
ခံတွင်းမြိန်စေမယ့် ဟင်းရည် (၁၀) မျိုး
ထမင်းဝိုင်းတစ်ဝိုင်းမှာ အဓိက ထမင်း၊ ဟင်းတွေအပြင် ခံတွင်းမြိန်စေဖို့ မပါမဖြစ်ပါဝင်ရတဲ့ လူကြိုက်များတဲ့ ဟင်းရည်တွေအကြောင်း ဒီတစ်ပတ်တော့ ရွေးချယ်ချင်ပါတယ်။ ရေမြေဒေသမတူညီမှုတွေများတဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်စားသုံးဖွယ်ရာတွေနဲ့ပတ်သက်ပြီး တူညီတဲ့တစ်ချက်က တောင်ပေါ်မြေပြန့်မရွေး ဟင်းချို (ခေါ်) ဟင်းရည်ကို ထမင်းဝိုင်းတိုင်းလိုလို တွေ့ရတာပါပဲ။ ဒေသအလိုက် အကြိုက်နဲ့ ချက်ပုံချက်နည်းတွေ ကွဲပြားသွားပေမဲ့ ထမင်းမြိန်စေတဲ့ ဟင်းရည် ၁၀ မျိုးရဲ့ ချက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တံငါသည် ဟင်းချို
ကိုတံငါ ဟင်းရည်လို့လည်း ခေါ်ကြတဲ့ ဒီဟင်းရည်က ပူပူစပ်စပ်နဲ့ ရခိုင်ဒေသရဲ့ ထမင်းမြိန်စရာ ဟင်းရည်တစ်ခွက်ပါ။ ဆီလုံးဝ မပါတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်သလို အသားမှုန့် အချိုမှုန့်တွေလည်း ခတ်စရာမလိုဘဲ ဒီအတိုင်းကို စားမြိန်ပါတယ်။ ရေဆူဆူတည်ပြီး နနွင်းမှုန့်နည်းနည်းထည့်၊ မန်ကျည်းသီးအစိမ်း နည်းနည်းထည့် (ခဏနေပြန်ဆယ်ထား)၊ ပြီးရင် ဂုံး၊ ခရု၊ ငါးသေးသေးလေး တွေနဲ့ ကိုယ်နှစ်သက်တဲ့ ပင်လယ်စာတွေထည့်ပြီး နောက်ဆုံး ပင်စိမ်းနဲ့ ငရုတ်သီးစိမ်းထည့်၊ အပေါ့အငန်အတွက် ဆားနည်းနည်း ခတ်ရုံနဲ့ စားချင်စဖွယ် ဟင်းရည်တစ်ခွက် ရပါပြီ။
တောင်သူလယ်သမား ဟင်းချို
ကယားပြည်နယ်က ဒီဟင်းချိုရဲ့ ပင်ရင်းဒေသလို့ ဆိုရပေမဲ့ တကယ်တမ်းတော့ တောင်သူလယ်သမား ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီဟင်းရည်က ဒေသတိုင်းလိုလို ချက်စားလေ့ရှိတဲ့ ဟင်းမျိုးပါ။ တောင်ယာထဲ သွားရင်း လမ်းမှာတွေ့လာသမျှ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေကို ရေဆူဆူမှာ ပစ်ထည့်ပြီး ချက်ရတဲ့ ဟင်းရည်မို့ တကယ့် သဘာဝဟင်းရည်လို့လည်း ဆိုရမှာပါပဲ။ ရေဆူဆူတည်ပြီး ငါးပိဖုတ် (မျှင်ငါးပိ)ထည့်၊ ဘူးညွန့်၊ ဖရုံညွန့်၊ မှို၊ ဆူးပုတ်၊ ပိန်းဥ၊ မျှစ်နုနုတွေ ထည့်ပြီး နောက်ဆုံး ပုစွန်ဆိတ်လေးတွေနဲ့ ပင်စိမ်းများများထည့်၊ ငရုတ်သီးစိမ်း ထောင်းထည့်လိုက်ရင် ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်မယ့် တောင်သူ လယ်သမား ဟင်းချိုက ရပြီပေါ့။
တာလပေါ့
ကရင်တိုင်းရင်းသားတွေရဲ့ နေ့စဉ်မပါမဖြစ် စားဖွယ်တစ်မျိုးဖြစ်တဲ့ တာလပေါ့ကလည်း နှုတ်မြိန်စေတဲ့ အရည်ဟင်းတစ်ခွက်ပါပဲ။ တာလပေါ့ရဲ့အသက်က ဆန်မှုန့်နဲ့ မျှစ်ဆိုတော့ ဟင်းချက်မယ်ဆိုတာနဲ့ ဆန်နည်းနည်းကိုလှော်ပြီး ထောင်းထားရသလို မျှစ်စပ်လို့ခေါ်တဲ့ ဝါးပိုးမျှစ်ကိုလည်း ပြုတ်ရည်သွန်ပြီး နူးနေတဲ့အထိ ပြုတ်ထားရပါမယ်။ ထုံးစံအတိုင်း ရေကို ပွက်ပွက်ဆူအောင်တည်၊ တညင်းဝက်၊ အင်ဥ၊ မျှစ်၊ ခရမ်းသီး၊ ခဝဲသီးနဲ့ ရုံးပတီသီးတို့ကို အစဉ်လိုက်ထည့်၊ မျှင်ငါးပိထည့်၊ ဆန်လှော်မှုန့်ထည့်၊ နောက်ဆုံး ပုစွန်၊ ဆူးပုပ်၊ ပင်စိမ်း၊ ငါးပိရည်ကျိုနဲ့ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ဆီလေးနည်းနည်း ထည့်လို့ရပါတယ်။ ဒါဆိုရင်တော့ မွှေးကြိုင်ပြီး အရသာရှိတဲ့ တာလပေါ့ဟင်းရည်တစ်ခွက် ရပါပြီ။
ငါးသောက်ဆမ်း
ဒီဟင်းရည်ကလည်း ရခိုင်ဒေသကို အခြေပြုပြီး ဖြစ်တည် နာမည်ကျော်လာတဲ့ ဟင်းရည်တစ်မျိုးပါ။ ငါးသောက်ဆမ်းရဲ့ အသက်က မရမ်းပြားတွေမှာရှိပြီး ရေကို ပွက်ပွက်ဆူအောင် တည်ထားတဲ့ ဟင်းရည်ထဲကို နနွင်းမှုန့်နည်းနည်းနဲ့ မရမ်းပြားတွေထည့်၊ ခဏနေ ပြန်ဆယ်ထားပြီး ဆား၊ နနွင်းအရသာသွင်းထားတဲ့ ငါးပါးနီ (တခြားငါးလည်း ရပါတယ်)၊ စပါးလင်နဲ့ ချင်းနည်းနည်းကို ရေဆူဆူထဲ ထည့်ပြုတ်၊ ဆယ်ထားတဲ့ မရမ်းပြားတွေကို ချေပြီး အနှစ်ကို ပြန်ထည့်ကာ ငရုတ်သီးစိမ်းထည့်ပါမယ်။ နောက်တစ်မျိုးကတော့ အရသာ သွင်းထားတဲ့ငါးကို ခဏကင်ထားပြီး ကြက်သွန်အဖြူအနီထောင်း ဆီသတ်တဲ့အထဲ ငါးထည့်၊ ရေထည့် ဆူအောင်တည်ရတာမျိုးပါ။
သပြုသီးဟင်းချို
အစိမ်းရောင် အလွှာအထပ်ထပ်နဲ့ သပြုသီးတွေပါဝင်တဲ့ ဟင်းချိုဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ခံတွင်းလည်းရှင်းစေတဲ့ အကောင်းဆုံးဟင်းရည် တစ်မျိုးပါ။ မွန်တိုင်းရင်းသားတွေ အများဆုံး စားသောက်လေ့ရှိတဲ့ ဒီဟင်းရည်က တခြားဟင်းရည်ချက်သလို ရေဆူအောင်တည်ပြီး အဖတ်လိုက်လွှာထားတဲ့ သပြုသီးတွေထည့်၊ ပုစွန်တုပ်ထည့်၊ ကြက်သွန်ဖြူနီထည့်ရပါမယ်။ ခဏအကြာ သပြုသီးဖတ် တွေကို ပြန်ဆယ်၊ ဇွန်းနဲ့ခြေပြီး အနှစ်တွေကို ဟင်းရည်အိုးထဲ ပြန်ထည့်တဲ့အခါ ခပ်ချဉ်ချဉ်အရသာရှိတဲ့ သပြုသီးဟင်းရည်ရပါပြီ။ နောက်တစ်မျိုးကတော့ ပုစွန်ဆိတ်သေးသေးလေးတွေကို ဆူနေတဲ့ ဟင်းရည်အိုးထဲထည့်၊ အရသာအပေါ့အလေး ထည့်ပြီး ဓားနဲ့ပေါက်ထားတဲ့ သပြုသီးစိတ်လေးတွေ ထည့်ချက်တာပါ။
စွန်တန် ဟင်းရည်
နည်းစနစ် အဆင့်ဆင့်နဲ့ အခြောက်ခံထားတဲ့ မုန်ညင်းကို မက်ခါသီးခြောက်၊ ချင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီတို့နဲ့ ဟင်းရည်ဆူဆူ တည်ထားပြီး ဆား၊ ဟင်းခတ်မှုန့်ထည့်သောက်ရတဲ့ ခပ်ကျဲကျဲ ဟင်းရည်တစ်မျိုးပါ။ တကယ်လို့ ကြက်သား (ဒါမှမဟုတ်) ကြက်ရိုး ထည့်ချင်ရင် အရင်ဆုံး အရသာနယ်ထားတဲ့ ကြက်သားကိုပြုတ်ပြီး အမြှုပ်တွေဖယ်ထုတ်၊ မုန်ညင်းခြောက်နဲ့ တခြားအဆာပလာတွေကို ထည့်ချက်ပါ။ ကချင်နဲ့ တခြားအေးတဲ့ဒေသတွေမှာ ဘော်ကြာယို ကယားဝက်အူချောင်းနဲ့ လိုက်ဖက်သလို ကြက်ဥကြော်လေးနဲ့ စားရင်တောင် ထမင်းစားမြိန်ပါတယ်။
ဝက်ခြေထောက် စွပ်ပြုတ်
နယ်မြေချင်းထိစပ်နေသလို ယဉ်ကျေးမှုနဲ့ ဟင်းချက်နည်းက အစ မစိမ်းတဲ့ တရုတ်နိုင်ငံရဲ့ဟင်းလျာဖြစ်ပြီး မြန်မာနိုင်ငံဒေသ အသီးသီးက တိုင်းရင်းသားတွေလည်း ခံတွင်းတွေ့ကြတဲ့ ဝက်ခြေထောက် စွပ်ပြုတ်ပါ။ ဝက်လက် ဒါမှမဟုတ် ဝက်ခြေထောက်ကို အချောင်းလိုက် သန့်ရှင်းရေးလုပ်ပြီး မီးကင်ပါ။ မီးကင်ပြီးရင် အရွယ်တော် အတုံးတွေတုံးပြီး ချင်း၊ ကြက်သွန်ဖြူနီ ထောင်းထားတဲ့အနှစ်၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ သစ်ကြံပိုးခေါက်နည်းနည်းနဲ့ အရသာထည့်ပြီး နှပ်ထားပါ။ မီးဖိုပေါ်က အိုးပူလာရင် အရသာ ထည့်ထားတဲ့ ဝက်ခြေထောက်အတုံးတွေကို ထည့်ပြီးမွှေ၊ ခဏအကြာ ရေထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။ ရေသုံးခါ ကျပြီဆိုရင်တော့ မီးကင်ထား တဲ့အနံ့ရော ဟင်းရည်အရသာပါ ကောင်းနေတဲ့ -ဝက်ခြေထောက်စွပ်ပြုတ်ရပါပြီ။
ကြာဆံချက်
ကြာဆံဟင်းခါးလို့လည်း ခေါ်ကြတဲ့ ကြာဆံချက်ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းရော မြစ်ဝကျွန်းပေါ်ဒေသတွေမှာရော အဆာပြေသောက်ကြတဲ့ ဟင်းရည်ပါ။ ထမင်းနဲ့ တွဲစားတာထက် ဒီအတိုင်း စားကြတာမို့ ဟင်းရည်မှာပါတဲ့ အမည်တွေလည်း စုံပါတယ်။ မှိုခြောက်၊ ပန်းခြောက်၊ ြွကက်နားရွက်၊ ကြာဆံတို့ကို ပွလာတဲ့အထိ ရေစိမ်ပြီး သဲစင်အောင် ဆေး၊ အရွယ်တော် လှီးဖြတ်ထားရပါမယ်။ ကြက်သားကို ပြုတ်ပြီး အနေတော်အတုံးတွေ တုံးထား၊ ပဲလိပ်တွေကို ကြော်ထားမယ်။ ကြက်သွန်ဖြူကို ထောင်းပြီး ငရုတ်အရောင်တင်မှုန့်နဲ့ ဆီသတ်၊ ကြက်သားကိုထည့်ပြီးရင် ရေများများလေး ထည့်ပြီး ဆူအောင်တည်၊ ဆူရင်တော့ ခုနရေစိမ်ထားတဲ့ အမည်တွေထည့်ပြီး အပေါ့အငန် အဆင်ပြေအောင် ထည့်ပါမယ်။ ငုံးဥပြုတ်၊ ငရုတ်သီးမှုန့်၊ နံနံပင်နဲ့ ရှောက်သီးကို စားခါနီးမှထည့်ပြီး ကြာဆံချက်တစ်ပွဲကို အားပါးတရ သုံးဆောင်နိုင်ပါပြီ။
ဆာဘူးတီး
ဒါကတော့ ချင်းပြည်နယ်ရဲ့ အထင်ကရဟင်းရည်ပါ။ ထမင်းနဲ့ တွဲစားတာမျိုးထက် ဒီအတိုင်း ဗိုက်ပြည့်တဲ့အထိ စားနိုင်ပါတယ်။ ပြောင်းဖူးဆံတွေကို အခြောက်ခံ၊ အခွံကျွတ်အောင် ထောင်းထားတာကို ရေများများနဲ့ နူးအိပြီး ကွဲလာတဲ့အထိပြုတ်ပြီး သန့်ရှင်းထားတဲ့ အမဲကလီစာကို ထည့်ပြုတ်ထားတာပါ။ အကြာကြီးနူးအိနေအောင် ပြုတ်ထားပြီးရင်တော့ ငရုတ်သီးဆားထောင်း၊ သံပရာသီး၊ အမဲကြော်တို့နဲ့ တွဲစားနိုင်ပါပြီ။ အန်းဘူးတီးဆိုတာကတော့ အမဲသားနေရာမှာ ပြောင်းဖူးအနုအချိုနဲ့ အရွက်တွေ ထည့်ကြိုချက်ထားတာ ကို ခေါ်ပါတယ်။ အမဲကလီစာ မညှီအောင် ရေဆေးသန့်စင်ပြီး ဆား၊ နနွင်း၊ ချင်းတို့နဲ့ သေသေချာချာနယ်ထားရင် ပိုအဆင်ပြေပါတယ်။
ငါးခေါင်း ဟင်းချို
မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် တစ်နိုင်ငံလုံး နှစ်သက်ကြတဲ့ ငါးခေါင်းဟင်းချိုအတွက်တော့ ငါးခေါင်းကြီးကြီးရဖို့ လိုပါတယ်။ စပါးလင်၊ ချင်း၊ ခရမ်းချဉ်၊ ပတဲကော၊ ကြက်သွန်ဖြူနီ ထောင်းထား တာကို အရောင်တင်မှုန့်နဲ့ ဆီသတ်ပြီး အရသာသွင်းထားတဲ့ ငါးခေါင်းပါ တစ်ခါတည်း ထည့်ချက်ပါ။ ရေလိုသလောက်ထည့်ပြီး ဆူလာရင် ငရုတ်ပွအစိမ်းအနီ၊ မှို၊ ပန်းဂေါ်ဖီ၊ ပဲပြားအစိမ်းနဲ့ ငရုတ်သီးစိမ်းတောင့် ထည့်ပါ။ နောက်ဆုံး စားခါနီးမှာ ရှောက်ရွက်ထည့်ပြီး ငါးခေါင်းဟင်းရည် ချဉ်ချဉ်စပ်စပ်ကို အားပါးတရစားသုံးနိုင်ပါပြီ။
Read More