရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသားအသားတွေကိုအေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။
ချက်ပြီးသားပူနွေးနွေးဟင်းတွေကိုရေခဲသေတ္တာထဲမသိမ်းခင်အပြင်မှာအအေးအရင်ခံလိုက်တဲ့အခါ။
ချက်ပြီးသားဟင်းတွေကိုအခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°Cအပူချိန်မှာဆိုဘက်တီးရီ်းယားတွေအလျင်အမြန်ပေါက်နိုင်တယ်မလား။ ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကိုရေခဲသေတ္တာထဲမထည့်ခင်အပြင်မှာနာရီဝက် တစ်နာရီလောက်ပဲထားသင့်ပါတယ်။ ပြီးတာနဲ့ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။
မကျက်တကျက်အစားအစာတွေ ဟင်းထဲပါလာတဲ့အခါ ။
မကျက်တကျက် ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေအသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီးဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့်အသားတွေအားလုံးကိုကျက်အောင် ချက်ဖို့အရေးကြီးပါတယ်။
နှပ်ပြီးသားအသားတွေကိုဒီတိုင်းခုံပေါ်မှာတင်ထားလိုက်တဲ့အခါ
နှပ်ပြီးသားအသားတွေကိုအခန်းအပူချိန် မှာဒီတိုင်းထားလိုက်ရင် ရောဂါပိုးမွှားတွေအလွယ်တကူပေါက်ပွားတာ၊ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်အသားတွေ နှပ်ထားပြီးတဲ့အခါတိုင်း ရေခဲသေတ္တာထဲလုံလုံခြုံခြုံဖုံးပြီးခဏပြန်ထည့်ထားပါ
လက်ကိုသေချာသန့်စင်အောင် မဆေးတဲ့အခါ။
ပန်းကန်တွေ၊အသားတွေမှာပဲရောဂါပိုးမွှားတွေ ကပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ သေချာသန့်စင်အောင် မဆေးထားတဲ့သင့်ရဲ့ လက်တွေမှာလည်းရောဂါပိုးတွေအများကြီးကပ်တွယ်နေနိုင်ပါသေးတယ်။ ဒါကြောင့်အစားအစာတွေကိုမကိုင်ခင် စက္ကန့် ၂၀အလိုနဲ့ ကိုင်ပြီးစက္ကန့် ၂၀ နောက်ပိုင်းမှာ လက်ကိုသေချာဆေးပါ။ လက်ကိုဆပ်ပြာသုံးပြီးဆေးဖို့လည်းမမေ့ပါနဲ့။
ပန်ကန်ဆေးတဲ့အဖတ်တွေ ဖော့တွေကိုမှန်မှန် မလဲတဲ့အခါ။
ဘယ်လောက်ပဲသန့်ချင်လို့ ပန်းကန်တွေကိုဆေးနေပါစေသူတို့ကိုဆေးတဲ့ ဖော့တို့အဖတ်တို့ကမသန့်တဲ့အခါ ရောဂါပိုးတွေ ပြန်ပြန်ကပ်နေတာနဲ့တင် ဘာမှ ထူးမှာမဟုတ်ပါဘူး။ ဒါကြောင့် ပန်းကန်ဆေးပြီးတိုင်းအဖတ်တွေကိုသေချာပြန်သန့်ရှင်းပါ။ ရေကိုသေချာညှစ်ပြီးနေရောင်အောက်မှာအခြောက်ခံပါ။ တစ်လတစ်ခါ မှန်မှန် လဲပေးပါ။
ဒါတွေကတော့ဘယ်လောက်ပဲကိုယ်ကသန့်နေတယ်လို့ ထင်နေပါစေ။ မထင်ထားမိတဲ့နည်းတွေကနေအစားအသောက်ထဲဘက်တီးရီးယားတွေ ရောက်နိုင်တာတွေ ပဲ ဖြစ်ပါတယ်။ ဒါကြောင့်အစားအစာတွေကိုရေဆေးရုံ၊ သက်တမ်းကုန်နေတဲ့အစားအသောက်တွေကိုလွှင့်ပစ်လိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကိုဖန်တီးနိုင်တယ်လို့ မဆိုလိုပါဘူး။