တင်အောင်နှင့် အောင်သွယ်တော်
lotaya.mpt.com.mm
|
2020-04-04

တစ်ခါသား ရပ်ကွက်ထဲမှာ အလုပ်အကိုင်မယ်မယ်ရရမရှိတဲ့ ထွန်းနိုင်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တင်အောင် အောင်သွယ်ပေးဖူးသည်။ ထွန်းနိုင်ဆိုတာ သိန်းနိုင်ရဲ့သားဖြစ်ပြီး သိန်းနိုင်နဲ့ တင်အောင်တို့ကြားက ကျောင်းတော်က ရန်စတွေကြောင့် သိန်းနိုင်က ထွန်းအောင်ကိုမှာထားတာရှိသည်။ တင်အောင်ဆိုတဲ့လူနဲ့ ဝေးဝေးနေဖို့ပေါ့။ ဒါပေမဲ့လည်း တစ်ရွာထဲသားတွေဖြစ်တာရယ်၊ တင်အောင်ရဲ့ ရယ်ရွှင်စရာကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကြောင့် ရွာထဲက ကာလသားတွေတော်တော်များများက သူတို့အဖေနဲ့ရွယ်တူ တင်အောင်နဲ့လည်း ဘော်ဒါလိုပေါင်းလို့ရနေတာပေါ့။ ထွန်းနိုင်ဆိုတာက မအူမလယ်ကောင်။ ရည်းစားဆိုတာလည်း ထားဖူးတာမဟုတ်ဘူး။ အဲဒါ တင်အောင်ရဲ့ အောင်သွယ်ကောင်းမှုကြောင့် ထွန်းနိုင်တစ်ယောက် မိန်းမရပါလေရော။ ထွန်းအောင်အဖေ သိန်းနိုင်ကတော့ သူ့တုန်းက ဒုက္ခပေးရုံတင်မက အခု အလုပ်အကိုင်မရှိဘဲ သူ့သားကိုပါ အိမ်ထောင်ကျအောင်လုပ်ရမလားဆိုပြီး တင်အောင်ကို ပိုပြီးတော့ တင်းမာနေတာပေါ့။

မင်္ဂလာဆောင်ပြီး လေးငါးရက်လောက်နေတော့ ထွန်းနိုင် လက်ဖက်ရည်ဆိုင်ဘက်ပြန်ထွက်လာတော့ တင်အောင်နဲ့ ဆုံသည်။


“ဟေ့..ထွန်းနိုင်..အေးဆေးပဲမလား”
.
ထွန်းနိုင် မျက်နှာကို တစ်ချက် ရှုံ့လိုက်ရင်း…



“ အခြားဟာတော့ အေးဆေးပဲဗျ။ အဖေကတော့ အလုပ်အကိုင်မရှိပဲ မိန်းမယူလို့ ပွစိပွစိနဲ့။ အခုတောင် နားညည်းလို့ ထွက်လာတာဗျ”



“ မင်းအဖေ အလကားပါကွာ။ မင်းအရှေ့မှာမို့လို့ လျှောက်ပြေနေတာ။ မင်းနောက်ကွယ်ကျတော့ တစ်မျိုးကွ။ မင်း မင်္ဂလာပွဲ မတိုင်ခင် ရက်က ငါနဲ့တောင် တိုင်ပင်နေသေးတယ်”


တင်အောင် စ ပြီး ကျပ်တော့မည်ဆိုတာသိတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကတောင် ပြုံးစစဖြစ်သွားသည်။ 
.
“ ဘာ ကိစ္စတိုင်ပင်တာတုန်းဗျ”



ဦးတင်အောင်က လေသံကို နှိမ့်လိုက်ပြီး…
“ မင်းကို အမွေခွဲပေးဖို့အကြောင်းဟ”



အမွေ ဆိုတဲ့အသံကြားလိုက်တော့ ထွန်းနိုင်ခေါင်းထောင်သွားသည်။ သူ့ခမြာမှာလည်း မိန်းမသာ ယူလိုက်တာ အလုပ်အကိုင်မရှိတော့ လက်ထဲ ပိုက်ဆံများများစားစား ရှိသည်မဟုတ်။ ညားခါစ မယားလေးကိုလည်း မျက်နှာလိုမျက်နှာရ ရွှေတို ရွှေစလေးတော့ ဆင်ချင်တာပေါ့။ ခက်တာက လက်ထဲမှာ ပိုက်ဆံကမရှိ။ မင်္ဂလာလက်ဖွဲ့ငွေတွေကလည်း ဖခင်ဖြစ်သူက သူစိုက်ထားတဲ့ငွေ ပြန်ယူသွားတော့ များများ စားစားမကျန်။ ဦးတင်အောင်ပြောသလို အမွေ ရမယ်ဆိုရင်တော့ …..။



“ ဒါပေမဲ့..မင်းအဖေက..မြေးရမှ အမွေ ပေးမှာတဲ့။ ကလေးရှိတော့မှ မင်းလည်း ဘဝကို အလေးအနက်ထားထားလာမှာတဲ့ဟ”



“ အံမလေး… ဒါဘာခက်လဲ ဦးတင်အောင်ရယ်…အဖေ့အတွက် မြေးရအောင် ကျွန်တော် အစွမ်းကုန်ကြိုးစားမှာပေါ့ဗျ..ဟီး…ဟီး..”



“ အေး..မြေးကလည်း..မြေးယောက်ျားလေးဖြစ်ရမယ်တဲ့ဟ..မြေးဦးဟာ…ယောက်ျားလေးဖြစ်မှ မြင့်မြတ်တာတဲ့..”



ထွန်းနိုင် ခုနက ပျော်နေတဲ့ အပျော်လေးတွေတောင် ပြန်ပျောက်မတတ်ဖြစ်သွားသည်။



“အာ…အဖေကလည်း..ဒုက္ခပဲ ..ကလေးမွေးတာပဲ..ယောကျားလေး..မိန်းခလေး ရွေးလို့မှမရတာကို..ခက်တာပဲ”



ထွန်းနိုင်တစ်ယောက်..ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်နေချိန်  ဦးတင်အောင်က တစ်ချက်ပြုံးလိုက်ပြီး…



“ဒီလိုလည်း မဟုတ်ဘူးကွ ထွန်းနိုင်ရ။ မင်းတို့လို ခေတ်လူငယ်တွေမသိပေမဲ့ ငါတို့လို လူကြီးတွေကတော့ ယောကျားလေး..မွေးအောင် လုပ်တဲ့နည်း ရှိတယ်ကွ”



“ ဦးတင်အောင်ရယ်..မဖြစ်နိုင်တာဗျာ… ကျား၊ မ ခွဲခြား ပြီး မွေးအောင် လုပ်တဲ့နည်းရယ်တော့ မရှိပါဘူးဗျာ”
.
“ မင်းနှယ့်..ခက်လိုက်တာကွ…အေး.မင်းမယုံဘူးဆိုငါသက်သေပြမယ်”

ပြောပြောဆိုဆို..ဘေးကတစ်ဝိုင်းကို လှမ်းပြီး..

“ဟေ့..ကိုအဝှာ ..ခင်ဗျား မွေးထားတာ ..သားလေးမှတ်လား” အော်မေးလိုက်ရင်း မျက်လုံးမှိတ်ပြလိုက်သည်။ ဟိုတစ်ယောက်ကလည်း ဦးတင်အောင်အကြောင်းသိဆိုတော့



“ ဟုတ်တယ်လေ..ဦးတင်အောင်”…



“ အေး..ဘယ်သူ့နည်းနဲ့ သားလေးမွေးတာလဲဆိုတာ..ဒီကောင် ထွန်းနိုင်ကိုပြောပြလိုက်စမ်း”



“ ဦးတင်အောင်နည်းလေ”..



ဒီလိုပဲ နောက်ထပ် သုံးလေးဝိုင်းလောက်ကို အော်မေးလိုက်တော့အားလုံးကလည်း သားလေးမွေးတာ ဦးတင်အောင် နည်းလမ်းကြောင့် ဆိုတာချည်းပဲ။ အမှန်ကတော့ တစ်ရပ်ထဲနေသူချင်း ဘယ်သူသားမွေးထားတယ်၊ ဘယ်သူ သမီးမွေးထားတယ်ဆိုတာ သိနေကြတာပဲ။ ဦးတင်အောင်က သားမွေးထားတဲ့ သူတွေကိုပဲ ရွေးမေးထားတာ။ နောက်ပြီး ဦးတင်အောင်အကြောင်းနဲ့ ထွန်းနိုင်အကြောင်းသိနေတော့ ဟုတ်ပ မှန်ပ ပေါ့။



“ ကဲ တွေ့လား…ငါလူကြီးပါဟ..နောက်ပါ့မလား”
.
“ ဦးတင်အာင်နည်းက ဘာတုန်းဗျ..အရမ်းခက်လား” 

ထွန်းနိုင်လည်း အများကဝိုင်းထောက်ခံနေတော့ စိတ်ပါသွားပုံရသည်။



“ မခက်ပါဘူးကွာ။ လွယ်လွယ်လေးပါ။ ငါ့နည်းမှာက အဓိက ကျတဲ့အချက်က အဖေဖြစ်လာမယ့် လင်ယောကျားပဲကွ။ နောက်ပြီး ဒီနည်းကို အများကြီးမဟုတ်ဘူး။ တစ်ပတ်လောက်ပဲ လုပ်။ မင်းအဖေလိုချင်တဲ့ အထီးလေး ဖြစ်ရမယ်…နည်းကတော့..လာငါ့နား. တိုးတိုးပြောရမှာကွ”


 ဆိုပြီး ထွန်းနိုင်ကို အနားခေါ်လိုက်သည်။ 

“ မင်းတို့လင်မယား..ညည ဆို အတူတူ အိပ်လို့ ဘာညာဘာညာ ကြတဲ့အချိန်မှာ. မင်းရဲ့လှုပ်ရှားမှုကို သတိထားကွ..မင်းရဲ့ နောက်ဆုံး လှုပ်ရှားမှု၊ နောက်ဆုံး ပစ်ချက်ဟာ..စုံ ဂဏန်းနဲ့ အဆုံးသတ်ပါစေ။ ဒါမျိုးကို  တစ်ပတ်လောက်ပဲ လုပ်။ မင်းမွေးလာမှာ ယောကျားလေးပဲကွ”



ထွန်းနိုင် ခေါင်းကုတ်လိုက်ရင်း..
“ ဟာ..ဦးတင်အောင်ကလည်း ဘာညာ နေတဲ့အချိန် စုံ နဲ့ပြီးလား မနဲ့ပြီးလားဘယ်လိုမှတ်မလဲဗျ”



“ ဪ ထွန်းနိုင်ရယ်..မင်းမလဲ..အစအဆုံးကို သင်ပေးနေရတော့တာပဲ …တစ် နှစ် သုံး လေး မှတ်ထားပေါ့ကွ….အေး..အဓိက ကတော့ စုံ ကျတဲ့အချက်နဲ့ ပြီးပါစေနော်”



ထွန်းနိုင်လည်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ လက်ဖက်ရည်ဖိုးရှင်းပြီး ထွက်သွားတော့၏။
အဲ ထိုနေ့ ညမှာတော့ ထွန်းနိုင်တို့လင်ယား အိပ်ခန်းထဲကနေ တစ် နှစ် သုံး လေး…..သုံးဆယ့်ငါး..သုံးဆယ့်ခြောက် အစရှိတဲ့ နံပါတ်ရေတွက်သံ တိုးတိုးလေးကို ကြားရသည်။ 




နောက်တစ်နေ့မနက် ထွန်းနိုင် လက်ဖက်ရည်ဆိုင် သွားတော့ ဦးတင်အောင်က



“ ဟေ့..ထွန်းနိုင်…ညက အဆင်ပြေလားကွ”

ဆိုပြီး မေးတော့ ထွန်းနိုင်လည်း ခေါင်းတစ်ခါခါ နဲ့ ဦးတင်အောင်ဝိုင်းဝင်ထိုင်ရင်း



“ မပြေပါဘူးဗျာ။ အစကတော့ မှန်နေပေမယ့်..မြန်လာတော့ ဂဏန်း ရေတာ မှားကုန်ရောဗျ။ ဘယ်လောက်ရောက်လို့ ရောက်မှန်း မသိတော့ ဘူးဗျ။ မရပါဘူးဗျာ”



“ ခက်လိုက်တာကွာ။ မင်းဆိုတဲ့ကောင်ကလည်း နည်းပေးတာတောင်မှ အဆင်ပြေအောင်မလုပ်နိုင်ဘူး။ ဒီလိုလုပ်။ နောက်တစ်နည်းပေးမယ်။ ဒီတစ်ခါ ဂဏန်းအရေအတွက်ကို မရေနဲ့တော့။ စုံ မ ၊ စုံမ၊ ပဲ ရေ။ ဒါကပို လွယ်တယ်။ ဟုတ်တယ်မလား..အဓိက ကတော့ စုံ ဆိုတဲ့ အချက်ဟာ နောက်ဆုံးဖြစ်ဖို့ပဲနော်”



ထွန်းနိုင်လည်း ခေါင်းလေးတစ်ငြိမ့်ငြိမ့် နဲ့ ပြန်သွားပြန်ပါရော။



ဒီလိုနဲ့ ထိုညမှာတော့ ထွန်းနိုင်တို့လင်မယားအခန်းကနေ .. စုံ..မ..စုံ..မ..နဲ့ တိုးတိုးလေး ရေတွက်သံကို ကြားရပြန်တာပါပဲ။



နောက်တစ်နေ့ မနက်….



“ ဟေ့ကောင်..ညကအခြေအနေ ဘယ့်နှယ့်လဲ”
ထွန်းနိုင် သက်ပြင်းချလိုက်ပြီး..



“မပြေပါဘူးဗျာ…. အစကတော့ ဟုတ်သလိုလိုပဲ..မောလာတော့ .စုံ..မ.စုံ..မ ကနေ..စုံ .စုံ..မမတွေ မမ စုံစုံတွေ..မမမ စုံတွေရော စုံစုံစုံ မတွေရော မှားကုန်ရောဗျ။ မိန်းမကတောင် ကောင်းကောင်း အဝှာမပြုပဲ ဘာတွေရေနေမှန်းမသိဘူးဆိုပြီး မကြည်ချင်တော့ဘူးဗျ”



“ ဟား..ထွန်းနိုင်ရယ်..မင်းမလဲ..တော်တော် ဖျင်းတဲ့ကောင်ကွာ..အေး…ဒီတစ်ခါတော့ နောက်ဆုံးနည်းပဲ..ဒီနည်းမှမရရင်တော့ ငါ့မှာလည်း နည်းမရှိတော့ဘူး…ဒီတစ်ခါတော့ ရအောင်လုပ်ကွာ”



ဦးတင်အောင်ပေးတဲ့ နောက်ဆုံးနည်းကတော့..



ထိုညမှာပေါ့ ထွန်းနိုင်ဖခင် ဦးသိန်းနိုင်တစ်ယောက် ဘုရားရှိခိုး၊ အမျှဝေ၊ မေတ္တာပို့ အပြီး အချိန်ကလည်းစောသေး၊ အိပ်လည်း မအိပ်ချင်သေးတာနဲ့..



“ အင်း.ပုတီးလေးဘာလေး စိပ်ဦးမှ”

ဆိုပြီး သူ့ပုတီးကို ရှာတော့ ပုတီးကမတွေ့။ ဒါနဲ့ မကြင်မြိုင် များတွေ့မိလားဆိုပြီး..



“ ကြင်မြိုင်ရေ..ငါ့ပုတီး တွေ့မိသေးလားဟ”



“ နေ့ခင်းကတော့ ဘုရားစင်ပေါ်မှာတွေ့သေးတာပဲလေ..မတွေ့ရင် ဟိုကောင် ထွန်းနိုင်ကိုမေးကြည့်ပါလား”



“ အဲ့အကောင်နဲ့ ပုတီးနဲ့က ဘာဆိုင်လို့တုန်း..ဘုရားတောင်ဦးသုံးကြိမ်ပြည့်အောင် ချတဲ့ကောင်မဟုတ်ဘူး”



“ တော်ကလည်း..သူများတွေ့မိသေးလားမေးကြည့်ပေါ့”



“အေး..မေးကြည့်ရတပေါ့ဟာ..ဒီကောင်လင်မယားအိပ်ပြီလား”



“ စောစော က အခန်းထဲ ဝင်သွားကြတာပဲ..အသံလေးဘာလေးပေးပြီးအပြင်ကမေးနော်”



“ အေးပါ..ငါသိပါတယ်ဟ” 

ဆိုပြီး ထွန်းနိုင်တို့ အခန်းကို ဦးတည်လိုက်သည်။



ဪ မေ့လို့..ဦးသိန်းနိုင်ရဲ့ ပုတီးက ရိုးရိုး ၁၀၈ လုံးပုတီးမဟုတ်ဘူးဗျ။ စက်ပုတီး။
ထွန်းနိုင်တို့အခန်းရှေ့ရောက်တော့ အသံပေးဦးမှလို့ တွေးနေတုန်းမှာပဲ ဦးသိန်းနိုင်နားထဲ ကြားနေကျအသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံကတော့ သူ့ရဲ့ စက်ပုတီးအသံ တစ် ချပ်ချပ် ပါပဲ။

ဦးသိန်းနိုင် တစ်ချက်ပြုံးလိုက်ရင်း



“ အံမယ်..ငါ့သားက..ပုတီးတွေဘာတွေစိတ် လို့ပါလား”

လို့ကျိတ်ပြီး ချီးကျူးလိုက်ရင်း အခန်းထဲကို ရဲရဲတင်းတင်း ပဲ ဝင်လိုက်တော့သည်။

ဦးသိန်းနိုင်မြင်လိုက်ရတာကတော့ သူ့ရဲ့ စက်ပုတီးကို လက်မှာကိုင်ရင်း ……။



နောက်တစ်နေ့ မနက်..ထွန်းနိုင်တစ်ယောက် ခေါင်းကြီးငုံ့ပြီး လဘက်ရည်ဆိုင်ထဲ ဝင်မလို့ ကြံတုန်း ဆိုင်ထဲမှာ ဦးတင်အောင်ကို လှမ်းတွေ့လိုက်တော့ ဆိုင်ထဲဆက်မဝင်တော့ပဲ ချာကနဲ ပြန်လှည့်ထွက်သွားတော့သည်။ 

ဒါကို မြင်လိုက်တဲ့ ဦးတင်အောင်က



“ ဟေ့ ထွန်းနိုင်..လာပါဦးဟ..အခြေအနေလေး မေးချင်လို့ပါဟ..မင်းကလည်း”



ထွန်းနိုင် က ဦးတင်အောင် မျက်နှာကို မဲ့ပြီးကြည့်လိုက်ရင်း..



“ ဦးတင်အောင်..ခင်ဗျားကို အဖေက သောက်ရူးတဲ့”



တစ်ဆိုင်လုံး အုံးကနဲ ထရယ်ကြတော့သည်။ အဖြစ်အပျက်အကုန် ကို ဦးတင်အောင်ပြောပြလို့ သိနေကြတာကိုး။

ထွန်းနိုင်က



“ ကျွန်တော့ကိုလည်း သောက်ရူးစကားနားထောင်ပြီး ဘုရားတရားလုပ်တဲ့နေရာသုံးတဲ့ ပုတီးကို ဟိုနေရာမှာ သုံးလို့ဆိုပြီး ထိုးလိုက်တာ..ဟော့ဒီမှာကြည့်”



ဟုတ်တယ်ဗျာ။ ထွန်းနိုင် မျက်နှာတစ်ခြမ်းလုံး ယောင်ကိုင်းနေတော့တာပါပဲ။             ။ 

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..