အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ဦးနှောက်ကို လေ့ကျင့်ပေးပြီး ကျန်းမာနေစေတာတစ်ခုတည်းနဲ့တင်မလုံလောက်ပါဘူး ။ မိမိနေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေဟာလည်း အရေးကြီးတာပဲဖြစ်ပါတယ် ။ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဂရုတစိုက် ရှောင်ကြဉ်ပြီး စားသုံးပေးသင့်တဲ့ အစားအစာတွေကို သေချာစားသုံးပေးမယ်ဆိုရင်တော့ အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားမှာပါ ။
စားသုံးသင့်သည့် အစားအစာများ
၁ ။ ဘယ်ရီသီးများကို စားသုံးပါ
ဘယ်ရီသီးတွေ ဟာ အရသာတော်တော်လေးကောင်းမွန်ကြတဲ့အပြင် သင့်ရဲ့ ဦးနှောက်ကိုပါ အကျိုးအလွန်ရှိစေတာပဲဖြစ်ပါတယ် ။ နှစ်ပေါင်း၂၀ကျော်ကြာ လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ သုတေသန ရလဒ်တွေအရ သစ်သီးမျိုးစုံစားသုံးသူတွေထပ် ဘယ်ရီသီးတွေကို ပုံမှန်စားသုံးပေးတဲ့ သူတွေ ဦးနှောက် မှတ်နိုင်စွမ်း မကျဆင်းတာကို တွေ့ရပါတယ် ။ ဒါ့ကြောင့် စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ ၊ ကရမ်ဘယ်ရီတို့ကို များများစားသုံးပေးဖို့လိုအပ်ပါတယ် ။
၂ ။ ဟင်းသီးဟင်းရွက် များများစားသုံးပါ
ကျန်းမာတဲ့ မိသားစုထမင်းဝိုင်းမှာ ဟင်းသီးဟင်းရွက်ပါဝင်တဲ့ ဟင်းတစ်ပွဲကတော့ မပါမဖြစ်ပါပဲ ။ ဟင်းသီးဟင်းရွက်တွေဟာ ဦးနှောက်ကျန်းမာရေး ကို ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေအများကြီးပါရှိပါတယ် ။ အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်ထားခြင်ရင်တော့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်စားသုံးပေးသင့်တာပဲဖြစ်ပါတယ် ။
၃ ။ အစေ့အဆန် နေ့စဉ်စားသုံးပေးသင့်ပါတယ်
အသင့်ပြုလုပ်ပြီးသား မုန့်တွေ အချိုတွေကို စားသုံးမယ့်အစား အစေ့အဆန်တွေကို အစားထိုးကာစားသုံးပေးမယ်ဆိုရင်တော့ ဦးနှောက် ကျန်းမာရေးသာမကဘဲ အခြားရောဂါများအတွက်ပါ ကောင်းမွန်စေတာပါ ။ ထို့ကြောင့် အစေ့အဆန်များနှင့် ဘယ်ရီသီးများကို ဦးနှောက်ကျန်းမာရေးအတွက် နေ့စဉ်စားသုံးပေးဖို့လိုအပ်ပါတယ် ။
၄ ။ သံလွင်ဆီကိုများများသုံးပါ
အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင်တော့ သံလွင်ဆီကို ချက်ပြုတ်တဲ့ နေရမှာရော အသီအရွက်ကို သံလွင်ဆီနှင့် သုတ်စားတဲ့နည်းလမ်းနှင့်ရော များများစားသုံးပြီး အယ်လ်ဇိုင်းမားရောဂါကို ကြိုတင် ကာကွယ်ထားနိုင်ပြီပဲဖြစ်ပါတယ် ။
၅ ။ တစ်ပတ်မှာ တစ်ကြိမ် ငါးပုံမှန်စားသုံးပေးပါ
အသက် ၆၅ နှစ်အထက် လူကြီးပိုင်းတွေကို လေ့လာချက်တွေပြုလုပ်ခဲ့ရာမှာ ငါးကိုအမြဲတမ်း စားသုံးသူတွေရဲ့ မှတ်ညဏ်ဟာ အခြားသူတွေနှင့် ယှဉ်လျှင် အတော်လေးကောင်းမွန်နေတာကို တွေ့ရှိခဲ့ကြပါတယ် ။ ထို့ကြောင့် အယ်လ်ဇိုင်းမားကို ကာကွယ်ထားချင်ရင်တော့ ငါးကို နေ့တိုင်း မစားနိုင်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၁ ခါလောက်တော့ စားသုံးပေးဖို့လိုအပ်ပါတယ် ။
မစားသုံးသင့်တဲ့ အစားအစာများ
=====================
၁ ။ အသားစားသုံးတာကို လျှော့ချလိုက်ပါ

အမဲသားကဲ့သို့သော အသားတွေကို အလွန်အကျွန်မစားသုံးသင့်ပါဘူး ။ ဦးနှောက် အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်တွေကို ပဲအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ် ။
၂ ။ ထောပတ် နှင့် ချိတို့ကို ရှောင်ကြဉ်ပါ
ထောပတ်နှင့် ချိစ့်ကြိုက်သူများဟာ အယ်လ်ဇိုင်းမားရောဂါကို ကြိုတင် ကာကွယ်ချင်တယ်ဆိုရင်တော့ ထောပတ်နှင့် ချိစ့်တို့ကို ရှောင်ကြဉ်လိုက်သင့်ပါတယ် ။ ထောပတ်နှင့် ချိစ့်တို့ကို စားသုံးမှုများလေလေ စိတ်ဖောက်ပြန်မှုတွေ ဖြစ်လာစေဖို့ ရာခိုင်နှုန်းများလေလေပဲဖြစ်ပါတယ် ။ ဒီလို အဆီတွေအစား သံလွင်ဆီကို အစားထိုးစားသုံးပေးသင့်ပါတယ် ။
၃ ။ သကြားနှင့် ဆားတို့ဟာ ဦးနှောက်အတွက် မိတ်ဆွေ လုံးဝမဟုတ်ပါဘူး
အယ်လ်ဇိုင်းမားကဲ့သို့သော ဦးနှောက်နှင့်ပတ်သတ်ပြီး ဖြစ်ပွားတဲ့ ရောဂါတွေကို မဖြစ်ပွားစေချင်ဘူးဆိုရင်တော့ သကြားနှင့် ဆား စားသုံးမှုတို့ကို တားဆီးလိုက်သင့်ပါပြီ ။ သကြားဟာ အယ်လ်ဇိုင်းမားရောဂါကို ဖြစ်ပွားနိုင်စေနှုန်း တိုးပွားစေပြီး ဆားဟာလည်း သွေးဖိအားများခြင်း နှင့် ဦးနှောက် ပြသာနာတို့ကို ဖြစ်ပွားစေနိုင်တာကြောင့်ပါ ။