
(၁)
မိုးကြီးတို့ နေထိုင်ရာရပ်ကွက်သည် အရမ်းကြီးဆင်းရဲလွန်းတဲ့ ရပ်ကွက်မဟုတ်သလို အရမ်းကြီးချမ်းသာလွန်းတဲ့ ရပ်ကွက်မျိုးလည်း မဟုတ်ဘူး။ ရပ်ကွက်ကို လေးပိုင်းပိုင်းလိုက်ရင် မိုးကြီးတို့က မြောက်ဘက်အခြမ်းမှာဖြစ်သည်။ ရပ်ကွက်ထဲမှာ အိမ်ခြေငါးထောင်ကျော်ရှိပြီး နယ်မြို့လေးရဲ့ ရပ်ကွက်ဆိုပေမဲ့ အလုပ်အကိုင်က အရမ်းကြီးတော့မရှားဘူး။ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ ဘိလိယက်ခုံ၊ ဘောလုံးပွဲပြတဲ့ရုံတွေ၊ ဘောလုံးပွဲဒိုင်၊ နှစ်လုံးသုံးလုံးဒိုင်တွေနဲ့ ခြောက်ပေါက်ကစားဝိုင်းတို့ အစုံရှိသည်။ ဒါမှလည်း ရပ်ကွက်အင်္ဂါရပ်တွေစုံညီမည်မဟုတ်လား။
အခုတလော မိုးကြီးတစ်ယောက် ငွေရွှင်နေသည်။ နှစ်လုံးထီပေါက်ထားသလို စနေ၊ တနင်္ဂနွေတွေမှာလည်း ဘောလုံးပွဲတွေနိုင်ထားသောကြောင့်ပင်။ မိုးကြီးက အသုံးအဖြုန်းကြီးသည် လက်ဖွာသည်။ လောင်းကစားကိုခုံမင်သည်။ အခုလည်း ဘီယာဆိုင်မှာ ဘော်ဒါတွေကို တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်နေ၏။
“အေး ထွန်းနိုင်လား”
“အေး ..မိုးကြီးပြော”
“ဘီယာသောက်မယ်လေ”
“မင်းတိုက်မှာလား”
“အေး ..ငါနှစ်လုံးထီပေါက်ထားလို့”
ဒီလိုနဲ့ ဟိုလူ့ခေါ်၊ ဒီလူ့ခေါ်နဲ့ ခေါ်လိုက်တာ ဘီယာဆိုင်ကို ရှစ်ယောက်လောက်ရောက်လာသည်။ သောက်ကြ၊ စားကြနဲ့ ဘေလ်ရှင်းတော့ တစ်သိန်းနှစ်သောင်းလောက်ကျသွားသည်။ မိုးကြီးကား အပြုံးမပျက်ပင် တစ်သောင်းတန်တွေကို ရွှတ်ကနဲ၊ ရွှတ်ကနဲ ရေပြီး ရှင်းလိုက်လေသည်။
နောက်ပိုင်း မိုးကြီးက ပိုကြမ်းလာသည်။ ဘောလုံးပွဲတွေဒိုင်ကိုင်သည်။ နှစ်လုံးထီတွေ ဒိုင်စားစားသည် စိတ်ကူးပေါက်ရာ ဂဏန်းတွေထိုးသည်။ ကံဇာတာတက်နေချိန်ဆိုတော့ လုပ်တိုင်းဖြစ်နေသည်။ မိုးကြီးက အပျင်းပြေ ဘိလိယက်သွားထိုးရင်တောင် သိန်းနဲ့ချီနိုင်တဲ့အထိ ကံဇာတာတွေတက်နေသည်။ မိုးကြီးဘေးနားမှာလည်း ငယ်ပေါင်းကြီးဖော်တွေရော၊ အိတ်ဖောင်းလို့ လာရောသူတွေရော သိုက်သိုက်ဝန်းဝန်းရှိလှသည်။ မိုးကြီး အခုလိုအောင်မြင်နေတာကို သဘောကျပေမဲ့ မိုးကြီး လုပ်ရပ်တွေကို မကြိုက်တဲ့ ငယ်ပေါင်းကြီးဖော်နှစ်ယောက်တော့ ရှိသည်။
“ ငါတော့ မိုးကြီး အခုလိုအောင်မြင်နေတာကိုတော့ ဝမ်းသာပါတယ်ကွာ ဒါပေမဲ့ ဒီကောင် ဒီထဲမှာ ပျော်မြူးနေတာကိုတော့ သဘောမကျဘူးကွာ”
“အေးကွာ … ငါလည်း အဲဒါပြောမလို့ အခုဒီကောင့်နားမှာ ကပ်နေတဲ့ကောင်တွေက ဒီကောင်အိတ်ဖောင်းနေလို့ လာကပ်နေကြတာကွ”
“ အေး ..ငါတို့ တစ်ရက်လောက်တော့ ဒီကောင့်ကိုအေးဆေးပြောကြည့်ရအောင်”
(၂)
ထွန်းနိုင်နှင့် ကျော်ကြီးတို့ မိုးကြီးကို လိုက်ရှာကြသည်။ ဖုန်းခေါ်တာလည်း ဖုန်းမကိုင်နှင့်မို့ ရပ်ကွက်ထဲ သူရှိနိုင်မယ့်နေရာကို လိုက်ရှာကြသည်။ နောက်ဆုံး ဘိလိယက်ခုံမှာ သွားတွေ့သည်။
“ဟေ့ကောင် မိုးကြီး မင်းက ဖုန်းတောင်မကိုင်နိုင်လောက်အောင် အရေးကြီးနေတာပေါ့လေ”
“ဟာ … သားကြီးတို့ ကိစ္စရှိလို့လား”
“အေး ..အေးဆေးစကားပြောချင်လို့ မင်း ပြီးတော့မှာလား”
“အေး တစ်ပွဲပဲစောင့်ကွာ”
မိုးကြီးက နောက်ဆုံးတစ်ပွဲထိုးပြီးတော့ ထွန်းနိုင်နှင့် ကျော်ကြီးတို့နောက် လိုက်လာသည်။
“ဘယ်သွားမလဲ”
“လက်ဖက်ရည်ဆိုင်ပဲ သွားမယ်လေ”
“ဟာ ပျင်းစရာကြီး ဘီယာဆိုင်သွားမယ်”
“မင်းကတော့ လုပ်ပြီ”
ထွန်းနိုင်နှင့် ကျော်ကြီးတို့လည်း မိုးကြီးစကားကို မလွန်ဆန်ချင်တာနှင့် မိုးကြီးခေါ်ရာနောက်ကို လိုက်လာသည်။ မိုးကြီးက အခုနောက်ပိုင်း ထွန်းနိုင်နှင့် ကျော်ကြီးတို့ရှိရာ လက်ဖက်ရည်ဆိုင်ကို ခြေဦးပင်မလှည့်တော့တာ တော်တော်လေးကြာပြီ။
ထွန်းနိုင်က
“ဟေ့ကောင် မိုးကြီး မင်း အရက်ဘီယာတွေ နေ့တိုင်းသောက်ဖြစ်နေတယ်နော် သောက်တာလည်းသောက်ပေါ့ကွာ ကျန်းမာရေလည်း ဂရုစိုက်ဦး”
“အေးပါဟ …. ကဲ..လာ… ချီးယား”
နည်းနည်းလေး အရှိန်ရလာတော့ မိုးကြီးက
“မင်းတို့ ငါ့ကို ဘာပြောမလို့လဲ”
ထွန်းနိုင်နှင့်ကျော်ကြီး တစ်ယောက်ကိုတစ်ယောက်မေးဆတ်ပြသည်။ မင်းပြောလိုက်ဆိုတဲ့ သဘောနဲ့ပေါ့။ ထွန်းနိုင်ကပင် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး
“ ဒီလိုကွာ …အခုတလော ဘာပဲပြောပြော မင်းက ငွေတော်တော်လေးရွှင်နေတယ်မဟုတ်လား”
မိုးကြီးက မျက်မှောင်ကျုတ်ပြီး နားထောင်နေသည်။
“ဖြစ်နိင်ရင်ကွာ မင်းအနေနဲ့ ဒီဘောလုံးပွဲတွေ၊ နှစ်လုံးထီတွေ လုပ်တာလည်းလုပ်ပေါ့ ကိုယ်ပိုင်လုပ်ထားသင့်တယ်ကွ နောက်ပြီးတော့ မင်းနားမှာကပ်နေတဲ့ကောင်တွေ တော်တော်များများကလည်း မင်းသာလို့ ပေါင်းနေကြတဲ့ကောင်တွေကွာ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းဆီက ကပ်စားနေပြီး မင်းဒုက္ခရောက်ရင် လစ်မယ့်ကောင်တွေချည်းပဲကွာ အဲဒါငါတို့ စိုးရိမ်လို့ မင်းကို သတိပေးချင်တာ”
မိုးကြီး က ဟက်ဟက်ပက်ပက် ရယ်သည်။ ပြီးတော့
“ဘာများလဲလို့ ငါ့ကောင်တွေရာ .. စိတ်ချ ငါ့ကောင်တွေရေ မင်းကောင်မိုးကြီးက လူလည်ပါကွ ဒီကောင်တွေကို ကျွေးတယ်မွေးတယ်ဆိုတာလည်း ငါ့ဝင်ငွေရဲ့ အစွန်းအထွက်တောင်မရှိပါဘူးဟ”
ထွန်းနိုင်နှင့် ကျော်ကြီးလည်း ဘာမှဆက်မပြောတော့။ ဆက်ပြောလည်း ဘာမှမထူးတော့ဘူးဆိုတာကို သိနေသောကြောင့်ပင်။
(၃)
ကံဆိုတာ အမြဲတမ်းကောင်းတတ်တဲ့ အရာတော့မဟုတ်ပါဘူး။ အထူးသဖြင့် လောင်းကစားသမားတွေအတွက် ဝိုင်းဝိုင်းရဲ့ သီချင်းလိုပဲ ချိုတစ်လှည့်ခါးတစ်လှည့် မဟုတ်လား။ အခုမိုးကြီးရဲ့ ချိုမြိန်တဲ့ ကာလတွေက တစ်စစ နည်းပါးလာပြီး ခါးသီးမှုတွေက ဝင်ရောက်လာသည်။ နှစ်လုံးထီတွေက တော်တော်လေးလျော်လိုက်ရပြီး ဘောလုံးပွဲတွေကလည်း လိမ်ပြေးတဲ့သူတွေကြောင့် ငါးလလောက်အတွင်းမှာ မိုးကြီးရှာထားသမျှတွေ ကုန်သလောက်နီးပါး ဖြစ်သွားသည်။ ဒါပေမဲ့ ပိုက်ဆံရှိတုန်းက သုံးခဲ့စွဲခဲ့ဖူးတဲ့ မိုးကြီးတစ်ယောက် ပိုက်ဆံမရှိရင် မနေတတ်တော့ပေ။ ဒါကြောင့် ပိုက်ဆံတွေကို ဟိုလူ့ဆီက အတိုးနဲ့ဆွဲ၊ ဒီလူ့ဆီက အတိုးနဲ့ဆွဲနဲ့ အကြွေးနွံပါနစ်လာသည်။ ဘော်ဒါရင်းတွေဖြစ်တဲ့ ထွန်းနိင်နဲ့ ကျော်ကြီးတို့လည်း ကူနိုင်သလောက်တော့ကူညီကြသည်။ သို့သော် ဆင်ပါးစပ်နှမ်းပက်သလို ထွန်းနိုင်နဲ့ ကျော်ကြီးတို့ရဲ့ ကူညီမှုတွေက မိုးကြီးအတွက် ထိရောက်မှုတော့ သိပ်မရှိလှ။ နောက်ပိုင်းတော့ မိုးကြီးက ကလိန်ကကျစ်တွေပါ လုပ်တတ်လာသည်။ ပိုက်ဆံတွေချေးပြီး ရက်တွေရွှေ့၊ ရှောင်နေတာမျိုးတွေ ပိုက်ဆံကို နည်းအမျိုးမျိုးနဲ့ လိုက်ပြီး ရှာတတ်လာသည်။ မိုးကြီးက သူ့အနေနဲ့ ကံပြန်ကောင်းမယ်လို့ ယုံကြည်နေသေးပုံရပြီး ဘောလုံးပွဲတွေ၊ နှစ်လုံးထီတွေကို ထိုးသားအဖြစ်နဲ့ ပြန်လောင်းသည်။ အဆိုပါလောင်းငွေတွေကလည်း သူ့ကိုယ်ပိုင်ပိုက်ဆံတွေမဟုတ်တော့ တစ်ပူပေါ်နှစ်ပူဆင့်လာသည်။
ထွန်းနိုင် ကတော့ မိုးကြီးအပေါ်တော်တော်လေး စိတ်ပျက်လာသည်။ မိုးကြီး ဖုန်းခေါ်မှာကိုတောင် တော်တော်လေးကြောက်လာသည်။ ဘာဖြစ်လို့လည်းဆိုတော့ မိုးကြီး ဖုန်းခေါ်ရင် ပိုက်ဆံချေးဖို့ကလွဲပြီး အခြားကိစ္စမရှိသောကြောင့်ပင်။ တစ်ခေါက် လက်ဖက်ရည်ဆိုင်မှာတွေ့တုန်းကလည်း ထွန်းနိုင်က မိုးကြီးကို တရားချဖို့ ကြိုးစားသေးသည်။
“မိုးကြီး မင်းကွာ .. တစ်ကိုယ်ရည်တစ်ကာယဖြစ်ပြီး ဘာဖြစ်လို့ လူတကာဆီက ပိုက်ဆံတွေ လိုက်ချေးနေရတာတုန်း မင်းသိက္ခာကျတာပေါ့ကွ”
“ငါပြန်ပေးမှာပါဟ”
“အေး မင်းပေးတာနောက်ဟ အခုမင်းအကြောင်းတွေ တစ်ရပ်ကွက်လုံးက မကောင်းပြောနေကြပြီ”
“ငါ ဂရုမစိုကျဘူး”
“မင်း ဂရုမစိုက်ပေမဲ့ မင်းမိသားစုရှိသေးတယ်လေကွာ”
“ထားလိုက်စမ်းပါကွာ ငါ့ကိုအခု ပိုက်ဆံ သုံးသောင်းလောက် ခဏချေးစမ်းပါ”
ပိုက်ဆံ သုံးသောင်းရသွားတော့ လက်ဖက်ရည်ဆိုင်မှာ ကြာကြာမထိုင် ဘယ်ကို လစ်သွားမှန်းမသိ လစ်သွားလေသည်။
(၄)
ဒီလိုနဲ့ ကျော်ကြီးနဲ့ ထွန်းနိုင်တို့ကတော့ ညနေဘက်တွေဆို လက်ဖက်ရည်ဆိုင်မှာ ပုံမှန်တွေ့ဖြစ်လေ့ရှိပေမဲ့ မိုးကြီးကတော့ ငွေလိုမှသာ သူတို့ရှိရာလက်ဖက်ရည်ဆိုင်ကို ရောက်ရောက်လာတတ်သည်။ အခုချိန်ထိ မိုးကြီး နောင်တမရသေးတာကိုကြည့်ပြီး သူတို့လည်း လက်မှိုင်ချထားရသည်။
တစ်ရက်မှာတော့ ထွန်းနိုင် အမေ ဆေးရုံတက်ရသည်။ အစာအိမ်ရောဂါကြောင့်။ နဂိုထဲက ထွန်းနိုင်က ပိုက်ဆံအရမ်းကြီးရှိတာမဟုတ်တော့ ငွေရေးကြေးရေးအကြပ်အတည်းက ဖြစ်နေသည်။ အဲဒါနဲ့ ထွန်းနိုင်က ကျော်ကြီးဆီက ပိုက်ဆံလှမ်းချေးသည်။
“အေး ..သားကြီး ပိုက်ဆံကတော့ ငါ့မှာ ရှိတယ် ဒါပေမဲ့ ငါအခုအလုပ်ထဲမှာ မင်းကိုလာပေးဖို့တော့ အဆင်မပြေဘူးဟ မင်းလာယူလိုက်ပါလား”
“ဒီမှာကလည်း ငါ့အမေတစ်ယောက်တည်းဟ လာယူဖို့မလွယ်ဘူး”
“အဲဒါဆို ဒီလိုလုပ် မင်းမိုးကြီး ကို ဖုန်းဆက်ပြီး လာယူခိုင်းလိုက်”
“စိတ်ချရပါ့မလား”
“ဒီကောင် မင်းအမေကိစ္စကိုတော့ အလွဲသုံးစားမလုပ်ရဲလောက်ပါဘူးကွာ”
“အေးကွာ ..ပြီးရော”
ထွန်းနိုင်က မိုးကြီးကို ဖုန်းဆက်ပြီး ကျော်ကြီးဆီက ပိုက်ဆံသွားယူပြီး ဆေးရုံကို လာပေးဖို့ပြောသည်။ နောက်ပြီးတော့ ထွန်းနိုင်က သေသေချာချာထပ်မှာသည်။
“သားကြီး ဒီပိုက်ဆံက ငါ့ဆီရောက်မှ ဖြစ်မှာနော်”
“စိတ်ချစမ်းပါဟ”
ဒါပေမဲ့ မိုးကြီးကား ညနေစောင်းသည်အထိ ပေါ်မလာတော့ပေ။ ထွန်းနိုင်က ကျော်ကြီးဆီ ဖုန်းဆက်ကြည့်တော့ နေ့ခင်းကတည်းက ပိုက်ဆံလာယူသွားတာလို့ ပြောသည်။ ထွန်းနိုင် ဝမ်းနည်းမှုတွေ၊ ဒေါသတွေကြောင့် အသားတွေ တဆတ်ဆတ်တုန်လာသည်။ ဘော်ဒါအချင်းချင်းကို လုပ်ရက်နေခြင်းလို့ တွေးမိသည်။ အရင်အခါတွေတုန်းက ပိုက်ဆံချေးပြီး ပြန်မပေးခဲ့တာတွေအတွက် ဘယ်လိုမှမခံစားရပေမဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်ပေ။ ထွန်းနိုင်တစ်ယောက် မရှိရှိတာလေး ပေါင်နှံရောင်းချပြီး ဆေးဖိုးရှင်းလိုက်ရသည်။ နောက်တော့ ထွန်းနိုင် အမေဆေးရုံက ဆင်းတော့ ထွန်းနိုင်တစ်ယောက် မိုးကြီးကို အသည်းအသန်လိုက်ရှာတော့သည်။ နဂိုကတည်းက အနေအေးတဲ့ ကျော်ကြီးကတော့ တွေးတွေးဆဆပြောသည်။
“သူ့ကိုတော့ သေချာလေးမေးမြန်းကြည့်ပါဦးကွာ သူ့မှာလည်း မဖြစ်မနေအခက်အခဲမျိုးကြောင့် လုပ်လိုက်ရတာဆိုရင်တော့လည်း ….”
“မင်းမို့ ဒီကောင်ပြောစကားတွေကို ယုံချင်သေးတယ်”
“မဟုတ်ပါဘူး မင်းခြေလွန်လက်လွန် ဖြစ်မှာစိုးလို့ပါ”
“အာ .. အဲလိုတော့ မလုပ်ပါဘူးဟ သူ့ကို နာအောင်ပြောမယ်ကွာ ပြီးတော့ ဒီဖြစ်ရပ်ကနေ သူ သင်ခန်းစာရပြီး ပြုပြင်ပြောင်းလဲသွားစေချင်လို့ ငါနာအောင်ပြောမယ်ကွာ”
(၅)
ညရှစ်နာရီလောက်ကနေ ကိုးနာရီလောက်ထိ ထွန်းနိုင်နဲ့ ကျော်ကြီးတို့ မိုးကြီးအိမ်ရှေ့မှာ သွားစောင့်နေသည်။ ကိုးနာရီထိုးခါနီးလောက် မိုးကြီးပြန်လာသည်။ ထွန်းနိုင်နဲ့ ကျော်ကြီးကိုတွေ့တော့ နည်းနည်းတော့ လန့်သွားသည်။ ဒါပေမဲ့ မိုးကြီးက ခပ်တည်တည်ပဲ။
“ဟေ့ကောင်တွေ လက်ဖက်ရည်ဆိုင် ထိုင်မလို့လား”
“မထိုင်ဘူး မင်းကို ပြောစရာရှိလို့”
ထွန်းနိုင် အသံက ဒေါသတွေ ပါနေသည်။
“မိုးကြီး မင်းလူရော ဟုတ်ရဲ့လားကွာ။ မင်းငွေလိုတိုင်း ငါတို့တွေ ချေးငှားပေးခဲ့ကြတယ်ကွာ မင်းလုပ်တာတွေကို မကြိုက်တာတောင်မှ ငါတို့ မင်းကို ဘယ်နှစ်ခါ အပြစ်ပြောဖူးလဲကွာ အခု ငါ့အမေဆေးရုံတက်နေလို့ ငါ ငွေအရေးတကြီးလိုနေလို့ မင်းကို ယုံယုံကြည်ကြည်နဲ့ အကူအညီတောင်းလိုက်တာ မင်းမို့လို့ အလွဲသုံးစားလုပ်ရက်တယ်ကွာ”
ထွန်းနိုင် က ပြောရင်း အသံတွေ တုန်လာသည်။ မျက်ရည်တွေလည်း ဝဲလာသည်။ စကားသံတွေကတော့ အဆက်မပြတ်ထပ်ထွက်လာသည်။
“မင်းက ကလိန်ကကျစ်လုပ်တဲ့ အဆင့်ထိရောက်လာပြီ မင်းက တော်တော်လေးအောက်တန်းကျတဲ့ကောင်ပဲကွာ မင်းလိုကောင်မျိုးနဲ့ ငါ ဘော်ဒါဖြစ်ရတာကိုလည်း တော်တော်လေးရှက်တယ် မင်းဘဝက လောင်းကစားနဲ့ အရက်နွံထဲက ဘယ်လိုမှ ရုန်းနိုင်မှာမဟုတ်တော့ဘူး မင်းက တန်ဖိုးမရှိတဲ့ လူတစ်ယောက်ဖြစ်သွားပြီ မင်းအမေနဲ့ မင်းအဖေသာ မင်းအစား ခွေးတစ်ကောင်ကို မွေးခဲ့ရင်တောင် မင်းထက်လောကကို အကျိုးပြုနိုင်ဦးမယ်”
မိုးကြီးကား ခေါင်းငိုက်စိုက်ကျလျက်။ ကျော်ကြီးက ထွန်းနိုင်ကို ဆက်မပြောတော့ဖို့ တားလိုက်သည်။ မိုးကြီးရဲ့ မျက်နှာက တော်တော်လေးငယ်နေပြီး မျက်ရည်တွေဝဲနေသည်။ ဒီလိုကျပြန်တော့လည်း ထွန်းနိုင်ရော ကျော်ကြီးရော မိုးကြီးကို သနားသွားမိပြန်သည်။ ပြီးတော့ မိုးကြီးက တိုးညှင်းစွာနဲ့
“မင်း ပြောလို့ ဝ ပြီလား”
“အဲဒီ ပိုက်ဆံတွေကို မင်းဘာလုပ်လိုက်လဲ”
“ငါပြောလည်း မင်းတို့ငါ့အပေါ် နားလည်ပေးနိုင်မှာမဟုတ်တဲ့ အတွက် ငါမပြောချင်ဘူး အခု မင်းတို့ ပြောလို့ ဝ ရင် ငါသွားတော့မယ်”
“ဘယ်ကို သွားမှာလဲ”
မိုးကြီးက ပြန်မဖြေ။ အဝေးတစ်နေရာကို ငေးကြည့်နေရင်း မဆီမဆိုင်ထပြောသေးသည်။
“မင်းတို့လည်း ငါ့အပေါ်မှာ နားမလည်ပါဘူး”
“အခုမင်းက ဘယ်သွားမှာလဲ”
ကျော်ကြီး က စိုးရိမ်တကြီး ဝင်မေးသည်။ ထွန်းနိုင်ပြောတဲ့ စကားတွေက တော်တော်လေးကြမ်းပြီး မိုးကြီးတစ်ယောက် စိတ်တော်တော်လေးထိခိုက်သွားပုံရတဲ့ အမူအရာတွေကြောင့် ကျော်ကြီးက စိုးရိမ်သွားခြင်းဖြစ်သည်။
“ငါပြောမယ်ကွာ ငါမင်းပိုက်ဆံကို အမြန်ဆုံးပြန်ဆပ်နိုင်အောင် ကြိုးစားမယ်”
ထွန်းနိုင်က မိုးကြီး ပခုံးကို ပုတ်လိုက်သည်။ မိုးကြီး အခုလို အသိတရားရသွားတာဟာ ပိုက်ဆံပြန်ရတာထက်ပင် ပိုတန်ဖိုးရှိတယ်လို့ သူတို့ တွေးမိသောကြောင့် ဖြစ်သည်။
“မင်းတို့ ပြောလို့ ဝ ရင် ငါသွားတော့မယ်ကွာ”
“ဘယ်ကို သွားမှာတုန်း”
“KTV လေကွာ တောင်ပိုင်းကတွေနဲ့ ချိန်းထားတာ မင်းတို့စကားပြောနေတာနဲ့ တစ်ဆက်ရှင် နီးပါးလောက်နောက်ကျနေပြီ”
“ဘာ”
“ဘာ”
ထွန်းနိုင်နဲ့ ကျော်ကြီး တို့ နှစ်ယောက်စလုံး အာမေဋိတ်သံတွေ ပြိုင်တူထွက်လာသည်။ သူတို့ ထင်သမျှတွေ တက်တက်စင်အောင် လွဲသွားပြီကိုး။ ခုနတုန်းက သနားတဲ့ စိတ်တွေလည်း ဘယ်ရောက်သွားလည်း မသိဘူး။ ထွန်းနိုင်က မိုးကြီး အကျီ ကော်လံ စ ကို ဆောင့်ဆွဲပြီး
“မင်းဆိုတဲ့ ကျွဲပါးစောင်းတီးဆိုတဲ့ ကောင်မျိုးပဲ”
ကျော်ကြီးက နောက်ကနေ မိုးကြီး နားအုံကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး
“မင်းက အခုလို အခြေအနေမှာတောင် KTV သွားချင်သေးတယ်ပေါ့လေ ဟုတ်လား” ဟု မေးပြီး နောက်ထပ် နားအုံကို ထပ်ရိုက်လိုက်ပြန်သည်။ မိုးကြီးက အောက်ကနေ
“မင်းတို့ လွန်မယ်နော်”
ထွန်းနိုင်က ဒေါသသံနဲ့
“ဟိုနေ့ က ဆေးရုံလာပေးမယ့် ပိုက်ဆံတွေလည်း မင်း KTV သွားလိုက်တာမလား”
“အဲဒါတော့ မဟုတ်ဘူးကွာ”
“ဒါဆို အရက်သောက်လိုက်တာပေါ့”
“အရက်လည်း မသောက်ပါဘူးကွာ”
“ဘောလုံးပွဲလောင်းလိုက်တာလား”
“ဘောလုံးပွဲတွေမှ မရှိတော့တာ”
ထွန်းနိုင်နဲ့ ကျော်ကြီး ဇဝေဇဝါဖြစ်သွားသည်။ မရရအောင် အတင်းမေးတော့မှာ မိုးကြီးက
“ငါ မာဆတ် သွားလိုက်တာ”
“ဟာ ..”
“ဟင်..”
မိုးကြီးရဲ့ နောက်ဆက်တွဲစကားကြောင့် ထွန်းနိုင်နဲ့ ကျော်ကြီး တို့ မိုးကြီးကို ချီးထက်ရွံသွားလေတော့သည်။
“ငါသွားနေကျ ကြယ်စင်ဆိုတဲ့ ကောင်မလေးရဲ့ အမေ ဆေးရုံတင်ထားရလို့ ငါသနားပြီး ငါးဆက်ရှင်ဝင်ပေးလိုက်တာပါကွာ”
ခြူသစ်မောင်
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။