ကျပ်တစ်သောင်းခွဲ ဂယက်နဲ့ ငါးသလောက်ဥ မုန့်ဟင်းခါး
mmtimes.com
|
2019-09-05



ကျပ်တစ်သောင်းခွဲ ဂယက်နဲ့ ငါးသလောက်ဥ မုန့်ဟင်းခါး

လူမှုကွန်ရက်မှာ ဟိုးလေးတကျော် နာမည်ကြီးသွားတဲ့ မုန့်ဟင်းခါး လေလို့အစချီပြီးပြောရင် မြန်မာတိုင်းမ်ရဲ့အစားအသောက်ကဏ္ဍ ပရိသတ်က မျက်လုံးထဲ ဘယ်မုန့်ဟင်းခါးကို လှမ်းမြင်မိမှာပါလဲ။

တစ်ခါနှစ်ခါ နာမည်ကျော်တာမဟုတ်ဘဲ သူ့အကြောင်းပြော လိုက်တာနဲ့ လက်ခံသူ ဝေဖန်သူတွေအပြန်အလှန်စကားစစ်ထိုးပြီး စည်ကားသွားမြဲဖြစ်တဲ့ မုန့်ဟင်းခါးပို့စ်တွေကအင်တာနက်မှာအချိန်အတော်ကြာ ပလူပျံနေခဲ့ပါတယ်။

ဟုတ်ပါတယ်။ တစ်ပွဲ ကျပ်တစ်သောင်းခွဲလို့ လူတွေပြောစမှတ်ပြု ကြတဲ့ ရွှေတောင်ကြားထဲက မုန့်ဟင်းခါးဆိုင်လေးအကြောင်းပါ။ တကယ်ဈေးကြီးတာလား၊ ပေးရတဲ့ဈေးနဲ့ တန်ရဲ့လား၊အခင်းအကျင်းသန့်ပြန့်ရဲ့လား၊ ဝန်ဆောင်မှုကောင်းရဲ့လားဆိုတဲ့ ပဟေဠိအတွေး တွေနဲ့ ဒီမုန့်ဟင်းခါးဆိုင်ကိုပဲ မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အင်တာနက်မှာ ပို့စ်တင်သူရဲ့အဆိုအရ မနက် ၅ နာရီခွဲအိပ်ရာထပြီးသွားမှ မုန့်ဟင်းခါး စားလို့ရမယ့်အကြောင်း၊ ကြိုတင်ဖုန်းဆက်မှာပြီးမှ စားလို့ရမယ့်အကြောင်းတွေ ရေးထားပေမဲ့ စာရေးသူကတော့ မနက် ၅ နာရီခွဲလည်း မထနိုင်သလို ဖုန်းကြိုဆက် စရာ ဖုန်းနံပါတ်လည်း မရှိပါဘူး။ ဒီတော့ မနက် ၆ နာရီကျော်မှာအိပ်ရာကအမြန်ထ၊ မုန့်ဟင်းခါးမီပါ့မလားဆိုပြီး ရင်တမမနဲ့ လိပ်စာကို ဂူဂဲလ်မြေပုံအတိုင်း သွားခဲ့ပါတယ်။

ညွှန်းထားသလို ဥယျာဉ်လမ်း၊အမက(၆)ကျောင်းရှေ့မှာ ကားတွေအစီအရီရပ်ထားပြီး ကျောင်းဝင်းထောင့်က ဆိုင်တန်းလေးမှာ မီးခိုးငွေ့လေး ထွက်နေတာ တွေ့လိုက်ရတော့ မုန့်ဟင်းခါး တကယ်ရှိမှ ရှိပါတော့မလားလို့ စိတ်ပူပြီး ဆိုင်ထဲကိုအပြေးဝင်ခဲ့ ရပါတော့တယ်။

စားပွဲလေးတွေ သပ်သပ်ရပ်ရပ်နဲ့ တစ်ဝိုင်းချင်းစီမှာလည်း လူတွေကအပြည့်၊ ပုံမှန်မုန့်ဟင်းခါးသည်တွေလို ကောင်တာစားပွဲ မှာတော့ လတ်တလောကြော်ထားပုံရတဲ့အကြော်စုံဗန်းကြီး၊ ဘဲဥပြုတ်တွေ၊ မုန့်ဖတ်တွေနဲ့ ငါးဖယ်ချောင်းတွေ၊ နောက်ထပ် နာမည်ကျော် ငါးသလောက်ဥကြော်တွေကို စီပြီး တင်ထားပါတယ်။ ဆိုင်ဝန်ထမ်းတွေရှိပေမဲ့ သနပ်ခါးအဖွေးသားနဲ့ ခပ်ချောချောအစ်မကြီးက မုန့်ပွဲပြင်သူဖြစ်ပြီး မုန့်ဟင်းခါးနှစ်ပွဲ၊ တစ်ပွဲကိုအစုံထည့်မယ်၊ နောက်တစ်ပွဲကိုတော့အလွတ်ပဲလို့ စာရေးသူရဲ့အမှာကို ပြုံးပြုံးလေး လိုက်ပြင်ဆင်ပေးပါတယ်။

မသေချာမှာစိုးလို့ မုန့်ဟင်းခါးအစုံထဲကို ငါးသလောက်ဥတို့၊ ငါးဖယ်တို့၊အကြော်တို့၊အစုံထည့်မယ်လို့ ထပ်ပြောတော့အကြော်တွေများရင် စားမကောင်းမှာစိုးလို့ သုံးမျိုးတော့ ထည့်ပေးမယ်နော်လို့ မုန့်ပွဲပြင်သူက ချိုချိုသာသာအကြံပေးရင်း ပြင်ပေးပါတယ်။

စားပွဲတွေပြည့်နေပြီမို့ ဘေးချင်းကပ်လျက်က ဆိုင်လေးမှာ သွားထိုင်လို့ ရမလားလို့မေးတော့အတူတူပါပဲလို့ ပြန်ဖြေရင်း ဝန်ထမ်းအမျိုးသမီးတစ်ယောက်က စားပွဲလိုက်ရှင်းပေးပါတယ်။

အုပ်အုပ်မိုးမိုး သစ်ပင်ကြီးတွေ နောက်ခံနဲ့မို့ တစ်ညလုံးမိုးရွာထားလို့အေးစိမ့်နေတဲ့ ကျောင်းဝင်းထဲမှာ မုန့်ဟင်းခါးထိုင်စားရ တာက တခြားဒေသတစ်ခုခု၊ ပြည်နယ်တစ်ခုခုကို ရောက်သွားသလိုပါပဲ။

ခဏအကြာ မုန့်ဟင်းခါးနှစ်ပွဲ၊ တစ်ရှူးစက္ကူ၊ ရေနွေးနှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတယ်။အစုံထည့်ထားတဲ့ မုန့်ဟင်းခါးက တစ်သောင်းခွဲတန် မုန့်ဟင်းခါးလို့ လူပြောများနေတဲ့ ဓာတ်ပုံထဲ ကအတိုင်းပါပဲ၊ ဘဲဥပြုတ်အနှစ်သိပ်မကျက်တာလေး တစ်ခြမ်းရယ်၊အကြော်စုံရယ်၊ ငါးဖယ်ရယ်၊ ပြီးတော့ ငါးသလောက်ဥတစ်မြှောင်းကို ညှပ်ထည့်ထားတာရယ်ပါ။

မုန့်ဟင်းရည်က မြေပဲ၊ ကုလားပဲခြမ်းတွေများများနဲ့ ပျစ်ပျစ်နှစ်နှစ်ပုံစံမဟုတ်သလို ငါးဖတ်တွေနိုင်းချင်းနဲ့လည်း မဟုတ်ပါဘူး။ ဆီတွေ ဝေ့နေတဲ့ မုန့်ဟင်းခါးမျိုးလည်း မဟုတ်သလို စပါးလင်၊ ချင်းနံ့တွေနဲ့ ခပ်ကျဲကျဲမုန့်ဟင်းခါးရည်လည်း မဟုတ်ပါဘူး။ ငါးသလောက်နဲ့ ချက်ထားပုံရပြီး ငါးဖတ်တွေအစား ဟင်းရည်မှာ ငါးသလောက်နံ့ရပြီး ဆန်မှုန့်မများဘဲအနေတော်မုန့်ဟင်းခါးရည်လေးမို့ တစ်ဇွန်းစားပြီး မဆိုးဘူးလို့ မှတ်ချက်ပြုမိပါတယ်။

ဘူးသီးကြော်၊ ပဲကြော်၊ ဘဲဥတွေနဲ့ မုန့်ဟင်းခါးပန်းကန်ကိုတော့ မွှေနှောက်ပြီး တခြားဆိုင်တွေလို ငါးဖယ်ကို မနည်းရှာဖွေရမလားလို့ ကြည့်ပေမဲ့ ငါးဖယ်တုံးတွေ ခပ်ကြီးကြီးများများကို တွေ့ရပြီး တကယ့် ငါးဖယ်အစစ်ကို စေးနေအောင် ထုထောင်းကြော်ထားတဲ့အရသာပါ။

ငါးသလောက်ဥကလည်း ဥတစ်မြှောင်းလုံးကိုအနေတော်အဝိုင်း လေးတွေ ညှပ်ပြီးထည့်ပေးလိုက်တာမို့ စားရအဆင်ပြေပါတယ်။ နံနံပင်တွေကို မုန့်ဟင်းခါးပန်းကန်ထဲ ဖြူးပေးလိုက်ပြီး ငရုတ်သီးမှုန့်ကိုတော့ ပလတ်စတစ်ဘူးကြီးနဲ့ လာချပေးရင်းအရမ်းစပ်တယ်နော် လို့ ဝန်ထမ်းက သတိပေးသွားပါတယ်။

ငါးသလောက်အနံ့က စာရေးသူနဲ့ သိပ်မယဉ်ပါးလှတဲ့အတွက် ခပ်မြန်မြန်ပဲ စားပစ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကားတွေနဲ့ တဖွဲဖွဲရောက်လာတဲ့ စားသုံးသူ ဖောက်သည်တွေက ထုံးစံအတိုင်း၊ ပုံမှန်အတိုင်း စသဖြင့် မုန့်ပွဲပြင်ပေးသူနဲ့ ခင်မင်စွာပဲ မှာယူစားသုံးနေကြပါတယ်။

ကောက်ညှင်းပေါင်းလည်း ရတာမို့၊ ဆိုင်မှာ လတ်တလောကြော်ထားတဲ့အကြော်စုံပူပူနွေးနွေးနဲ့ ထပ်စားချင်မိပေမဲ့ ဗိုက်ကအတော်ပြည့်နေပြီမို့ နောက်တစ်ခေါက်မှ စားမယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။

စိမ်းစိုကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်က ရန်ကုန်လို့မထင်ရတဲ့အထိ နေလို့ကောင်းပေမဲ့ နယ်တွေမှာ တွေ့ရတတ်တဲ့ ခြင်ကျားကြီးတွေက လည်း နယ်မှာရောက်နေသလို စားသုံးသူတွေကို ပြုစုပါတော့တယ်။ ခြင်ကြီးတွေကို တဖတ်ဖတ်ရိုက်ရင်း ပိုက်ဆံရှင်းဖို့ လုပ်တော့ ဝန်ထမ်းက မုန့်ပွဲတွေ ပြန်သိမ်းသွားပြီး မုန့်ပွဲပြင်သူအမျိုးသမီးကိုပဲ တွက်ခိုင်းပါတယ်။

ငါးသလောက်ဥအပါအဝင်အကြော်စုံနဲ့ ငါးဖယ်၊ ဘဲဥတစ်ခြမ်းပါတဲ့ တစ်ပွဲရယ်၊အလွတ်တစ်ပွဲရယ်ကို ၁၃,၅၀ဝ ကျပ် ကျသင့်ပါတယ်။ ငါးသလောက်ဥက ဈေးထဲမှာ တစ်ဆယ်သားကို ကျပ် ၈çဝဝဝ ကနေ ၁၀,ဝဝဝ ဝန်းကျင်အထိ ဈေးပေါက်တာမို့ တန်တယ်လို့ပဲ စာရေးသူကတော့ သတ်မှတ်မိပါတယ်။ ကိုယ်တစ်ယောက်တည်းပဲကွက်ပြီး တန်နေသလားလို့ စူးစမ်းကြည့်မိတော့ မုန့်ဟင်းခါးသုံးပွဲ ဝယ်တဲ့အမျိုးသားကြီးတစ်ဦးကို ကျပ် ၁၁,ဝဝဝ လို့ လှမ်းပြောသံ ကြားလိုက်ရပါတယ်။ ဒါဆို ပျှမ်းမျှက မုန့်ဟင်းခါးအလွတ်၊ ဒါမှမဟုတ်အကြော်တစ်မျိုးမျိုးနဲ့ တစ်ပွဲကို ကျပ် ၃,ဝဝဝ ဝန်းကျင်ပဲ ကျသင့်တာပါ။

မုန့်ဟင်းရည်ရဲ့အရသာက မချိုလွန်း၊ မပြင်းလွန်း၊ မကျဲလွန်း၊ မပျစ်လွန်းမို့ ခံတွင်းတွေ့သူများပြီး မနက်ကျောင်း ၉ နာရီမတက်ခင် တခြားဆိုင်တွေလိုပဲ မုန့်ကုန်လေ့ရှိပါတယ်။အင်တာနက်မှာ ဟော့နေသလိုတော့ မနက် ၈ နာရီမထိုးခင် မုန့်ကုန်သွားတယ်ဆိုတာမျိုးက ရောင်းကောင်းတဲ့ တစ်နေ့တစ်လေမှပါ။ ဝန်ထမ်းတွေက ဆက်ဆံရေးကောင်းပြီး ချိုသာပေမဲ့ လိုတာထက်ပိုပြီး ဂရုစိုက်ပြနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စာရေးသူတို့လို ကိုယ့်ဘာသာအေးအေးဆေးဆေး စားသောက်ချင်သူတွေအတွက်အဆင်ပြေတာ ဖြစ်ပါလိမ့်မယ်။

ပေးရတဲ့ဈေးနဲ့တန်တဲ့အရသာလည်းရှိနေတာမို့ ဒီမုန့်ဟင်းခါးကို နောက်တစ်ခါ ထပ်စားဖြစ်ဦးမှာဖြစ်ပြီးအကြော်စုံနဲ့ ကောက်ညှင်း ပေါင်းကိုလည်း မြည်းစမ်းရဦးမှာ ဖြစ်ပါတော့တယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင် တွေကအခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။


#မုန့်ဟင်းခါး
#ငါးသလောက်
#အကြော်စုံ
#ငါးဖယ်
#မုန့်

Some text some message..