
အချိန်ကား နေဝင်ရီတရောအချိန်ကလေး။ ခါတိုင်းဆိုရင် ဒီအချိန် ဒီမြို့လေးဟာ ဆိုင်ကယ်သံတွေ၊ ဘီယာခွက်ချင်းတိုက်သံတွေ၊ သင်္ကြန်အကြိုသီချင်းသံတွေ၊ ဘုရားဝတ်ပြုသံတွေနဲ့ စည်ကားနေတဲ့ မြို့လေးတစ်မြို့ပေါ့။ အခုတော့ အရာအားလုံးဟာ တိတ်ဆိတ်ခြောက်ကပ်လို့။
လမ်းမကြီးရဲ့ ကုန်းဆင်းအတိုင်း ဆိုင်ကယ်ကို ဖရီးရိုက်လာခဲ့သည်။ အသံလုံးဝကြားလို့မဖြစ်။ မတ်လရဲ့ နွေခေါင်ခေါင်အောက်မှာ နှစ်ယောက်စလုံး ဟူဒီအင်္ကျီကို ခေါင်းစွပ်ပြီး မျက်နှာမှာလည်း Mask တပ်ထားသေးသည်။ ဒီအချိန်မှာ အရေးကြီးဆုံးက သူတို့ကို ဘယ်သူမှန်းမသိဖို့က အရေးကြီးဆုံးပင်။ ဘဏ်တစ်ခုကို ကျော်ဖြတ်လာသည်။ စီးတီးမတ်တစ်ခုကိုလည်း ထပ်ကျော်လာသည်။ အချို့ အနည်းအကျဉ်းသော လမ်းသွားလမ်းလာတွေက စူးစမ်းသလိုကြည့်ကြသည်။ သူတို့နှစ်ယောက်စလုံးလည်း ရင်တွေတော်တော်လေး ခုန်နေမိသည်။ နောက်ထပ် နှစ်မိနစ်လောက်နေတော့ သူတို့သွားချင်တဲ့ နေရာကို ရောက်ပြီ။
ဆိုင်ကယ်ကို ခြုံကြားထဲ ထိုးထည့်ပြီး ဇက်သော့ခတ်လိုက်သည်။ ခြေသံကိုလုံနိုင်သမျှလုံအောင် ချဉ်းကပ်သွားသည်။ အစိမ်းရောင်တာလပတ်ကြီးအုပ်ထားတဲ့အရှေ့မှာ လူနှစ်ယောက်ထိုင်နေသည်။
“ဘယ်လိုလုပ်မလဲ”
“ဒီအတိုင်းဆိုရင် အထဲဝင်ဖို့မလွယ်လောက်ဘူး”
အရှေ့က အစောင့်နှစ်ယောက်ရဲ့ လက်ထဲမှာ ဘာလက်နက်မှတော့မရှိ။ ပြဿနာက သူတို့က လေ့ကျင့်သားပြည့်ဝနေတဲ့ တိုက်ခိုက်ရေးသမားတွေလိုပဲ။ ဒီအစောင့်နှစ်ယောက်ကို ကျော်ြဖတ်ဖို့အတွက် သူတို့နှစ်ယောက်အနေနဲ့ ယှဉ်တိုက်ခိုက်နိုင်လိမ့်မယ် မထင်ဘူး။ နောက်တစ်မျိုးစဉ်းစားကြည့်တော့ ဒီအစောင့်နှစ်ယောက်ကို အာရုံပြောင်းသွားအောင်လုပ်ဖို့လိုသည်။ နှစ်ယောက်စလုံး ခြုံထဲက ဆိုင်ကယ်ဆီ အကြည့်တွေရောက်သွားသည်။ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်ရင်း ဘာလုပ်ရမလဲဆိုတာ နှစ်ယောက်စလုံးသိလိုက်ပြီ။
ဆိုင်ကယ်ကို ဂီယာနံပတ်ဝမ်းထိုးလိုက်သည်။ ဘရိတ်တုံးပေါ်မှာ အုတ်ခဲကျိုးတင်ထားကာ လီဗာကို အလယ်အလတ်လောက်ဆွဲထားပြီး ကြိုးနဲ့ချည်လိုက်သည်။ တစ်ယောက်က ဆိုင်ကယ်နောက်ကနေ ဟန်ချက်ထိန်းပြီး ကိုင်ထားကာ နောက်တစ်ယောက်က ဘရိတ်တုံးနားမှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဆိုင်ကယ်လီဗာသံကြောင့် တာလပတ်အစိမ်းရှေ့က အစောင့်နှစ်ယောက် ခေါင်းထောင်ကြည့်သည်။ အစောင့်နှစ်ယောက်ရှေ့မှာ ဓာတ်တိုင်တစ်တိုင်ရှိသည်။ ဆိုင်ကယ်ခေါင်းကို ဓာတ်တိုင်ဆီ တည့်တည့်မတ်မတ်ချိန်ရွယ်ထားကာ အသင့်အနေအထားပြင်လိုက်သည်။ ဒီအချိန်မှာ ဘာဟုဗလီကားတွေ၊ ဂျိန်းစ်ဘွန်း ကားတွေကြည့်ထားတာ အသုံးဝင်သွားသည်။
“တစ်….နှစ်…..သုံး..”
“ဝုန်း..”
“ဒုန်း..”
မောင်းသူမဲ့ဆိုင်ကယ်ကား အစောင့်နှစ်ယောက်ရှေ့က ဓာတ်တိုင်ဆီ တည့်တည့်မတ်မတ်ဝင်တိုက်သွားသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းသွားတော့ အစောင့်နှစ်ယောက် ကြက်သေသေသွားသည်။ ပြီးတော့ သတိဝင်သွားပြီး ဆိုင်ကယ်ဆီပြေးသွားကြည့်သည်။ အဲဒီတော့မှာ သူတို့နှစ်ယောက်သည် အူစိန်ဘော့ထက် လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ပြေးကာ တာလပတ်အစိမ်းအောက်ထဲကို ပြေးဝင်သွားတော့သည်။ အစောင့်နှစ်ယောက်ကား ဓာတ်တိုင်နှင့်ဝင်တိုက်မိနေသော မောင်းသူမဲ့ဆိုင်ကယ်နှင့် အလုပ်ရှုပ်နေတာကြောင့် သူတို့အထဲဝင်သွားတာကို မမြင်လိုက်။
အထဲရောက်တော့ အထဲမှာရှိနေတဲ့သူအားလုံးက အံ့အားသင့်သလို အကြည့်တွေနဲ့ သူတို့ကို ကြည့်နေကြသည်။ သူတို့ကလည်း တစ်ဆိုင်လုံးကို မျက်လုံးဝေ့ကြည့်ကာ လွတ်နေတဲ့ စားပွဲတစ်ခုမှာ ဝင်ထိုင်သည်။ လူတစ်ယောက်က ပြာပြာသလဲပြေးလာကာ အပြင်ပြန်ထွက်သွားရန်ပြော၏။ သူတို့ကလည်း ဒီအထဲထိရောက်လာပြီးမှာတော့ ဘယ်လိုမှ ပြန်ထွက်ဖို့မဖြစ်နိုင်တော့။
“ကျွန်တော်တို့ကို ဆယ့်ငါးမိနစ်ပဲ အချိန်ပေးပါ”
“ခင်ဗျားတို့ ကတိတည်မှာလား”
“စိတ်ချစမ်းပါ”
“ကဲ..ဒါဆို ဘာသောက်မှာလဲ ပြော ..”
“ကျဆိမ့်နှစ်ခွက် ဆေးလိပ်တစ်ပွဲ ..”
အထက်ပါ အဖြစ်အပျက်ကား အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်။ ကမ္ဘာ့သမိုင်းမှာ လက်ဖက်ရည်တစ်ခွက်ကို မှောင်ခိုသောက်ရတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါသည်။ အဲဒီခေတ်ကတော့ ကိုရိုနာဗိုင်းရတ်စ်ခေတ်ပဲ ဖြစ်ပေတော့သည်။ ။
ခြူသစ်မောင်
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။