
(၁)
အိမ်က ကိုးတန်းအရွယ် ကျနော့်တူက ရည်းစားရှိတယ်ဆိုတာ သိရတော့ အံ့ဩမိသည်။
“ပြောစမ်းပါဦးဟ … မင်းရည်းစားဘယ်လိုရတာလဲ”
“ဂိမ်းဆော့ရင်းနဲ့ ခင်သွားပြီး မက်ဆင်ဂျာမှာ သွားကြောင်လိုက်တာလေ”
“အော်”
ကျနော့်မှာ”အော်” ဟု သာ ရေရွတ်နိုင်တော့သည်။ နောက်ပြီးတော့ တွေးမိတာက အခုခေတ်ကလေးတွေ တော်တော်လေးကံကောင်းပါလားလို့။ သူတို့အတွက် ရည်းစားတစ်ယောက်ရဖို့ဆိုတာ တော်တော်လေးကို လွယ်ကူလွန်းလှသည်။ ကျွန်တော်တို့ခေတ်ကများဆိုရင် ရည်းစားရဖို့မပြောနဲ့ ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးခွင့်ရဖို့ပင်မလွယ်ကူ။ နောက်ပြီးတော့ ကျနော်ထိတ်လန့်စွာတွေးမိသည်က သူတို့လေးတွေ အချစ်ဆိုတာကို ခံစားမိနိုင်ပါ့မလားဆိုတာပဲ။ ပထမဆုံးရင်ခုန်သံဆိုတာမျိုးတွေရော။ ကျနော်သိချင်လာတာနဲ့ ကျနော့်တူကိုပဲ မေးကြည့်မိသည်။
“မင်း ကောင်မလေးနဲ့ ချိန်းတွေ့ပြီးပြီလား”
“အင်း တွေ့ပြီးပြီ ရုပ်ရှင်တောင်အတူကြည့်ပြီးပြီ”
“အော်” ဟု ထပ်မံရေရွတ်ရပြန်သည်။ ငါတို့ ခေတ်တုန်းကသာ အခုလို မက်ဆင်ဂျာရှိလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးမိပြီး စိတ်တွေက အတိတ်တွေဆီပြန်ရောက်သွားသည်။
(၂)
Rဇာနည်ရဲ့ နာမည်ကြီးပြန်ဆိုတေးဖြစ်တဲ့ “ဂန္တဝင်ဆည်းဆာ” ဆိုတဲ့ သီချင်းက ကျနော်တို့ လူငယ်တွေကြား တော်တော်လေး ရေပန်းစားနေတဲ့ ကာလပေါ့။ ကျနော်တို့ အခန်းထဲမှာ အဲဒီကောင်မလေးက “ဂန္တဝင်ဆည်းဆာ” ပဲ။ ကျနော်လည်း ကြိုက်သလို အခန်းထဲကကောင်တော်တော်များလည်း သူ့ကို ကြိုက်ကြသည်။ သူ့နာမည်က ဆည်းဆာချို ဆိုတော့ သီချင်းကလည်း ပိုဆိုလို့ကောင်းသွားသည်။ ဒါပေမဲ့ ခက်တာက သူ့ကို ဘယ်ယောကျာ်းလေးကမှ စကားသွားမပြောရဲခြင်းပင်။ သူ့ဘက်ကလည်း အနေတည်သလို၊ ရိုက်တာလက်သံပြောင်ပြီး သင်္ချာသင်တဲ့ဆရာက သူ့ဦးလေးဖြစ်နေတာကလည်း သူနဲ့ ကျနော်တို့ကြားမှာ အဆင့်အတန်းတစ်ခုလို ကွာခြားနေခဲ့သည်။ ယခုလို မက်ဆင်ဂျာတွေ၊ ဖေ့စ်ဘွတ်တွေရှိတဲ့ ခေတ် ဆိုရင်တော့ သူ့ချက်ဘောက်မှာ လူစည်နေမယ်ဆိုတာ ကျနော့်အိမ်ပေါင်ပြီးတောင် အာမခံလိုက်ချင်သေးသည်။ ဒါပေမဲ့ အခြားခန်းကကောင်တွေထက်စာရင် ကျနော်တို့အခန်းထဲကကောင်တွေက ပိုမိုနီးစပ်နိုင်သည်။ ကျနော်တို့အခန်းထဲက ကောင်တွေထဲမှာမှ ကျနော်က အနီးစပ်နိုင်ဆုံးဖြစ်သည်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်နဲ့သူနဲ့ အိမ်အပြန်လမ်းကြောင်းတူသလို၊ အတန်းထဲမှာ လျှောက်လမ်းတစ်ခုသာခြားပြီး တစ်ပြေးတည်းထိုင်ခွင့်ရသောကြောင့်ပင်။ ဒါပေမဲ့ မရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ကို စတင်ပြီး စကားသွားပြောဖို့တော့ ကျနော့်မှာ သတ္တိမရှိပါ။
အဲဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်။ ကျနော်က လက်ဖက်ရည်ဆိုင်ကိုအသွား သူက ကျူရှင်ကပြန်အလာ လမ်းမှာဆုံကြသည်။ အဲဒီကာလဟာ ကျနော့်အတွက် ရင်အခုန်ရဆုံးကာလပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ၈ပေလောက်ကျယ်တဲ့လမ်းလေးထဲမှာ သူနဲ့ကိုယ် နှစ်ယောက်ထဲ မျက်နှာချင်းဆိုင် ဆုံရသောကြောင့်ဖြစ်သည်။ ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့ ခြေထောက်နဲ့ မြေကြီးနဲ့ ထိတယ်လို့တောင် မထင်တော့ဘူး။ ကိုယ့်စိတ်က သူ့အပေါ်မရိုးသားတဲ့အတွက်ကြောင့်လည်း စိတ်ရဲ့ဆောက်တည်ရာက သာမန်အခြေအနေနဲ့မတူဘူး။ ကျနော့်အနေနဲ့ ရလာတဲ့အခွင့်အရေးအပေါ်မှာလည်း လက်လွှတ်မခံချင်ဘူးဆိုတဲ့ အသိက ရှိနေပြန်သည်။ စိတ်ကို မနည်းအားတင်းပြီး ..
“ဆည်း ..ဆည်းဆာ….ချို ကျူရှင်က ပြန်လာတာလား”
“ဟုတ်”
မျက်လုံးဝိုင်းလေးနဲ့ “ဟုတ်” ဆိုပြီး နှုတ်ဆက်သွားတဲ့ ဆည်းဆာချိုကို ကြည့်ပြီး ကျနော့်ရင်ခုန်သံတွေက အတိုင်းအဆမရှိဆူညံလာသလို ခံစားရသည်။
“ဒါ …ဒါ ..ဆို သွားတော့မယ်နော်”
“ဟုတ်”
(၃)
ရင်ခုန်သံတွေဖရိုဖရဲနဲ့ ဆည်းဆာချို ရှေ့မှာ အလဲအလဲအပြိုပြိုဖြစ်ခဲ့ပေမဲ့ လက်ဖက်ရည်ဆိုင်ရောက်တော့ ချက်ချင်းကို သူရဲကောင်းတစ်ယောက်အသွင်ဖြစ်သွားသည်။ ကျန်တဲ့ ကောင်တွေအားလုံးရဲ့ အားကျတဲ့ အကြည့်ကိုခံယူရင်း ..
“သူနဲ့ ငါနဲ့တော့ တော်တော်လေးကို ပြေလည်သွားပြီကွ အခုဆိုငါတို့နှစ်ယောက်တော်တော်လေး ရင်းနှီးသွားပြီ”
အမှန်တကယ်တော့ ဟိုဘက်က “ဟုတ်” နှစ်လုံးတည်းသာပြောခဲ့ပေမဲ့ သူ့ဘက်ကတော့ အကုန်လုံးကို ဆည်းဆာချိုနဲ့ တော်တော်လေးရင်းနှီးသွားပြီလို့ ပတ်ကြွားနေမိသည်။ နောက်တော့ ဒီသတင်းက တစ်ခန်းလုံးကို ပျံ့နှံ့သွားသည်။ ပြီးတော့ အခြားအခန်းတွေပါ ပျံ့နှံ့သွားသည်။ အားလုံးက ကျနော့်ကို အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။ တကယ်တမ်းလည်း အဲဒီတစ်ခေါက်အရဲစွန့်ပြီး ပြောလိုက်ခြင်းက ကျနော်နဲ့ ဆည်းဆာချို ကြားမှာ အခြားသူတွေထက် သာလွန်တဲ့ ရင်းနှီးမှုအချို့ကို ရရှိခဲ့တာအမှန်ပဲ။ ကျနော့်ရဲ့ အားထုတ်မှုအချို့လည်း ပါတာပေါ့လေ။ ကျောင်းသွားချိန်တွေဆိုရင် စောစောထွက်၊ သူတို့အိမ်ရှေ့နားမယောင်မလည်လုပ်၊ သူထွက်လာတော့မှ တိုက်ဆိုင်သလိုလိုဘာလိုလိုနဲ့ ကျောင်းကိုအတူတူလာတာမျိုး၊ ကျောင်းလွှတ်ချိန်တွေဆိုရင်လည်း အဲဒီလိုပဲ မယောင်မလည်နဲ့ အတူတူပြန်တာမျိုးတွေ လုပ်တာပေါ့။ ကျနော့်အတွက် အကြီးမားဆုံးပြဿနာကတော့ သူနဲ့ အတူတူလျှောက်လာရင် ဘေးတိုက်အနေအထားက သူ့ပါးလေးကိုမြင်ပြီး အသည်းယားပြီး နမ်းချင်စိတ်တွေတစ်ဖွားဖွားပေါ်လာတာပဲ။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာ ကျနော့်ကို ဘယ်လိုနေရာပေးထားလည်းဆိုတာ မသိရတော့ ဖက်နမ်းပစ်လိုက်ဖို့ကိစ္စကို အကောင်အထည်မဖော်ဖို့ အမြဲတမ်းကြိုးစားနေရသည်။
(၄)
လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေက ဝိုင်းပြီး အကြံပေးကြသည်။
“ ဖွင့်ပြောလိုက်တော့လေကွာ”
“ဒီ ခင်မင်ရင်းနှီးမှုလေး ပျက်စီးသွားမှာကို ကြောက်တယ်ကွာ”
အမှန်တကယ်လည်း ကျနော် ကြောက်မိသည်။ အခုလိုအခြေအနေမျိုးလေး ဆုံးရှုံးသွားမှာကို ကြောက်မိသည်။ အခုဆို ညဘက်အိပ်ရာဝင်ချိန်တွေတိုင်း စိတ်ကူးယဉ်ပြီး အိပ်တတ်လာသည်။ စိတ်ကူးယဉ်ခြင်းဖြစ်သောကြောင့် စိတ်ကူးထဲမှာ သူ့ရဲ့ ပါးလေးကို ခဏခဏနမ်းမိသည်။ တကယ်တမ်းလက်တွေ့မှာတော့ စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ကြောက်လန့်ခြင်းတွေနဲ့သာ ခံစားနေရသည်။
“ ဖွင့်မပြောရဲရင် စာပေးပါလား”
အဲဒီ အကြံကိုတော့ သဘောကျမိသည်။ ကျောင်းက မကြာခင် နွေရာသီသုံးလပိတ်တော့မည်။ နောက်ဆုံးစာမေးပွဲတွေလည်း ဖြေရတော့မည်။ ကျနော့်အနေနဲ့ ကျနော်တို့ ကျောင်းသားဘဝလုပ်ရိုးလုပ်စဉ်အတိုင်းပဲ စာအုပ်ငှားသည် သူ့စာအုပ်ထဲ ရည်းစားစာ ထည့်ပေးလိုက်သည်။ နောက်နေ့ ကျောင်းမှာတွေ့တော့ ကျနော့်မှာ အဖြေမတောင်းရဲ။ သူကလည်း ကျနော့်ကို စာပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြော။
အဲဒီလိုနဲ့ စာမေးပွဲတွေဖြေကြ၊ ကျောင်းတွေပိတ်ကြတော့ ကျနော်တို့တွေ နည်းနည်းအဆက်အသွယ်ပြတ်သွားသည်။ တစ်ခါတစ်ခါတော့ ကျနော် သူ့အိမ်ရှေ့သွားကြည့်သေးသည်။ ဒါပေမဲ့ သူ့အိမ်က ဆယ်တန်းအတွက်ဆိုပြီး ပြင်ဦးလွင်ကို ပို့လိုက်တော့ ကျနော်တို့ ဝေးသထက်ဝေးသွားသည်။ ဆယ်တန်းတွေဖြေပြီးတော့ သူ ပြန်ရောက်လာသည်။ အရင်ကထက်ပိုထွားပြီး ပိုလှလာသလိုခံစားရသည်။ ကျနော့်ဘက်ကတော့ ရင်ခုန်သံတွေမပြောင်းလဲသေးသလို သူ့ကိုချစ်နေဆဲဆိုပေမဲ့ သူနဲ့အရင်လို စကားတွေသွားပြောဖို့တော့ တွန့်ဆုတ်မိတာအမှန်ပင်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က ရည်းစားစာပေးထားပြီး သူက ဒီကိစ္စနဲ့ပတ်သက်ပြီး မသိချင်ယောင်ဆောင်နေသောကြောင့် ကျနော်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘာလဲဆိုတာ အဖြေရှာလို့မရဘူး၊ သူ့ကိုစကားသွားပြောရင် သူငယ်ချင်းအနေနဲ့ပြောရမှာလား၊ ကိုယ်လိုက်နေတဲ့ကောင်မလေးအနေနဲ့ ပြောရမှာလား။ သူကရော ကိုယ့်ကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံမှာလဲ။ ဒီလိုနဲ့ပဲ သွားပြီးခိုးခိုးကြည့်လိုက်၊ အိပ်ရာဝင်စိတ်ကူးလေးတွေယဉ်လိုက်နဲ့ပဲ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ထိတောင် ရောက်လာခဲ့သည်။
(၅)
ကျနော် ကျ သည်။ သူက သုံးဘာသာဂုဏ်ထူးနဲ့အောင်သည်။ ကျနော်တို့ ပိုဝေးသွားသလို ခံစားရသည်။ သိပ်မကြာဘူး သတင်းကြားသည် ကိုးတန်းတုန်းက ကျနော်တို့အခန်းထဲက တစ်ယောက်နဲ့ သူနဲ့ တွဲနေပြီဆိုတဲ့ သတင်း။ တစ်ယောက်တည်း တစ်ဖက်သတ်အသည်းတွေကွဲ၊ အရက်တွေသောက်၊ ဂစ်တာတွေတီးရင်း ဆယ်တန်းလည်း ဆက်မဖြေဖြစ်တော့။
အဲဒီလိုနဲ့ပဲ နောက်ငါးနှစ်လောက်အကြာမှာ ကျနော်လည်း အခြားမိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျ။ သူတို့လည်း ယူသွားပြီသတင်းကြားရ။ သူ့မင်္ဂလာဆောင်လည်း ကိုယ်မသွားဖြစ်၊ ကိုယ့်မင်္ဂလာဆောင်လည်း သူမလာဖြစ်နဲ့ ဘဝရဲ့ ရုန်းကန်မှုတွေကြားထဲ အချစ်ဦးတွေဘာတွေဆိုတာလည်း တစ်ခါတလေ အဲဒီလမ်းထဲရောက်မှသာ အမှတ်မထင်သတိရမိတာမျိုးပေါ့။ ဒါပေမဲ့ အခုမိန်းမနဲ့ ကလေးတစ်ယောက်ရတဲ့အထိ စိတ်ထဲမှာ မတင်မကျဖြစ်နေတာက သူဘာလို့ အဖြေပြန်မပေးခဲ့တာလည်း ဆိုတာပဲ။
တစ်နေ့မှာတော့ မြို့ထဲမှာ ဆည်းဆာချို ရဲ့ ယောကျာ်းနဲ့ အမှတ်မထင်ဆုံသည်။ ကိုးတန်းတုန်းကလည်း တစ်ခန်းထဲဖြစ်ခဲ့သလို အခုချိန်မှာလည်း ကိုယ့်ဘဝတွေနဲ့ကိုယ်ဆိုတော့ မေးထူးခေါ်ပြောနှုတ်ဆက်ရင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြ၏။
“ငါမင်းကို တောင်းပန်စရာတစ်ခုရှိတယ်”
ဆည်းဆာချိုယောကျာ်း သက်ထူးက အဆုံးမရှိ၊ အစမရှိ ပြောလိုက်တော့ ရုတ်တရက်ကြောင်သွားသည်။
“ဘာကို တောင်းပန်မှာတုန်း”
“အခု ငါ့မိန်းမ ဆည်းဆာချို နဲ့ ပတ်သက်ပြီး မင်းကိုတောင်းပန်စရာရှိလို့”
“မင်းဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး”
“မင်းလည်း အခု ဆည်းဆာချိုနဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိတော့ဘူးထင်တယ်”
သက်ထူးက အဲသည်လိုပြောတော့ ကျနော့်စိတ်ထဲ မလုံမလဲတော့ ဖြစ်သွားသည်။ နောက်တော့ တကယ်လည်း ကျနော် ဆည်းဆာချိုနဲ့ပတ်သက်ပြီး ခံစားချက်မရှိတော့ပါဘူး။ ကျနော့်ကိုအဖြေပြန်မပေးခဲ့တဲ့ မတင်မကျကိစ္စလေးတစ်ခုပဲ သိချင်မိတာ။
“ငါအမှန်အတိုင်းပြောရရင် ငါ့မှာ ဆည်းဆာချိုနဲ့ ပတ်သက်ပြီး တစ်ခါတစ်ခါတွေးမိတာ တစ်ခုတော့ ရှိတယ်ကွ။ မင်းကိုတော့ အားနာပါတယ် ဒီလိုကွ ငါသူ့ရည်းစားစာပေးခဲ့ပြီး အဖြေပြန်မပေးခဲ့တာလေးတစ်ခုပဲ ငါသိချင်မိတာ ဒါပေမဲ့ ငါသိချင်တဲ့အဖြေကလည်း အခုချိန်ဖြေတဲ့အဖြေမဟုတ်ဘူးနော် အဲဒီအချိန်တုန်းက ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်နဲ့ ဖြေတဲ့အဖြေမျိုး”
“ ငါ အဲဒီ ကိစ္စပဲ မင်းကို တောင်းပန်ချင်တာပါ”
“ဘယ်လို ….?”
“အမှန်တော့ ဆည်းဆာချိုက မင်းပေးတဲ့ ရည်းစားစာကို ရခဲ့တယ် ဒါပေမဲ့ မင်းပေးတယ်ဆိုတာ သူမသိဘူး”
“ဟင်..”
“ဟုတ်တယ် … မင်းညှပ်ပေးလိုက်တဲ့ စာအုပ်က သူထုတ်မကြည့်ခင်မှာ ငါ့ဆီရောက်လာလို့ပဲ”
“ဘာလို့ မင်းဆီရောက်လာတာလဲ”
“ငါ့အမေက သူ့အမေနဲ့ ရင်းနှီးတော့ ငါမလိုက်နိုင်တဲ့စာတွေကို သူ့ဆီကနေ ကူးမလို့ သွားငှားပေးတာ”
“ဒါဆို ငါပေးတဲ့စာက မင်းဆီမှာပေါ့”
“မဟုတ်ဘူး .. သူ့ဆီရောက်သွားတယ်”
“ဟာ ..မင်းဟာက ရှုပ်နေတာပဲ”
“မင်းရေးတဲ့ ရည်းစားစာအောက်မှာ ငါ့နာမည်ထိုးပေးလိုက်တာ မင်းရေးတဲ့ရည်းစားစာမျိုးက အပေးခံရတဲ့မိန်းကလေးတိုင်း ရင်ခုန်လောက်တဲ့ စကားလုံးတွေလေ”
“ဘာ”
“ငါလည်း ဆည်းဆာချိုကို တကယ်ချစ်ခဲ့တာပါ ဒါပေမဲ့ မင်းနဲ့တွေ့တိုင်း ငါ့စိတ်ငါမလုံလို့”
“ထားလိုက်ပါတော့ကွာ”
ကျနော့်မှာ လွန်ခဲ့တဲ့ ၈နှစ်လောက်က ကိစ္စကို ပြန်ပြီး မခံစားချင်တော့ပါဘူး။ ဆုံတွေ့ခြင်းနဲ့ ခွဲခွာခြင်းတွေကို ကံတရားကပဲ စီမံနေတာမဟုတ်လား။ ကျနော့်အနေနဲ့ ဆည်းဆာချိုနဲ့ လွဲခဲ့ပေမဲ့ အခုချိန်မှာတော့ ထွေထွေထူးထူးနှမျောတသသဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမဲ့ပေါ့ဗျာ ပထမဆုံးရင်ခုန်ပြီးချစ်မိခဲ့တဲ့ မိန်းကလေးနဲ့ ရည်းစားမဖြစ်လိုက်ရတာကတော့ ကျနော့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
(၆)
မက်ဆင်ဂျာက တစ်တောင်တောင်နဲ့ အသံတွေထွက်လာတော့မှ အတိတ်ဆီရောက်နေတဲ့ စိတ်တွေက ပစ္စုပ္ပန်ကိုပြန်ရောက်လာသည်။ မက်ဆင်ဂျာကို ဖွင့်ကြည့်လိုက်တော့ .. အရမ်းချစ်တဲ့ မိန်းမက
“မသာ .. သေချင်းဆိုး ငါ့ဖုန်းဘေလ်တွေ ခိုးထားလိုက်ပြန်ပြီမဟုတ်လား”
“မိုဘိုင်းလိဂျန့်လေး ဆော့ချင်လို့ပါ မိန်းမရာ”
ခြူသစ်မောင်
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။